နွေရာသီမှာ တွေ့ကြုံနိုင်သော ကျန်းမာရေးပြဿနာများ
Posted_Date
Image

Body
နွေရာသီက အရင်နှစ်တွေထက် တစ်နှစ်ထက်တစ်နှစ် ပိုပြီးအပူရှိန်ပြင်းလာပါတယ်။ နွေရာသီမှာ အပူရှိန်ပြင်းလွန်းတာကြောင့် ကျန်းမာရေးပြဿနာတွေလည်း အများကြီးဖြစ်ပေါ်နိုင်ပါတယ်။
အခုလိုရာသီမှာ အပူရှိန်ကြောင့်ဖြစ်တဲ့ ကျန်းမာရေးပြဿနာတွေနဲ့ ခန္ဓာကိုယ်ရဲ့အပူချိန်ထိန်းသိမ်းတဲ့စနစ်ကို သိရှိဖို့လိုပါ တယ်။
ပတ်ဝန်းကျင်အပူချိန်ကို (Environ-mental Temperature) လို့မှတ်ပြီး ခန္ဓာကိုယ်အတွင်းပိုင်းရဲ့အပူချိန်ကို (T.core- Body care temperature)လို့ မှတ်ယူပါ တယ်။ အဆိုပါ T.core ကို ၃၇ ဒီဂရီစင်တီ ဂရိတ်မှာငြိမ်နေအောင် ထိန်းသိမ်းထားနိုင်ရပါမယ်။ ပတ်ဝန်းကျင်အပူရှိန်တက်လာလေ T.core ကို ၃၇ ဒီဂရီစင်တီဂရိတ်ဖြစ် အောင် ခန္ဓာကိုယ်က ကြိုးစားရလေဖြစ်ပါတယ်။ အဲဒီတာဝန်ကို ဦးနှောက်ထဲက ဟိုက်ပိုသဲလမတ် (Hypothalamus) အစိတ်အပိုင်းတစ်ခုက လုပ်ဆောင်ပေးပါ တယ်။ ခန္ဓာကိုယ်အပူချိန် ၃၂ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ကျော်လာတာနဲ့ ခန္ဓာ ကိုယ်က ချွေးထွက်လာပါတယ်။ အဲဒီအခါ အပူတွေထွက်အောင် လုပ်ပေးပြီး T.core ကို ထိန်းထားနိုင်ရပါတယ်။ အဲဒီလိုမလုပ် ပေးနိုင်ရင် T.core အလွန်အကျွံတက်လာ ပြီး ခန္ဓာကိုယ်ရဲ့ အင်ဇိုင်း (Enzymes) စနစ်တွေ ပျက်စီးသွားပါလိမ့်မယ်။ နောက်ဆက်တွဲအနေနဲ့ အပူကြောင့်လေဖြတ် ခြင်း (Heat stroke) လို့ခေါ်တဲ့ အခြေအနေဆိုးနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။
နွေရာသီမှာ ပူပြင်းလွန်းတာကြောင့် ခံစားရတဲ့ ကျန်းမာရေးပြဿနာတွေကို အပူကြောင့်မိတ်ပေါက်ခြင်း၊ အပူကြောင့် ကြွက်တက်ခြင်း၊ အပူကြောင့်ဖျားခြင်းနဲ့ အပူကြောင့်လေဖြတ်ခြင်းဆိုပြီး လေးမျိုး ခွဲခြားနိုင်ပါတယ်။
အပူကြောင့် မိတ်ပေါက်ခြင်းက ချွေးထွက်တဲ့ဂလင်းတွေပိတ်ကုန်ပြီး အဖုအပိမ့်တွေက အင်ပျဉ်ထွက်သလိုထွက်လာတတ်တာမျိုးဖြစ်ပါတယ်။
