ဆီးသွားသည့်အခါ နာကျင်မှုသက်သာစေသောနည်းလမ်းများ
Posted_Date
Image

Body
ဆီးသွားတဲ့အခါ နာကျင်မှု ဒါမှမဟုတ် ပူလောင်မှုခံစားရတာကို ဆီးသွားတဲ့အခါနာကျင်မှု (Dysuria) လို့ခေါ်ပါတယ်။ အဲဒီနာကျင်မှုက ရောဂါကြီးမဟုတ်ဘဲ ဆီးလမ်းကြောင်း ဒါမှမဟုတ် ဆီးလမ်းကြောင်း နဲ့ဆက်စပ်သက်ဆိုင်တဲ့လက္ခဏာတစ်ခုပဲဖြစ်တယ်။ ဥပမာ-အမျိုးသမီး တွေမှာ ဆီးလမ်းကြောင်းပိုးဝင်တာ(UTI)ကြောင့် Dysuria ဖြစ်နိုင်ပြီး အမျိုးသားတွေမှာ ဆီးကျိတ်ရောင်တာ (Prostatitis) ဒါမှမဟုတ် ဆီးပြွန် ရောင်တာ (Urethritis) ကြောင့်ဖြစ်နိုင်တယ်။ ဆီးသွားတဲ့အခါနာကျင်မှု (Dysuria)ဖြစ်စေတဲ့ တခြားအကြောင်းရင်းတွေက ကျောက်ကပ်ကျောက် တည်တာ၊ မိန်းမကိုယ်မှိုစွဲတာ၊ လိင်ကတစ်ဆင့်ကူးစက်တဲ့ရောဂါတွေ၊ သန့်ရှင်းမှုအားနည်းတာနဲ့ ရေသောက်နည်းတာတွေကြောင့်ဖြစ်ပါ တယ်။ Dysuria ရဲ့အကြောင်းကိုသိရှိဖို့နဲ့ ကုသမှုခံယူဖို့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ဒါ့ပြင် အကောင်းဆုံးအိမ်တွင်းနည်းလမ်း တချို့ကိုလည်း သိရှိလိုက်နာနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။
ရေများများသောက်သင့်ပါတယ်။ ရေဓာတ်ခန်းခြောက်တာက Dysuria ဖြစ်စေတဲ့ အဓိကအကြောင်းရင်းတစ်ခုဖြစ်တယ်။ ဒါကြောင့် ရေများများ သောက်တာက ဆီးသွားတဲ့အခါ နာကျင်မှုသက်သာစေနိုင်ပါတယ်။ဗက်တီးရီးယားပိုးဝင်တာကြောင့် Dysuria ဖြစ်နေရင်လည်း ရေများများသောက်တာက ဆီးအိမ်နဲ့ဆီးပြွန်ထဲကပိုးမွှားတွေကို ဆေးကြောပေးနိုင်ပါတယ်။
အုန်းရည်လတ်လတ်ဆတ်ဆတ်သောက်သင့်ပါတယ်။ အုန်းရည်က လန်းဆန်းပြီး ချိုမြိန်တဲ့အရသာရှိတာကြောင့် Dysuria ကိုသက်သာစေနိုင်ပါတယ်။ ရာစုနှစ်တွေကတည်းက ဆီးလမ်းကြောင်းနဲ့ကျောက်ကပ်ဆိုင်ရာပြဿနာတွေအတွက် ရိုးရာဆေးပညာရှင်တွေက အုန်းရည်သောက်ဖို့ အကြုံပြုခဲ့ကြပါတယ်။ တစ်ရက်ကို အုန်းရည်နှစ်ခွက်လောက် သောက်ပေးရင် Dysuria ကို မြန်မြန်သက်သာစေနိုင်ပါတယ်။
