လောကဓံအား ဤသို့အောင်မြင်စွာရင်ဆိုင်ကျော်လွှားမည်

Posted_Date

Image

လောကဓံအား ဤသို့အောင်မြင်စွာရင်ဆိုင်ကျော်လွှားမည်

Body

ဘဝနှင့်လောကဓံတရား

ကျွန်ုပ်တို့သည် ဘဝခရီးကိုလျှောက်လှမ်းနေသူများဖြစ်ကြသည်။ ဘဝခရီးကိုလျှောက်လှမ်းရင်း လောကဓံတရားအမျိုးမျိုးကို မလွဲမသွေတွေ့ကြုံကြရမည်။ မြတ်ဗုဒ္ဓက   ကျွန်ုပ်တို့လူသားများတွေ့ကြုံရမည့်လောကဓံတရားရှစ်ပါးကို    ဟောကြားခဲ့သည်။ ယင်းတို့မှ   လာဘဟူသော   လာဘ်ပေါများခြင်း၊ အလာဘဟူသော လာဘ်နည်းပါးခြင်း၊ ယသဟူသော အခြွေအရံများခြင်း၊   အယသဟူသော  အခြွေအရံနည်းပါးခြင်း၊ နိန္ဒာဟူသော ကဲ့ရဲ့ခြင်း၊ ပသံသာဟူသောချီးမွမ်းခြင်း၊   သုခဟူသော ချမ်းသာခြင်း၊ ဒုက္ခဟူသော   ဆင်းရဲခြင်းတို့ဖြစ်ကြသည်။  ယခုကျွန်ုပ်တို့ခံစားနေရသော  မန္တလေးငလျင်ကြီးသည် ဒုက္ခဆင်းရဲခြင်းဟူသော လောကဓံတရားပင်ဖြစ်သည်။

ကျွန်ုပ်တို့၏တာဝန်နှစ်ရပ်

ကျွန်ုပ်တို့သည် ဘဝခရီးကိုလျှောက်လှမ်းရင်းလောကဓံတရားတစ်မျိုးမျိုး တွေ့ကြုံရသည့်အခါဆောင်ရွက်ရမည့်တာဝန်နှစ်ရပ်ရှိသည်။   ပထမတာဝန်မှာ  တွေ့ကြုံရသည့်လောကဓံတရားအပေါ် ယောနိသောမနသီကာရ မှန်ကန်စွာနှလုံးသွင်းပြီးရင့်ကျက်တည်ငြိမ်သောစိတ်အခြေအနေတစ်ရပ်တည်ဆောက်ရန်ဖြစ်သည်။    ဒုတိယတာဝန်မှာ ကြုံတွေ့ရသည့်လောကဓံတရားအား သတိ၊ ပညာ၊ဝီရိယဟူသော အားသုံးမျိုးဖြင့် ရင်ဆိုင်ဖြေရှင်းပြီးအဖိုးတန်ဘဝသင်ခန်းစာ၊ အတွေ့အကြုံ၊ ဗဟုသုတ၊ အသိ၊ သတိ  စသည့်ကောင်းကျိုးရလဒ်အမျိုးမျိုးကို  ထုတ်ယူရန်ဖြစ်သည်။  ဤတာဝန်နှစ်ရပ်ကိုမပျက်မကွက်ထမ်းဆောင်ပါက လောကဓံတရားတစ်မျိုးမျိုးနှင့်ကြုံတွေ့ပြီးသည့်အခါတိုင်း ကျွန်ုပ် တို့၏စိတ်ဓာတ်သည် ပိုမိုရင့်ကျက်တည်ငြိမ်လာမည်။  ကျွန်ုပ်တို့၏အတွေ့အကြုံ၊  ဗဟုသုတနှင့် အသိ၊ သတိ  အဆင့်အတန်းသည် ပိုမိုမြင့်မားလာမည်။ လောကဓံတရားက မည်သို့ပင်ဆိုးကျိုးပေးနေစေကာမူ အသိ၊ ပညာ၊ ဝီရိယဖြင့် ယင်းဆိုးကျိုးများကိုကောင်းကျိုးအဖြစ်သို့     ပြောင်းယူနိုင်မည်ဖြစ်သည်။