အပူကြောင့် ကြွက်တတ်ခြင်းက ပူအိုက်တဲ့ရာသီဥတုမှာကိုယ်လက်လှုပ်ရှားမှု ပြင်းပြင်းထန်ထန်လုပ်မိတဲ့အခါ ကြွက်သားတွေ၊ ခြေသလုံးကြွက်သားတွေ နာကျင်ကိုက်ခဲတာမျိုးကို ခေါ်ပါတယ်။ ဆုံးရှုံးသွားတဲ့ ဓာတ်ဆားနဲ့ရေကို ပြန်ဖြည့်တဲ့အခါမျိုးမှာလည်း ဆားဓာတ်ထက် ရေဓာတ်ကိုပိုဖြည့်မိတဲ့အခါ၊ ချွေးထွက်များတဲ့အခါ၊ ဓာတ်ဆားရည်မသောက်ဘဲ ရေပဲသောက်နေမိတဲ့အခါမျိုးတွေမှာ ဖြစ်တတ်ပါတယ်။ အဲဒီအခြေအနေမှာ T.core က မတက်သေးဘဲ ပုံမှန်ထိန်းသိမ်းထားပါ သေးတယ်။
အပူကြောင့်ဖျားခြင်း ဆိုတာကတော့ T.core က ၃၇ ဒီဂရီစင်တီဂရိတ်ထက်ကျော်လာပြီး ကြွက်သားတွေနာကျင် ကိုက်ခဲတာ၊ နုံးခွေနေတာ၊ ခြေလက်မသယ်ချင်ဖြစ်တာ၊ မူးဝေတာနဲ့ သတိလစ်တာတွေတွဲဖြစ်လာတာမျိုးကို ခေါ်ပါ တယ်။ အဲဒီအခြေအနေရောက်ပြီဆိုရင် အဆိုးဆုံးအခြေအနေဖြစ်တဲ့ အပူကြောင့် လေဖြတ်ခြင်းဖြစ်ဖို့ အခွင့်အလမ်းအရမ်းများနေပြီဖြစ်တဲ့အတွက် မြန်မြန်ဆန်ဆန် ကုသဖို့ လိုအပ်ပါတယ်။ ဖြစ်နိုင်ရင် ပတ်ဝန်းကျင်အပူရှိန်ကို မြန်မြန်ချပေးရပါမယ်။ လေအေးပေးစက်တပ်ဆင် ထားတဲ့အခန်းထဲမှာနေဖို့ လိုအပ်ပါတယ်။ ရေဖတ်ရွှဲနစ်နေအောင်တိုက်တာ၊ ပန်ကာ ဖွင့်ထားတာ စတဲ့နည်းလမ်းတွေနဲ့ အပူကျ အောင် လုပ်ပေးသင့်ပါတယ်။
ကိုယ်အပူချိန်ကြီးစေတဲ့ တခြားအကြောင်းရင်းတွေ ရှိပါတယ်။ ဥပမာ-ငှက်ဖျား၊ တိုက်ဖွိုက်၊ သိုင်းရွိုက် ရောဂါတွေနဲ့ သွေးဆိပ်တက်တာတွေ ဖြစ်ပါတယ်။ ရေနဲ့ဓာတ်ဆား ဆုံးရှုံးမှုများတဲ့အတွက် ဓာတ်ဆားရည် တိုက်ပေးရပါမယ်။ အနည်းဆုံး ဓာတ်ဆားရည် ၅ လီတာ ဝင်အောင်တိုက်ဖို့လိုပါတယ်။ ဆရာဝန်နဲ့ သူနာပြုဆရာမတွေက လိုအပ်သလို ဆက်လက် ဆောင်ရွက်ပေးရပါမယ်။ သိပ်လိုအပ်ရင် အကြောထဲကနေ Drip သွင်း ပေးရတာမျိုးတွေ ရှိတဲ့အတွက် နီးစပ်ရာ ကျန်းမာရေးဌာန၊ ဆေးရုံ၊ ဆေးခန်းတွေနဲ့ အမြန်ဆက်သွယ်ပြီး ဆောင်ရွက်မှသာ အသက်အန္တရာယ်ကင်းဝေးနိုင်မှာ ဖြစ်ပါတယ်။