ပန်းသီးရှလကာရည်ကိုရေနဲ့ရောပြီး သောက်သင့်ပါတယ်။ ပန်းသီး ရှလကာရည်မှာ ဗက်တီးရီးယားပိုးတွေကို သေစေနိုင်တဲ့အာနိသင်ရှိ ပါတယ်။ ဒါ့ပြင် ဗက်တီးရီးယားပိုးဝင်တာကြောင့် Dysuria ဖြစ်နေရင် သက်သာနိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့စံပမာဏကို ပြန်လည်ထိန်းညှိပေး ပြီး ပိုးမွှားတွေမပြန့်ပွားအောင် ကာကွယ်ပေးပါတယ်။ ပန်းသီးရှလကာ ရည်တစ်ဇွန်းကို တစ်ရက်နှစ်ကြိမ် သောက်ပေးသင့်ပါတယ်။
မုန်လာဥနီဖျော်ရည်သောက်သင့်ပါတယ်။ မုန်လာဥနီက ဗီတာမင်-A ကြွယ်ဝတာကြောင့် မျက်စိအတွက်ကောင်းတယ်ဆိုတာ လူတိုင်း သိကြပါတယ်။ ဒါ့ပြင် မုန်လာဥနီဖျော်ရည်သောက်တာက Dysuria အတွက်လည်း ထိရောက်မှုရှိစေပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဖျော်ရည်က ခန္ဓာကိုယ်ရဲ့စံပမာဏကိုထိန်းညှိပေးပြီး ဗက်တီးရီးယား တွေကိုတိုက်ဖျက်ပေးနိုင်တဲ့အပြင် ကိုယ်ခံအားစနစ်ကိုလည်း မြှင့်တင် ပေးပါတယ်။
ဒိန်ချဉ်နေ့စဉ်စားသင့်ပါတယ်။ ဒိန်ချဉ်မှာ အူထဲကမကောင်းတဲ့ပိုးမွှား တွေကို ထိန်းချုပ်ပေးနိုင်တဲ့ ကောင်းတဲ့ဗက်တီးရီးယားပိုးတွေ ဘီလီယံ ချီ ပါဝင်ပါတယ်။ ဒိန်ချဉ်ကို တစ်နေ့နှစ်ကြိမ်သောက်ပေးတာက ဗက်တီး ရီးယားပိုးဝင်ခြင်းကြောင့် ဆီးသွားတဲ့အခါ နာကျင်တာကိုသက်သာစေ နိုင်ပါတယ်။ ဒိန်ချဉ်သောက်တဲ့အခါ သကြားမပါတဲ့ဒိန်ချဉ်ကို ရွေးချယ် သောက်သုံးသင့်ပါတယ်။
လေးညှင်းဆီ အသုံးပြုပေးနိုင်ပါတယ်။ လေးညှင်းဆီက အူလမ်းကြောင်းရှိ ကပ်ပါးပိုးတွေနဲ့ ကင်ဒီဒါ(Candida) မှိုပိုးတွေကို တိုက်ဖျက် ပေးနိုင်တယ်လို့ လူသိများပါတယ်။ သုတေသနတွေအရလည်း လေးညှင်းဆီက ဗက်တီးရီးယားပိုးတွေကို တားဆီးနိုင်စွမ်းရှိပြီး ကိုယ်ခံအား စနစ်ကို မြှင့်တင်ပေးနိုင်ပါတယ်။ လေးညှင်းဆီမှာ အဓိကပါဝင်တဲ့ ယူဂျီနော(Eugenol) ဒြပ်ပေါင်းက ရောင်ရမ်းမှုကိုလျော့ကျစေပြီး မှိုနဲ့ ဗက်တီးရီးယားပိုးတွေကို တိုက်ဖျက်နိုင်တဲ့ အာနိသင်တွေရှိပါတယ်။