ယောနိသောမနသီကာရ

ယောနိသောမနသီကာရဆိုသည်မှာ ဘဝခရီးကိုဖြတ်သန်းရင်း   လောကဓံတရားတစ်မျိုးမျိုးကြုံတွေ့ရသည့်အခါ   ဗုဒ္ဓအဆုံးအမတရားများကိုနှလုံးသွင်းဆင်ခြင်သည်။ ဤသို့ဆင်ခြင်မှုကြောင့် ကြုံတွေ့နေရသည့်လောကဓံတရားနှင့်ပတ်သက်၍မှန်ကန်သောအသိဖြစ်ပေါ်လာသည်။ မှန်ကန်သောအသိကြောင့် မှန်ကန်သောအယူဖြစ်ပေါ်လာသည်။ မှန်ကန်သောအယူကြောင့် မှန်ကန်သောအတွေးဖြစ်ပေါ်လာသည်။    မှန်ကန်သောအတွေးကြောင့် ရင့်ကျက်တည်ငြိမ်သော  စိတ်အခြေအနေတစ်ရပ်ဖြစ်ပေါ်လာသည်။ ဤသဘောသည် ယောနိသောမနသီကာရ  မှန်ကန်စွာ နှလုံးသွင်းခြင်းသဘောဖြစ်သည်။ ဘဝခရီးတစ်လျှောက်လုံး လောကဓံတရားတစ်မျိုးမျိုးနှင့်တွေ့ကြုံရမည်ဖြစ်ရာ ကျွန်ုပ်တို့အစဉ်စွဲကိုင်ရမည့်တရားမှာ ယောနိသောမနသီကာရပင်ဖြစ်သည်။

လောကဓံထံမှကောင်းကျိုးရလဒ်များထုတ်ယူခြင်း

လောကဓံထံမှကောင်းကျိုးရလဒ်ထုတ်ယူခြင်းဆိုသည်မှာ တွေ့ကြုံလာရသောမည်သည့်လောကဓံတရားမျိုးကိုမဆို  မိမိ၏စိတ်ကို  အသိတရားဖြင့်ထိန်း၊ အရာရာကိုပညာဖြင့်ဆင်ခြင်ပြီး ဆောင်ရွက်သင့်၊  ဆောင်ရွက်ထိုက်သည်များကို မလျှော့သောဝီရိယဖြင့်ကြိုးပမ်းဆောင်ရွက်ပြီး  အောင်မြင်မှုရလဒ်အမျိုးမျိုးကို ဖော်ထုတ်ရယူခြင်းဖြစ်သည်။ တွေ့ကြုံနေရသောလောကဓံတရားကြောင့် အခြေအနေဆိုးအမျိုးမျိုးဖြစ်ပေါ်နေစေကာမူ ယင်းအခြေအနေဆိုးများကို အသိ၊ ပညာ၊ ဝီရိယဖြင့်ကိုင်တွယ်ဖြေရှင်းပြီး   အခြေအနေကောင်းများအဖြစ်သို့အောင်မြင်စွာပြောင်းလဲခြင်းဖြစ်သည်။ ဤသဘောသည် လောကဓံတရားထံမှကောင်းကျိုးရလဒ်များထုတ်ယူခြင်းသဘောဖြစ်သည်။

ကျွန်ုပ်တို့ခံစားခဲ့ရသည့်မန္တလေးငလျင်ကြီး

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်တွင် အင်အားပြင်းမန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့သည်။ ၎င်းငလျင်ကြီးလှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲငလျင်ငယ်များအကြိမ်ကြိမ်လှုပ်ခတ်ခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေ၊    ပဲခူးတိုင်းဒေသကြီးတို့တွင် ငလျင်ဒဏ်သင့်ခဲ့သည်။

ထိုသို့အင်အားပြင်းထန်စွာလှုပ်ခတ်ခဲ့မှုကြောင့်ပျက်စီးဆုံးရှုံးမှုများစွာလည်း ကြုံတွေ့ခဲ့ရသည်။

