အပူလျှပ်ခြင်းမဖြစ်စေရေး သတိပြုကာကွယ်နိုင်စေရန်
Posted_Date
Image

Body
အယ်လ်နီညို၏အကျိုးဆက်အဖြစ် ကမ္ဘာကြီးတွင် မကြုံစဖူး ပူနွေးလာလျက်ရှိသည်။မြန်မာနိုင်ငံ၏ယခုနွေရာသီကာလအပူချိန်မှာ ယခင်နှင့်မတူပိုမိုပူပြင်းမှုကို တွေ့ကြုံနေရသည်။
နေပူထဲမှ နေရိပ်ထဲသို့ ရုတ်ခြည်းဝင်ရောက်ခြင်း၊ ရေအေးသောက်ခြင်း၊ ရေချိုးခြင်း၊ အအေးခန်းတွင်းမှ ရုတ်တရက် ပူပြင်းသောနေပူထဲသို့ထွက်ခြင်းများကြောင့် လူ့ခန္ဓာကိုယ်တွင် အပူအအေး ရုတ်တရက်ပြင်းထန်စွာပြောင်းလဲမှုဖြစ်စဉ်များ ဖြစ်ပေါ်ခံစားရတတ်သည်။ ယင်းကို ဆေးသိပ္ပံနည်းအရ Heat Stroke (အပူဒဏ်ကြောင့်သတိလစ်ခြင်း) ဟုခေါ်၍ ဒေသအခေါ်အရ အပူလျှပ်သည်ဟု ဆိုကြသည်။
အပူလျှပ်ခြင်းဖြစ်ပါက အပူအအေး ရုတ်ခြည်းပြောင်းလဲသွားသည့်အတွက် အပူဒဏ်ကြောင့် ခန္ဓာကိုယ်ထဲရှိ သွေးကြောများ ကျယ်သွားခြင်း၊ အအေးဒဏ်ကြောင့် ခန္ဓာကိုယ်ထဲရှိ သွေးကြောများ ကျုံ့သွားခြင်း စသည့် သွေးစီးကြောင်းအကျဉ်းအကျယ်ဒဏ်ကိုခံစားရကာ သတိလစ်ခြင်းကိုဖြစ်စေသည်။ပြင်းထန်သောအခြေအနေတွင်သွေးကြောအကျဉ်းအကျယ်ဒဏ်ကို မခံစားနိုင်တော့ဘဲ သွေးကြောကြီးများ အက်ကွဲလာပြီး သွေးကြောငယ်လေးများ ပြတ်ထွက်သွားသည်အထိ ဖြစ်စေနိုင်သည်။
ထို့ပြင် အပူလျှပ်ခြင်းသည် မပေါ့ဆဘဲ အလေးထားဂရုစိုက်သင့်သည့် ကျန်းမာရေးဆိုင်ရာ ပြဿနာတစ်ခုဖြစ်ကာ တချို့သူများတွင် အပူလျှပ်ခြင်းဖြစ်ပေါ်သည့်အခါ ခန္ဓာကိုယ်အရေပြားသည် မီးကဲ့သို့ပူခြစ်ပြီး ချွေးလုံးဝမထွက်တော့ပေ။ ထိုအခြေအနေသည် အရေးပေါ်ကုသမှုခံယူရမည့်အခြေအနေဖြစ်ပြီး ကုသမှုခံယူရန် နှောင့်နှေးပါက ဦးနှောက်၊ အဆုတ်၊ နှလုံး၊ အသည်း၊ ကျောက်ကပ်နှင့် ကြွက်သားများကို ထိခိုက်ပျက်စီးစေကာ အသက်ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်သည်။
အပူဒဏ်အန္တရာယ်ကာကွယ်ရေး
နေ့အပူချိန်မြင့်တက်ခြင်းကြောင့် အပူလျှပ်ခြင်း၊ ကြွက်တက်ခြင်း၊ အားအင်ကုန်ခန်းခြင်း၊ မူးမေ့လဲကျခြင်း၊ မိတ်ထွက်ခြင်းတို့ဖြစ်တတ်သည်။ ထို့ပြင် အပူဒဏ်လွန်ကဲခြင်း၊ လေထုညစ်ညမ်းခြင်း၊ ရာသီဥတု ဖောက်ပြန်ခြင်းတို့ကြောင့် ပန်းနာ၊ ရင်ကျပ်၊ လေပြွန်ရောင်ခြင်းနှင့် အဆုတ်ရောင်ခြင်း စသည့်အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ဖြစ်တတ်သည်။ မျက်စိနာခြင်းနှင့် ဝမ်းပျက်၊ ဝမ်းလျှောခြင်းတို့လည်း ဖြစ်ပွားနိုင်သည်။