အကယ်၍ T.core က ၄၁ ဒီဂရီစင်တီဂရိတ်ထက် ကျော်သွားပြီဆိုရင်တော့ အသက်ဆုံးရှုံးဖို့ လက်တစ်ကမ်းအလိုသာ ရှိတော့တဲ့ အပူလျှပ်ခြင်းလို့ခေါ်တဲ့ အခြေအနေကို ရောက်နေပါပြီ။ အထက်မှာ ဖော်ပြခဲ့တဲ့ လက္ခဏာတွေအပြင် ကယောင်ကတမ်းပြောခြင်း၊ စိတ်ဂနာမငြိမ်ဖြစ်ခြင်း၊ တက်ခြင်း၊ ကိုမာလို့ခေါ်တဲ့ အခြေအနေနဲ့ နေထိုင်သွားရတတ်ပါတယ်။
အပူလျှပ်ခြင်း ဖြစ်နိုင်ခြေများသူတွေကတော့ အသက်အရွယ်ကြီးသူတွေ၊ ဆီးချို ဝေဒနာရှင်တွေ၊ အရက်သေစာသောက် သုံးသူတွေ၊ စိတ်ကျန်းမာရေးဆိုင်ရာ ဆေးသောက်နေရသူတွေ၊ ဆီးဆေးသောက်နေ ရသူတွေနဲ့ အရမ်းပူတဲ့အချိန်မှာ အဝတ် အစားထူထူဝတ်ပြီး အားကစားလေ့ကျင့် ခန်းလုပ်မိသူတွေ၊ အရမ်းပူတဲ့အချိန်မှာ အကာအကွယ်မဲ့ အပြင်ထွက်သူတွေမှာ ပိုဖြစ်လေ့ ရှိပါတယ်။
ကုသမှုအပိုင်းအနေနဲ့ အတွင်းလူနာအဖြစ် အရေးပေါ်ကြပ်မတ် ကုသခန်းမှာ စနစ်တကျကုသမှုခံယူဖို့ လိုအပ်ပါတယ်။
T.core ၄၁ ဒီဂရီစင်တီဂရိတ်ထက် ကျော် နေတာတောင်မှ အချိန်မီကုသမှုခံယူနိုင်ရင် ပြန်ကောင်းလာနိုင်ပါတယ်။ ဒါကြောင့် အရေးကြီးဆုံးက အချိန်မီဆေးရုံရောက်ရှိဖို့ ဖြစ်ပါတယ်။
အပူချိန်အပြင် ကာကွယ်မှုအပိုင်းကတော့ အပူကြောင့်ဖြစ်ပေါ်တတ်တဲ့ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုလက္ခဏာတွေကို သိရှိနားလည်ထားဖို့ လိုပါတယ်။ အခြေခံအနေ နဲ့ အလွယ်တကူနားလည်လွယ်ခြင်းလို့ခေါ်တဲ့ နေပူထဲထွက်ရင် ထီး၊ ဦးထုပ်ဆောင်းရမယ်ဆိုတာမျိုး၊ ပွပွချောင်ချောင် အဝတ်အထည်တွေ ဝတ်ဆင်တာမျိုး၊ အရိပ်ထဲနေရမယ် ဆိုတာမျိုး၊ ချွေးထွက်များရင် ဓာတ်ဆားရည်သောက်ပေးရမယ် ဆိုတာမျိုး၊ မိတ်ဖုထွက်လာရင် အေးနေ အောင်ထားရမယ်ဆိုတာမျိုး၊ ပျစ်ချွဲစေး ကပ်နေတဲ့ခရင်မ်တွေ မလိမ်းရတာမျိုး စတဲ့နားလည်လွယ်ခြင်းမျိုးတွေ သိရှိဖို့လိုပါတယ်။
အရေးကြီးဆုံးက အချိန်မီကုသစီမံ ခြင်း(Timely Managements) လို့ခေါ်တဲ့အချိန်မီကုထုံးရနိုင်ဖို့အတွက် နီးစပ်ရာကျွမ်းကျင်သူ မိသားစုဆရာဝန်နဲ့ လိုအပ်သလို ဆောင်ရွက်ခြင်းနည်းနဲ့ အပူကြောင့် လေဖြတ်ခြင်း ဖြစ်မှုနှုန်း၊ နောက်ဆက်တွဲ ဆိုးကျိုးပြဿနာတွေ ဖြစ်ပေါ်မှုနှုန်းကို ရာနှုန်းပြည့်လျှော့ချပေးနိုင်ဖို့ လိုအပ်ပါ တယ်။