မန္တလေးငလျင်ကြီးအားမှန်ကန်စွာနှလုံးသွင်းမည်

မန္တလေးငလျင်ကြီးသည် သူ့သဘောသူဆောင်ကာ ကျွန်ုပ်တို့ထံရောက်လာပြီး ကြီးစွာသောထိခိုက်ဆုံးရှုံးမှုကို ဖြစ်ပေါ်စေခဲ့သည်။ မန္တလေးငလျင်ကြီးက ကျွန်ုပ်တို့အား  ဝမ်းနည်းပူဆွေးသောကအမျိုးမျိုးကိုပေးသော်လည်း ကျွန်ုပ်တို့ကလက်မခံပါ။ ဗုဒ္ဓအဆုံးအမတရားများဖြင့် ယောနိသောမနသီကာရ မှန်ကန်စွာနှလုံးသွင်းပြီး ဓမ္မအသိ၊ ဓမ္မသတိများကိုဖော်ထုတ်ကာ ရင့်ကျက်တည်ငြိမ်သော  စိတ်အခြေအနေတစ်ရပ်ကိုသာတည်ဆောက်မည်။ နှလုံးသွင်းဆင်ခြင်ရမည့် ဗုဒ္ဓအဆုံးအမတရားတော်များအနက် အောက်ဖော်ပြပါတရားတော်သုံးမျိုးကို ဖော်ပြလိုသည်-

လောကသည် အနတ္တအစိုးမရသည့်သဘော

လောကကြီးသည်  မိမိဖြစ်စေချင်သည့်အတိုင်းမဖြစ်ဘဲ သူဖြစ်ချင်သည့်အတိုင်းဖြစ်နေသည်။ထို့ကြောင့် လောကကြီးသည် အနတ္တအစိုးမရသည့်သဘောရှိသည်။  ဤသို့အစိုးမရသည့်သဘောကို ကျွန်ုပ်တို့ရှောင်လွှဲ၍မရပါ။  ယခုလှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးသည်  အနတ္တအစိုးမရဟူသောတရားသဘောအရ    ဖြစ်ပေါ်လာခြင်းဖြစ်သည်။ လောက၌ထာဝရတည်မြဲသောအရာဟူ၍မရှိ၊ ဖြစ်ချိန်တန်ဖြစ်ပြီး ပျက်ချိန်တန်လျှင် ပျက်ကြရမည်ဟု နှလုံးသွင်းဆင်ခြင်မည်။  ထို့နောက် အနတ္တအစိုးမရသောလောကကြီးတွင်    ရပ်တည်နေရသည်နှင့်အမျှကာလပတ်လုံး အချိန်တိုင်း အသိနှင့်သတိကြီးစွာထားနေရန်လိုအပ်သည်ဟူသောသင်ခန်းစာကို ကျွန်ုပ်တို့ဖော်ထုတ်ကြရမည်။

ပြုခဲ့သောကံ၏အကျိုးကိုရှောင်လွှဲ၍မရ

အကြင်သူသည်ကိုယ်ဖြင့်မကောင်းသောအမှုကိုပြု၏၊ နှုတ်ဖြင့်မကောင်းသောအမှုကိုပြု၏၊ စိတ်ဖြင့်မကောင်းသောအမှုကိုပြု၏၊ ဤမကောင်းသောကံသုံးပါး၏ဆိုးကျိုးသည် မခံစားရဘဲပျောက်ပျက်၍မသွား၊ ယင်းဆိုးကျိုးများကို ယခုဘဝ၌လည်းခံစားရ၏။ နောင်ဘဝ၌လည်းခံစားရ၏။   နောင်သံသရာအဆက်ဆက်၌လည်း ခံစားရ၏။ အကြင်သူသည်ကိုယ်ဖြင့်ကောင်းသောအမှုကိုပြု၏။ နှုတ်ဖြင့်ကောင်းသောအမှုကိုပြု၏။ စိတ်ဖြင့်ကောင်းသောအမှုကိုပြု၏။ ဤကောင်းသောကံသုံးပါး၏ အကျိုးသည်မခံစားရဘဲပျောက်ပျက်၍မသွား။ ယခုဘဝ၌လည်းခံစားရ၏၊ နောင်ဘဝ၌လည်း ခံစားရ၏။ နောင်သံသရာအဆက်ဆက်၌လည်း  ခံစားရ၏ဟုဗုဒ္ဓအဆုံးအမရှိ၏။   ဤအဆုံးအမကိုနှလုံးသွင်းပြီးယခုကဲ့သို့ငလျင်ဒဏ်ခံစားရခြင်းသည် အတိတ်ဘဝကကျွန်ုပ်တို့ပြုခဲ့ကြသော မကောင်းသောကံသုံးပါး၏ဆိုးကျိုးဖြစ်သည်ဟုဆင်ခြင်မည်။  ထို့နောက်မကောင်းသော ဆိုးကျိုးလောကဓံတရားမျိုး ထပ်မံမခံစားနိုင်စေရန်အတွက် မကောင်းသောကံသုံးပါးကိုလုံးဝမကျူးလွန်ဘဲကောင်းသောကံသုံးပါးကိုသာပြုမူမည်ဟု  ကျွန်ုပ်တို့   သင်ခန်းစာဖော်ထုတ်ကြရမည်။