နွေရာသီတွင် ရာသီဥတုပူပြင်းလာပြီဖြစ်၍ ခန္ဓာကိုယ်အတွင်းရှိ ရေနှင့်ဓာတ်ဆားဓာတ်များ ဆုံးရှုံးမှုပိုမိုများပြားလာကာ အပူဒဏ်အန္တရာယ်ကြောင့် မိတ်နှင့်ယားနာဖုများထွက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်တက်ခြင်း၊ ချွေးခြောက်ခြင်း၊ ကိုယ်အပူချိန်မြင့်တက်ခြင်း၊ သတိလစ်ခြင်းတို့ကို ပြင်းထန်စွာခံစားရပါက အသက်အန္တရာယ်ထိခိုက်နိုင်သည်။
ထို့ကြောင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်သူများအနေဖြင့် အပူဒဏ်အန္တရာယ်ကြောင့် မလိုလားအပ်သောအကျိုးဆက်များ မဖြစ်ပေါ်စေရေးအတွက် အောက်ဖော်ပြပါအချက်အလက်များကို လိုက်နာကြရန် တိုက်တွန်းနှိုးဆော်ထားသည်။
- ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါအခံရှိသူများအနေဖြင့်နေ့လယ်နေ့ခင်း အချိန်တွင် အရိပ်ရအေးမြ၍ လေဝင်လေထွက်ကောင်းသောနေရာများတွင် နားနေပါ။
- ပူပြင်းသည့်နေရောင်အောက်တွင် ပြင်းထန်စွာအလုပ်လုပ်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းတို့ကိုရှောင်ကြဉ်ပါ။
- ပူပြင်းသည့်နေရောင်အောက်တွင် သွားလာလှုပ်ရှားရန်၊ အလုပ်လုပ်ရန် လိုအပ်ပါက အရိပ်လုံလောက်စွာရနိုင်သည့် ထီး၊ ဦးထုပ်များ ဆောင်းသွားပါ။ အရိပ်ရအေးမြသည့်နေရာများတွင် ခေတ္တအနားယူခြင်းကိုလည်း မကြာခဏ ပြုလုပ်ပါ။
- အလင်းပြန်သော အဖြူရောင် သို့မဟုတ် အရောင်ဖျော့သော ပွပွချောင်ချောင် ချည်ထည်များကိုဝတ်ဆင်ပါ။
-နေပူထဲမှပြန်လာပြီး ချက်ချင်းရေချိုးခြင်းနှင့်နံနက် ၁၀ နာရီမှညနေ ၅ နာရီအထိလွင်တီးခေါင်ပြင်၊ မြစ်ကမ်းနား၊ ရေချိုးဆိပ်များ၌ အဝတ်လျှော်ဖွပ်ခြင်း၊ ရေချိုးခြင်း စသည်တို့ကို ရှောင်ကြဉ်ပါ။
- အရက်သေစာသောက်သုံးခြင်းကြောင့်အပူဒဏ်အန္တရာယ်ကိုပိုမိုခံစားရစေနိုင်သဖြင့် အရက်သေစာသောက်သုံးခြင်းကို ရှောင်ကြဉ်ပါ။
- ခန္ဓာကိုယ်တွင်း ရေနှင့်ဓာတ်ဆားဓာတ်များ ဆုံးရှုံးမှုမဖြစ်ပေါ်စေရန် ရေနှင့်ဓာတ်ဆားရည်ကို လုံလောက်အောင်သောက်သုံးပါ။
-မိတ်နှင့်ယားနာဖုများထွက်ပါက ရေအေးဝတ်ကပ်ခြင်း၊ သနပ်ခါးလိမ်းခြင်းတို့ ပြုလုပ်ပါ။
-အပူဒဏ်အန္တရာယ်ခံစားရသောလူနာအားအရိပ်ရအေးမြ၍ လေဝင်လေထွက်ကောင်းသောနေရာတွင် ထားရှိခြင်း၊ ရေနှင့် ဓာတ်ဆားရည်များ သောက်သုံးစေခြင်း၊ လူနာ၏ခန္ဓာကိုယ်အပူချိန် အမြန်ကျဆင်းစေရန် နဖူး၊ လည်ပင်း၊ ချိုင်းကြားနှစ်ဖက်နှင့် ပေါင်ခြံနှစ်ဖက်တို့ကို ရေအေးဖတ်တိုက်ပေးခြင်း စသည်တို့အား ဦးစွာဆောင်ရွက်၍ နီးစပ်ရာဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဌာနသို့ အမြန်ဆုံးသွားရောက်ပြသ၍ ကုသမှုခံယူသင့်သည်။