သံပရာရည်လတ်လတ်ဆတ်ဆတ်ကို သောက်သင့်ပါတယ်။ သံပရာရည်က အချဉ်ဓာတ်ရှိပေမယ့် ခန္ဓာကိုယ်ထဲရောက်သွားရင် အယ်လ်ကာလီဓာတ်ကို မြှင့်တင်ပေးပါတယ်။ ဒါကြောင့် ရေနွေးနွေးတစ်ခွက်ထဲကို သံပရာရည်ညှစ်ထည့်ပြီးသောက်တာက ခန္ဓာကိုယ်ရဲ့စံပမာဏကိုပုံမှန် ဖြစ်စေပြီး Dysuria ဖြစ်စေတဲ့ ဗက်တီးရီးယားပိုးတွေမပွားနိုင်အောင် ကာကွယ်ပေးပါတယ်။
ဖာလာစေ့ကို အသက်ရှူလမ်းကြောင်းဆိုင်ရာလန်းဆန်းစေဖို့၊ အစာခြေစနစ်ကိုကူညီဖို့နဲ့ သွေးလှည့်ပတ်မှုကောင်းမွန်ဖို့ အသုံးပြုကြပါတယ်။ ဆီးရွှင်စေတဲ့အာနိသင်ရှိပြီး ခန္ဓာကိုယ်က အဆိပ်အတောက်တွေနဲ့ ရေဓာတ်ကိုဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့ပြင် သုတေသနတွေအရ ဗက်တီးရီးယားပိုးတချို့ကိုလည်း သေစေနိုင်တယ်လို့သိရပါတယ်။ ဖာလာစေ့ အမှုန့်တစ်ဇွန်းကို နွားနို့တစ်ခွက်နဲ့ရောစပ်ပြီး ညတိုင်းအိပ်ရာမဝင်မီသောက်သုံးနိုင်ပါတယ်။ အရသာကောင်းအောင် ပျားရည်အနည်းငယ်ထည့်ပြီး သောက်နိုင်ပါတယ်။
သခွားသီးစားတာ ဒါမှမဟုတ် သခွားသီးဖျော်ရည်သောက်ပေးသင့်ပါတယ်။ သခွားသီးက ဆီးသွားရင်နာကျင်တာ ဒါမှမဟုတ် ပူလောင်တာကို သက်သာစေနိုင်ပါတယ်။ သခွားသီးမှာ ဆီးရွှင်စေတဲ့အာနိသင်ရှိတာကြောင့် ဆီးသွားတာကိုများစေပြီး ဗက်တီးရီးယားပိုးတွေကို ဆေးကြောပေးနိုင်ပါတယ်။ သခွားသီးကိုခြေပြီး အရည်ညှစ်ယူကာ ရလာတဲ့အရည်ကို တစ်ရက်နှစ်ကြိမ်သောက်ပေးပါက Dysuria ကို ချက်ချင်းသက်သာစေနိုင်ပါတယ်။
တစ်ရက်ကို ချင်းလက်ဖက်ရည် တစ်ခွက်ကနေနှစ်ခွက်အထိ သောက်သင့်ပါတယ်။ ချင်းက ဟင်းလျာတွေကို အရသာပိုကောင်းစေရုံသာမက ဗက်တီးရီးယားပိုးဝင်တာနဲ့ ရောင်ရမ်းမှုတွေအတွက်လည်း ထိရောက်တဲ့အိမ်တွင်းကုထုံးတစ်ခုဖြစ်ပါတယ်။ ချင်းမှာ အားကောင်းတဲ့ပိုးသတ် နိုင်စွမ်းနဲ့ ရောင်ရမ်းမှုကိုသက်သာစေတဲ့ အာနိသင်တွေရှိပါတယ်။ တစ်ရက်ကို ချင်းလက်ဖက်ရည်(၁-၂)ခွက်သောက်တာက Dysuria ကို သက်သာစေပါတယ်။