ကပ်ကြီးသုံးပါးဖြစ်ရသည့်အကြောင်းရင်း

လူတို့ လောဘတရားကြီးမားလာသောအခါ ငတ်မွတ်ဘေးဟူသော  ဒုဗ္ဘိက္ခန္တရကပ်ကျရောက်သည်။  လူတို့ဒေါသတရားကြီးမားလာသောအခါ လက်နက်ဘေးဟူသော သတ္ထန္တရကပ်ကျရောက်သည်။  လူတို့မောဟတရားကြီးမားလာသောအခါ အနာရောဂါဘေးဟူသော ရောဂန္တရကပ်ကျရောက်သည်ဟူ၍ ဗုဒ္ဓအဆုံးအမရှိသည်။ ယခုကဲ့သို့ ငလျင်ဒဏ်သင့်ခြင်းသည် ကျွန်ုပ်တို့လောဘတရားကြီးမားနေကြသောကြောင့်ဖြစ်သည်ဟု နှလုံးသွင်းဆင်ခြင်မည်။ ထို့နောက် ဤကဲ့သို့ငလျင်ဒဏ်အပါအဝင်အခြားမည်သည့်ကပ်ကြီးမျိုးမှမကျရောက်စေရန်အတွက် စိတ်အတွင်းသို့ လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန စသည့်မကောင်းသောစိတ်များမဝင်စေဘဲ အလောဘ၊ အဒေါသ၊ အမောဟ၊ မေတ္တာကရုဏာ၊ မုဒိတာ စသည့်ကောင်းမှုကုသိုလ်စိတ်များကိုသာ ဝင်ရောက်နေစေရမည်ဟူသော   သင်ခန်းစာကို ကျွန်ုပ်တို့ဖော်ထုတ်ကြရမည်။

ငလျင်ဒဏ်ထံမှရလဒ်ကောင်းများထုတ်ယူခြင်း

လောက၌အခြေအနေဆိုးတစ်ရပ်ဖြစ်ပေါ်လာတိုင်းယင်းအခြေအနေဆိုးနှင့်အတူ အခြေအနေကောင်းများ ပူးတွဲဖြစ်ပေါ်နေလေ့ရှိသည်။ ယင်းအခြေအနေကောင်းများကို  သတိပညာဖြင့်  ဆင်ခြင်သုံးသပ်ဖော်ထုတ်ပြီး ဝီရိယရှိစွာ  အသုံးချပါက တွေ့ကြုံခံစားနေရသောအခြေအနေဆိုးများကို အောင်မြင်စွာဖြေရှင်းကျော်လွှားနိုင်သည်။ ဤသဘောအတိုင်းမန္တလေးငလျင်ဆိုးကြီးသည် ယင်းနှင့်အတူ အခြေအနေကောင်းများယူဆောင်လာခဲ့သည်။ ယင်းအခြေအနေကောင်းများကို နိုင်ငံတော်အစိုးရနှင့် နိုင်ငံတော်အကြီးအကဲများက သတိ၊ ပညာ၊  ဝီရိယကြီးစွာ၊ ထိရောက်မှန်ကန်စွာ အသုံးချနေမှုကြောင့် အမိနိုင်ငံအတွက် ရလဒ်ကောင်းများ၊ အခြေအနေကောင်းများဖြစ်ပေါ်လျက်ရှိသည်။ ယင်းသို့ဖြစ်ပေါ်နေသော ရလဒ်ကောင်း၊   အခြေအနေကောင်းများအနက် အဓိကအချက်လေးချက်ကို အောက်ပါခေါင်းစဉ်များဖြင့် ဖော်ပြလိုပါသည်-