အပူလျှပ်ခြင်းမဖြစ်စေရေး
အပူလျှပ်ခြင်းမဖြစ်စေရန် နေပြင်းချိန် အပြင်ထွက်ခြင်းမှ ရှောင်ကြဉ်သင့်သည်။ မလွှဲသာ၍ အပြင်ထွက်ရမည်ဆိုပါက အဆောင်း၊ အကာ၊ ထီး၊ဦးထုပ်၊ နေကာမျက်မှန်၊ သောက်ရေဘူးယူသွားပါ။ စောင့်ဆိုင်းရသောအလုပ်ဖြစ်လျှင် သစ်ပင်အရိပ်၊ အမိုးအကာအောက်တွင်စောင့်ပါ။ ရိုးရိုးရေသောက်ပါ။ ရေခဲရေမသောက်ပါနှင့်။ အဲကွန်းကားစီးပြီး နေပူရှိန်ပြင်းသောနေရာတွင်ဆင်းရမည်ဆိုပါက မဆင်းမီ ကြိုတင်ရေသောက်ထားပါ။
အပူဒဏ်ကိုရင်ဆိုင်ရာတွင်လူတို့၏ဇီဝကမ္မပြောင်းလဲမှုဖြစ်စဉ်များကို ထိန်းချုပ်နိုင်ရန် ရေက မရှိမဖြစ်လိုအပ်သည်။ အပူဒဏ်ကြောင့်တစ်နာရီကြာချွေးထွက်ခြင်းအတွက် သန့်ရှင်းသောသောက်ရေကိုတစ်လီတာခန့် သောက်သုံးပေးသင့်သည်။ ချွေးထွက်လွန်နေသော အရွယ်ရောက်ပြီးသူ လူတစ်ဦးအတွက် သန့်ရှင်းသောသောက်ရေငါးလီတာမှ ရှစ်လီတာခန့်ကို ဓာတ်ဆားရည်နှင့်ရော၍ သောက်သုံးပေးသင့်သည်။
အပူဒဏ်ခံရမှုကြောင့် ကိုယ်အပူချိန်ကျစေရန် ရေများများသောက်ခြင်း၊ ခန္ဓာကိုယ်တွင်းအပူငြိမ်း၍ အေးမြစေသောအစားအစာများဖြစ်သည့် နွားနို့၊ အုန်းစိမ်းရည်၊ ကြံရည်၊ ထန်းရည်ချို၊ ဖရဲသီး၊တလည်းသီး၊ သံပရာသီး၊ သခွားသီး၊ သခွားမွှေးသီး၊ ဘူးသီး၊ ပူဒီနာရွက်၊ မုန်လာဥအဖြူ စသည်တို့ကို စားပေးသင့်သည်။
အထူးသတိပြုရမည့်အချက်မှာHeat Stroke ခံစားနေရချိန်တွင် ဂက်စ်ပါသည့်အချိုရည်များ၊ အားဖြည့်အချိုရည်များ၊ အဖျော်ယမကာများနှင့် ရေခဲရေများ သောက်သုံးခြင်းကို အထူးရှောင်ကြဉ်ရမည်။ထို့ပြင် စိတ်ရောဂါအတွက် သောက်သုံးသောဆေးဝါးများ၊ ဆီးဆေးများနှင့် သွေးကျဲဆေးများကိုလည်း အလွန်ပူပြင်းသောရာသီဥတုတွင် သတိထားသုံးစွဲသင့်ပေသည်။
အပူဒဏ်ခံနိုင်အောင် ရေချိုးနည်း
အပူဒဏ်ကာကွယ်သည့်အနေဖြင့် အထက်ဖော်ပြပါအတိုင်း ကျန်းမာစွာ နေထိုင်စားသောက်ရမည့်အပြင် ရေချိုးနည်းမှန်ကန်ရန်လည်း အထူးအရေးကြီးပါသည်။ ခန္ဓာကိုယ်တစ်ခုလုံးကို တဖြည်းဖြည်းအေးစေခြင်းမျိုးဖြင့် ရေချိုးပါ။ ရေချိုးနည်းမှန်ကန်မှသာလျှင် Heat Stroke ကို ကာကွယ်နိုင်မည်ဖြစ်သည်။ အပူဒဏ်ခံနိုင်စေရန် ရေချိုးနည်းအဆင့်ဆင့်ကို အောက်ပါအတိုင်း အကြံပြုလိုပါသည်။