အိုဇုန်းလွှာက ခရမ်းလွန်ရောင်ခြည် ကမ္ဘာမြေလွှာပေါ် တိုက်ရိုက်မကျရောက်အောင် တားဆီးပေးတယ်။ အိုဇုန်းလွှာပြီးရင် နီယိုစပီးယားဆိုပြီး ရှိပါတယ်။ လူသားတို့ သက်မဲ့ရုပ်ကြွင်းလောင်စာများ ဖြစ်တဲ့ရေနံ၊ ကျောက်မီးသွေးနဲ့ သဘာဝဓာတ်ငွေ့တို့ လောင်ကျွမ်းရာကနေ လူသားတို့စီမံ ထားတဲ့လေအေးပေးစက်၊ ရေခဲသေတ္တာ၊ ရင်ကျပ်ရှူဆေး၊ လက်သည်းဖျက်ဆေးစတာတွေက လေထုထဲပါဝင်မှုများပြီး အိုဇုန်းလွှာပေါက်ပြဲစေပါတယ်။ လူတို့ပြုလုပ်စီမံတဲ့ Chlorofluorocarbon (CFC) နဲ့ တောမီးလောင်ခြင်း၊ မော်တော်ကား၊ လေယာဉ်ပျံ၊ သင်္ဘောများမှ သဘာဝ ရုပ်ကြွင်းလောင်စာတွေကနေ CFC ထွက်ရှိ မှုများလာတာနဲ့အမျှ အိုဇုန်းလွှာပါးပြီး ပေါက်ခြင်း ဖြစ်လာပါတယ်။ အိုဇုန်းလွှာ ပေါက်သွားတာကြောင့် ခရမ်းလွန်ရောင်ခြည်က မွန်းလွဲ (၁-၃) နာရီမှာ အမြင့်ဆုံး ဖြစ်ပေါ်နေတတ်ပါတယ်။ ခရမ်းလွန်ရောင်ခြည်က လူသားတို့အပေါ် ကျရောက်ရင် အင်ပျဉ်ထခြင်း၊ အဖုအပိမ့်ထွက်ခြင်း၊ ဓာတ်မတည့်ခြင်း၊ ယားယံခြင်း၊ အရေပြား ညိုမည်းစွဲထင်ခြင်း၊ အရေပြားအနာ၊ အရေပြားကင်ဆာ၊ သက်ကြီးပိုင်းမျက်စိ တိမ်စွဲခြင်း ဖြစ်စေနိုင်ပါတယ်။
နေရောင်ထဲ မဖြစ်မနေထွက်ရမယ်ဆိုရင် ခရမ်းလွန်ရောင်ခြည်ဒဏ်ကနေ ၉၉ ရာခိုင်နှုန်းကာကွယ်နိုင်တဲ့ မျက်မှန်တပ် ဆင်သင့်ပါတယ်။ နေရောင်ကာခရင်မ် လိမ်းသင့်ပါတယ်။ သနပ်ခါးလိမ်းသင့်ပါတယ်။ အသက်ကြီးသူများ၊ ကလေးငယ်များ၊ ကိုယ်ခံအားနည်းသူများအနေနဲ့ နေ့လယ်ပိုင်းအချိန်တွေမှာ အိမ်ထဲ ဒါမှမဟုတ် အမိုးအကာအောက်၊ သစ်ပင်အောက်၊ အဲကွန်းသုံးအခန်းတွေမှာ အေး အေးလူလူနေသင့်ပါတယ်။ နေ့စဉ် ရေနွေး ကြမ်း ဒါမှမဟုတ် ရေသန့် (၂-၃) လီတာ သောက်သင့်ပါကြောင်း ရေးသားလိုက်ရပါတယ်။ ။
Source: https://myawady.net.mm/stories
Photo Crd: City Rewards