ဓမ္မအသိနှင့်သတိပိုမိုမြင့်မားလာခြင်း

လှုပ်ခတ်ခဲ့သောမန္တလေးငလျင်ကြီးကြောင့်လောကကြီးသည်အနိစ္စအမြဲမရှိ၊ ဒုက္ခဆင်းရဲခြင်း၊အနတ္တအမြဲမရှိဟူသော    ဓမ္မအသိနှင့်သတိ  ပိုမိုမြင့်မားလာသည်။ လူသည်မိမိပြုသောကံနှင့်တူသော အကျိုးကိုမလွဲမသွေခံစားရသည်။ အကြောင်းတရားကောင်းမှသာ အကျိုးတရားကောင်းမည်ဆိုသည့် ဓမ္မအသိပိုမိုခိုင်မာလာသည်။    ကပ်ကြီးသုံးပါးမည် သည့်အတွက်ကြောင့်ဖြစ်ရသည်ကိုလည်းကောင်း၊မည်ကဲ့သို့ကာကွယ်တားဆီးနိုင်သည်ကိုလည်းကောင်းသိမြင်လာသည်။ တွေ့ကြုံရသော မည်သည့်လောကဓံတရားမျိုးကိုမဆို ရင့်ကျက်တည်ငြိမ်စွာ ရင်ဆိုင်ကျော်လွှားနိုင်သောနည်းမှာ ယောနိသောမနသီကာရ မှန်ကန်စွာနှလုံးသွင်းခြင်းပင်ဖြစ်သည်ဆိုသော ဓမ္မအသိပိုမိုမြင့်မားလာသည်။

အသိမှန်အမြင်မှန်များပိုမိုဖြစ်ပေါ်လာခြင်း

ယခုအခါ နိုင်ငံတော်အကြီးအကဲသည်  ငလျင်ဒဏ်သင့်ပြည်သူများနှင့်အတူရှိနေသည်။ ငလျင်ဒဏ်သင့်ပြည်သူများအတွက် အမြန်ဆုံးအရေးတယူဆောင်ရွက်ပေးရမည့် လုပ်ငန်းတာဝန်မှန်သမျှကို နေ့မအား ညမအား စွမ်းအားကုန်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ မြေပြင်ကွင်းဆင်းပြီး ကယ်ဆယ်ရေး၊ နေရာချထားရေး၊ ပြန်လည်ထူထောင်ရေး၊ စားရေး၊ ကျန်းမာရေး၊  ဆေးဝါးကုသရေးလုပ်ငန်းများကိုအရှိန်အဟုန်ဖြင့်ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့အတူ တပ်မတော်ကလည်း ငလျင်ဒဏ်သင့်ပြည်သူများ၏ ဒုက္ခအခက်အခဲ၊ အကျပ်အတည်းပေါင်းစုံကို ကူညီဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသည်။ ဤသို့ ငလျင်ဒဏ်သင့်ပြည်သူများနှင့်အတူရှိနေမှု၊   ဘေးဒုက္ခအကျပ်အတည်းများကို      ကိုယ်ချင်းစာနာစိတ်အပြည့်ဖြင့်  မျှဝေခံစားနေမှုတို့ကြောင့် နိုင်ငံတော်အစိုးရ၊ နိုင်ငံတော်အကြီးအကဲများ၊ တပ်မတော်၏ သဘောထားနှင့်စေတနာအမှန်ကို မိဘပြည်သူများကပိုမိုသိမြင်လာကြသည်။ 