- အရိပ်ထဲတွင် ရေချိုးပါ။
- ရေမချိုးခင် သောက်ရေတစ်ဖန်ခွက်အပြည့်သောက်ပါ။
- ပြီးနောက် ဦးနှောက်ထဲရှိ အပူထိန်းအာရုံကြောနေရာများဖြစ်ကြသော ခြေထောက်အောက်ပိုင်း၊ လက်ဖျား၊ လက်မောင်း စသည့် သုံးနေရာမှ အာရုံကြောများကို အသိပေးနှိုးဆော်သည့်အနေဖြင့် ရေဆွတ်ကာ ပက်ဖျန်းပေးပါ။
- ပြီးမှ မျက်နှာသစ်ပါ။ တစ်ဆက်တည်းမှာပင် လည်ကုပ်နှင့်လည်ပင်းတို့ကိုရေဖြင့်ပက်ပေးပါ။
အထက်ပါနည်းအဆင့်ဆင့်အတိုင်း ရေဆက်ချိုးပါ။
အရေးပေါ်ရှေးဦးပြုစုနည်း
အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat Stroke) ဖြစ်ပေါ်နေသောသူတွင်အောက်ဖော်ပြပါရောဂါလက္ခဏာများ တွေ့ကြုံခံစားရနိုင်သည်။
- အရေပြားပူ၍ ခြောက်သွေ့ခြင်း သို့မဟုတ် ချွေးအလွန်အကျွံ ထွက်ခြင်း။
- စိတ်ရှုပ်ထွေးခြင်း။
- သတိလစ်ခြင်း။
- တက်ခြင်း။
- ခန္ဓာကိုယ်အပူချိန် အလွန်အကျွံမြင့်တက်ခြင်း စသည်တို့ဖြစ်သည်။
အထက်ပါ အပူဒဏ်လက္ခဏာများခံစားနေရသော လူနာအားတွေ့ရှိပါက-
- လူနာအား အရိပ်ရသောနေရာသို့ပို့ဆောင်ပါ သို့မဟုတ် အရိပ်ရအောင်ဆောင်ရွက်ပေးပါ။
- အေးမြသောနေရာ သို့မဟုတ် လေပန်ကာရှိသောနေရာ သို့မဟုတ်လေအေးပေးစက်ရှိသောအခန်းသို့ရွှေ့ပြောင်းပါ။
- လူနာ၏ခြေရင်းဘက်အားမြှင့်ထားပေး၍ ပက်လက်အနေအထားဖြင့်ထားပါ။
- လူနာ၏အဝတ်အစားများအား ချွတ်ပေးပါ။
- လူနာကောင်းစွာသတိရနေပါက ရေအေးအေး သို့မဟုတ် ဓာတ်ဆားရည်တိုက်ပေးပါ။
- လူနာ၏ကိုယ်ပေါ်သို့ ရေအေးအေးဖျန်းပေးပါ။
- လူနာ၏လည်ပင်း၊ ချိုင်းနှစ်ဖက်၊ ပေါင်ခြံနှစ်ဖက်တို့အား ရေအေး အေး သို့မဟုတ် ရေခဲစိမ်ထားသောအဝတ်များဖြင့် ရေဖတ်အုပ် ပေးပါ။
- လေပန်ကာရှိပါက လူနာအား ပန်ကာလေမှုတ်ပေးပါ သို့မဟုတ်ယပ်ခတ်ပေးပါ။
- အရေးပေါ်ရှေးဦးပြုစုခြင်းများဆောင်ရွက်ပြီးလျှင် ဆေးရုံ၊ ဆေးခန်း၊ ကျေးလက်ကျန်းမာရေးဌာနများသို့ အမြန်ဆုံးပို့ဆောင်၍ ကုသမှု ခံယူပါ။
လက်ရှိတွင် မိမိတို့နေထိုင်ရာရပ်ရွာဒေသများ၌ အပူချိန်မြင့်တက်ခြင်း၊ မိုးရွာသွန်းမှုနည်းပါးခြင်း၊ အပူလှိုင်းဖြတ်သန်းခြင်းတို့ တွေ့ကြုံနေရတတ်ပေရာ မိုးလေဝသသတင်းအချက်အလက်များကို စောင့်ကြည့်သတိပြုကာကျန်းမာရေးဝန်ကြီးဌာန၏နွေရာသီတွင် အပူဒဏ်ကာကွယ်ရေးကျန်းမာရေးဆိုင်ရာသတိပေးနှိုးဆော်ချက်များကိုသတိမူအပ်ပါကြောင်း အကြံပြုရေးသားလိုက်ရပါသည်။
Source: https://myawady.net.mm/stories