ဆီးသွားရင်နာကျင်ခြင်း(Dysuria)က အမျိုးသားတွေထက် ဆီးလမ်းကြောင်းတိုတဲ့အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ အမျိုးသားတွေ အနေနဲ့လည်း အသက်ကြီးသူတွေက အသက်ငယ်သူတွေထက် ပိုပြီးအဖြစ်များပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ဆီးချိုဝေဒနာရှင်တွေနဲ့ဆီးအိမ်ရောဂါရှိသူတွေက ဆီးသွားရင်နာကျင်တာကို အရင်ဆုံးခံစားရ သူများဖြစ်ကြပါတယ်။
ရောဂါလက္ခဏာတွေအနေနဲ့ အမျိုးသားရော အမျိုးသမီးပါ ဆီးသွားရင် ပူစပ်ပူလောင်ဖြစ်ခြင်း၊ နာကျင်ခြင်း၊ ယားယံခြင်းတို့ကို ခံစားရလေ့ ရှိပါတယ်။ တချို့သူတွေမှာ ဆီးစွန့်ရာထွက်ပေါက်မှ နာကျင်မှုမျိုးလည်း ရှိတတ်ကြပါတယ်။ တချို့မှာ ခန္ဓာကိုယ်အတွင်းပိုင်းနဲ့ ဆီးအိမ်၊ ဆီး ကျိတ်တို့တည်ရှိရာနေရာမှာ နာကျင်တတ်ပါတယ်။ ရောဂါဖြစ်ပွားစဉ် ကာလအတွင်း လူနာက ဆီးခဏခဏသွားလိုခြင်းကို ခံစားရပါတယ်။
ဆီးကုန်အောင်မသွားနိုင်တဲ့အခါ ဆီးအိမ်ထဲအနည်အမှုန်များ စုပုံ ပြီး ကျောက်တည်လာတတ်ပါတယ်။ အဲဒီကျောက်တွေက ဆီးလမ်း ကြောင်းပိတ်ဆို့စေပြီး ဆီးကျင်တာကို ခံစားရစေပါတယ်။ ဆီးအိမ် ရောင်ရမ်းခြင်း၊ ဆီးစွန့်ပြွန်မှတစ်ဆင့် ဗက်တီးရီးယားပိုးဝင်ရောက်ပြီး ဆီးအိမ်ရောင်ရမ်းခြင်းဖြစ်တတ်ပါတယ်။
အမျိုးသားတွေမှာ ဆီးကျိတ်ရောဂါပိုးဝင်တဲ့အခါ ရောင်ရမ်းခြင်းဖြစ်ပြီး နာကျင်ခြင်း၊ ဆီးသွားရခက်ခြင်းတို့ ဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေမှာ မိန်းမကိုယ်ရောင်ရမ်းခြင်း၊ ဆီးစွန့်ပြွန်ရောင်ခြင်း၊ ကျောက်ကပ်ရောဂါ ပိုးဝင်ခြင်း စတာတို့ဖြစ်တတ်ပါတယ်။
မသက်သာရင် ဆီးပိုးမွေးပြီး ပဋိဇီဝဆေး(Antibiotics)ကျွေးသင့်ပါ တယ်။ လူကြီး အမောက်ဆလင် (Amoxicillin 500Mg) တစ်ရက်နှစ်ကြိမ် (၅-၇)ရက် ဒါမှမဟုတ် စီပရိုဖလောက်ဆင် (Ciprofloxacin 500Mg BD) (၅-၇) ရက် သောက်နိုင်ပါတယ်။ ဂျင်တာမိုင်ဆင် (I/m Gentami-cin) ထိုးဆေးကို အစားအသောက်စားပြီး တစ်နေ့နှစ်ကြိမ် (၅-၇)ရက် ထိုးနှံနိုင်ပါတယ်။ ယင်းမှာ Gonorrhoea ပိုးအတွက် ထိုးနှံခြင်းဖြစ်ပါကြောင်း ရေးသားလိုက်ရပါတယ်။ ။
Source: https://myawady.net.mm/stories