စည်းလုံးညီညွတ်မှုစိတ်ဓာတ်မြင့်မားလာခြင်း

ယခုအခါ ငလျင်ဒဏ်သင့်ပြည်သူများကိုစေတနာ၊ သဒ္ဓါတရားထက်သန်သောစီးပွားရေးအသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊နိုင်ငံ့ဝန်ထမ်းများ၊ တစ်သီးပုဂ္ဂလအလှူရှင်များက ဝိုင်းဝန်းကူညီဖေးမလျက်ရှိသည်။  ဤသို့  ဒုက္ခနှင့်အကျပ်အတည်းပေါင်းစုံကြုံတွေ့နေရချိန်တွင်   ကရုဏာ၊ မေတ္တာ၊ အကြင်နာတရားတို့ဖြင့်  ကူညီဖေးမမှုတို့ကြောင့် ခံစားနေရသော ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာဖိစီးမှုများ အတိုင်းအတာတစ်ခုအထိလျော့ကျသွားခဲ့သည်။ နိုင်ငံသူ၊ နိုင်ငံသားအချင်းချင်းပိုမိုချစ်ခင်မြတ်နိုးလာကြသည်။  အချင်းချင်းအပြန်အလှန်အားကိုးယုံကြည်လာကြသည်။ ပိုမိုစည်းလုံးညီညွတ်လာကြသည်။ စည်းလုံးညီညွတ်ခြင်း၏အကျိုးအာနိသင်ကို လက်တွေ့သိမြင်လာကြသည်။ ဤသို့စည်းလုံးညီညွတ်နေမှသာ ဘေးအန္တရာယ်တစ်မျိုးမျိုးကျရောက်လာသည့်အခါတိုင်း အောင်မြင်စွာကျော်လွှားနိုင်မည်ဟူသောစည်းလုံးညီညွတ်ရေးစိတ်ဓာတ်မြင့်မားလာသည်။

နိုင်ငံတကာဆက်ဆံရေးပိုမိုအောင်မြင်လာခြင်း

ပြည်ပအင်အားစုအချို့က ကျွန်ုပ်တို့ အမိနိုင်ငံအား  ကမ္ဘာ့နိုင်ငံများ၏ ဝိုင်းပယ်ခြင်းကိုခံရသည့်နိုင်ငံ၊ အထီးကျန်နိုင်ငံအဖြစ်သို့ရောက်ရှိအောင် နည်းမျိုးစုံဖြင့် ကြိုးပမ်းနေကြသည်။ သို့သော် မတ်လ ၂၈ ရက်တွင်လှုပ်ခတ်ခဲ့သော  မန္တလေးငလျင်ကြီးက ယင်းပြည်ပအင်အားစုများ၏   ကြိုးပမ်းမှုများကို ရိုက်ချိုးပစ်ခဲ့သည်။  ငလျင်ဒဏ်သင့်သောကျွန်ုပ်တို့အမိနိုင်ငံအား ပြည်ပမိတ်ဆွေ ၁၆ နိုင်ငံမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ အချိန်တိုအတွင်း  အမြန်ရောက်ရှိခဲ့သည်။ ပြည်ပနိုင်ငံများမှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့အကြီးအကဲများနှင့်  လူပုဂ္ဂိုလ်  ၄၅  ဦးတို့ကလည်း ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့ကြသည်။ပြည်ပနိုင်ငံများ၊ အဖွဲ့အစည်းများ၊ အလှူ ရှင်များက အလှူငွေနှင့် အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းလျက်ရှိရာ ဧပြီလ ၁၈ ရက်နေ့နံနက် ၇ နာရီအထိ နိုင်ငံပေါင်း ၂၅ နိုင်ငံနှင့်ဟောင်ကောင်တို့မှ လေယာဉ် ၁၃၆ စင်း၊သင်္ဘောခြောက်စင်း၊ မော်တော်ယာဉ် ၂၃ စီး မြန်မာနိုင်ငံသို့ ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့်အတူရောက်ရှိခဲ့သည်။ ပြည်ပနိုင်ငံများမှ ကယ်ဆယ်ရေးဝန်ထမ်း ၁၉၇၅ ဦး၊ထောက်ပံ့ရေးပစ္စည်း ၂၃၃၂ ဒသမ ၉၈ တန်နှင့် ကယ်ဆယ်ရေးပစ္စည်း ၁၁၇၀ ဒသမ ၅၉ တန် စုစုပေါင်း ၃၅၀၃ ဒသမ ၅၇  တန်တို့ကျွန်ုပ်တို့အမိနိုင်ငံထံသို့ရောက်ရှိခဲ့သည်။ဤသို့ မိတ်ဆွေနိုင်ငံများ၏ဝန်းရံမှုများကိုလက်ခံရရှိခြင်းသည်   အမိနိုင်ငံအနေဖြင့် နိုင်ငံတကာဆက်ဆံရေးတွင် အတိုင်းအတာတစ်ခုအထိ အောင်မြင်နေခြင်းသဘောဖြစ်သည်။ မန္တလေးငလျင်ကြီးက မြန်မာနိုင်ငံသည် အထီးကျန်နိုင်ငံမဟုတ်ကြောင်း မိတ်ဆွေနိုင်ငံများ၏ဝန်းရံမှုကို ထိုက်တန်စွာရရှိထားသည့်နိုင်ငံဖြစ်ကြောင်းပြသခဲ့သည်။

အဆိုးထဲမှအကောင်း၊ အရှုံးထဲမှအမြတ်

မန္တလေးငလျင်ကြီးအား ကျွန်ုပ်တို့ အမိနိုင်ငံအနေဖြင့် ယောနိသောမနသီကာရမှန်ကန်စွာနှလုံးသွင်းဆင်ခြင်ပြီး သတိ၊ ပညာ၊ဝီရိယ စွမ်းအားသုံးမျိုးဖြင့် ရင်ဆိုင်ဖြေရှင်းခဲ့သည်။  ဤသို့ဖြေရှင်းမှုကြောင့် အဆိုးထဲမှအကောင်း၊    အရှုံးထဲမှအမြတ်ဆိုသကဲ့သို့ နိုင်ငံသားများ၏  ဓမ္မအသိနှင့် သတိမြင့်မားလာခြင်း၊ အသိမှန်၊    အမြင်မှန်များပိုမိုဖြစ်ပေါ်လာခြင်း၊ စည်းလုံးညီညွတ်မှုစိတ်ဓာတ်မြင့်မားလာခြင်း၊   နိုင်ငံတကာဆက်ဆံရေး   ပိုမိုအောင်မြင်လာခြင်း စသည့်အောင်မြင်မှုရလဒ်များရရှိခဲ့သည်။   

မန္တလေးငလျင်ကြီးက  ကျွန်ုပ်တို့အမိနိုင်ငံအား  ယိုင်လဲအောင်ပြုလုပ်ခဲ့သော်လည်းကျွန်ုပ်တို့အမိနိုင်ငံ ပိုမိုခိုင်မြဲလာခဲ့သည်။ အမိနိုင်ငံအား ကျိုးပျက်အောင်ချိုးဖျက်ခဲ့သော်လည်း ကျွန်ုပ်တို့အမိနိုင်ငံ တိုးတက်ခဲ့သည်။ ယောနိသောမနသီကာရနှင့်  သတိ၊ ပညာ၊ ဝီရိယ  စွမ်းအားသုံးမျိုးကြောင့် ဤသို့တိုးတက်ခဲ့ခြင်းဖြစ်သည်။ နောင်တွင်လည်း   ယခုမန္တလေးငလျင်ကြီးကဲ့သို့  ဆိုးဝါးသော  လောကဓံတရားမျိုးနှင့် တွေ့ကြုံကောင်းတွေ့ကြုံနိုင်သည်။  ဤသို့တွေ့ကြုံလာပါက မပျက်မကွက်ဆောင်ရွက်ရမည့်နည်းလမ်းမှာ   တွေ့ကြုံလာရသည့်  လောကဓံတရားအပေါ် ယောနိသောမနသီကာရမှန်ကန်စွာနှလုံးသွင်းဆင်ခြင်ပြီး   သတိ၊ပညာ၊ ဝီရိယဟူသော စွမ်းအားသုံးမျိုးဖြင့်  အောင်မြင်စွာရင်ဆိုင်ကျော်လွှားခြင်းသာဖြစ်ပါကြောင်း နိဂုံးချုပ်အနေဖြင့် တင်ပြ အပ်ပါသည်။   ။

Source: https://myawady.net.mm/stories