သမိုင်းမှတ်တမ်းများကပြောသော မီးသတ်တပ်ဖွဲ့နေ့

Posted_Date

Image

(၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုဆောင်းပါး

Body

(၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုဆောင်းပါး

ရှေးခေတ်နှောင်းခေတ်မဟူ  ခေတ်အဆက်ဆက်တွင်နေထိုင်လာခဲ့ကြသော လူတို့သည် ဘေးအန္တရာယ်အမျိုးမျိုးကို ကြောက်ရွံ့ကြသည်မှာ ဓမ္မတာပင်ဖြစ်သည်။    ဘေးအန္တရာယ်အမျိုးမျိုးရှိသည့်အနက် မီးဘေးသည် တစ်ပါးအပါအဝင်ဖြစ်ရာ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးလောင်မှုဖြစ်ပွားလာပါက ငြှိမ်းသတ်နိုင်ရန် သက်ဦးစံပိုင်ဘုရင်များလက်ထက်ကပင် စီမံဆောင်ရွက်လာခဲ့ကြသည်။ မီးသတ်လုပ်ငန်း၏ သဘောသဘာဝအရ တစ်ဦးတစ်ယောက်တည်းလုပ်၍မရဘဲ လူအများပေါင်းစပ်ဆောင်ရွက်ရသည့်လုပ်ငန်းဖြစ်ရာ အုပ်ချုပ်သူ ဘုရင်များ၊  ရဲမက်များ၊    ပြည်သူများ၏ စုပေါင်းစွမ်းအားဖြင့်သာ မီးဘေးအန္တရာယ်ကို ထိရောက်စွာကာကွယ်နိုင်ကြောင်း  ရှေးကပင်  သိရှိလာခဲ့ကြသည်။

မြန်မာနိုင်ငံတွင်လည်း ရှေးမြန်မာဘုရင်များလက်ထက်ကပင် မီးဘေးလုံခြုံရေးအတွက် အထူး အလေးထားဆောင်ရွက်ခဲ့ကြသည်။ ပုဂံမင်းဆက် ၄၃ ဆက်မြောက်မင်းဖြစ်သော အနော်ရထာမင်း (အေဒီ ၁၀၄၄-၁၀၇၇) လက်ထက်တွင် ပုဂံမင်းနေပြည်တော်အတွင်း မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးကပ်သား(မီးသတ်သမား) ၆၆၃ ဦးကိုခန့်ထား၍ နေ့စဉ်ပင် မီးကို အချိန်အကန့်အသတ်ဖြင့် အသုံးပြုရန်  မောင်းကြေးနင်းခတ်၍ နှိုးဆော်သတိပေးစေခဲ့ကြောင်း၊ ပုဂံမင်းနေပြည်တော်၏ မီးဘေးကာကွယ်ရေးအတွက်ထားရှိသည့် မီးကပ်သားအရေအတွက်နှင့် ၎င်းတို့၏လုပ်ငန်းတာဝန်များကို အစွဲပြု၍“သောသောညံ ပုဂံမီးဆော်မောင်း” ဟူ၍ အတိုကောက်လင်္ကာဖြင့် အစဉ်အဆက်မှတ်သားခဲ့ကြသည်။

၁၈၈၅ ခုနှစ် အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲပြီးနောက် မြန်မာနိုင်ငံတစ်ဝန်းလုံး နယ်ချဲ့အင်္ဂလိပ်၏ လက်အောက်သို့ကျရောက်ခဲ့ရသည်။ ဗြိတိသျှအစိုးရသည် ၎င်းတို့၏ စီးပွားရေး၊ စစ်ရေးအရ အဓိကအချက်အချာကျသောမြို့များဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ စစ်တွေမြို့တို့၏  မီးဘေးကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် အတွေ့အကြုံရှိသော အင်္ဂလိပ်များ၊ ကပြားများ၊ စစ်တကောင်းကုလားများပါသော မီးသတ်အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။ မြို့ကြီးများမှ ကျန်မြို့ငယ်ရွာငယ်များ၏ မီးဘေးအန္တရာယ်ကာကွယ်မှုအားလျစ်လျူရှုထားသဖြင့် မြန်မာနိုင်ငံအနှံ့အပြားမြို့ရွာများတွင် အမျိုးသားရေးစိတ်ဓာတ်ရှိသော ဩဇာအာဏာနှင့် စည်းရုံးရေးကောင်းသော ရပ်ရွာမျက်နှာဖုံးပုဂ္ဂိုလ်များက ဦးစီးဦးဆောင်ပြုလျက် မိမိတို့မြို့ရွာမီးဘေးကာကွယ်ရေးအတွက် အမျိုးကိုစောင့်ရှောက်သည့် မျိုးချစ်အပျော်တမ်း   မီးသတ်အဖွဲ့အစည်းများကို ဒေသအလိုက်ထူထောင်လာခဲ့ကြသည်။

ထိုသို့ မီးသတ်တပ်ဖွဲ့အမျိုးမျိုးရှိသော်လည်းပူးပေါင်းဆောင်ရွက်မှုအားနည်းခဲ့သည်။ တစ်နိုင်ငံလုံးတွင် ဖွဲ့စည်းထားသော စေတနာ့ဝန်ထမ်းမီးသတ်တပ်ဖွဲ့များ တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း ကိုယ့်အဖွဲ့နှင့်ကိုယ်  ရပ်တည်နေခဲ့ကြရာမှ အမြော်အမြင်ရှိသော မီးသတ်တပ်ဖွဲ့ခေါင်းဆောင်များက တစ်နိုင်ငံလုံးစုစည်းညီညွတ်သော အဖွဲ့အစည်းကြီးတစ်ရပ်ဖြစ်ပေါ်လာအောင် စတင်ကြိုးပမ်းလာခဲ့သည်။

ပထမအကြိမ် မီးသတ်ညီလာခံ

စေတနာ့ဝန်ထမ်း အစည်းအရုံးများစုစည်းရန်အတွက် ဗမာပြည်လုံးဆိုင်ရာမီးသတ်အစည်း အရုံး ပထမအကြိမ်ညီလာခံကို ၁၉၄၆ ခုနှစ် မေလ ၅ ရက်တွင် ရန်ကုန်မြို့ ကန်တော်ကလေး ဇိနတ် (ဇိနတ္တူ) အစ္စလာမ် မိန်းကလေးကျောင်းခန်းမ၌ ပထမအကြိမ် ဗမာနိုင်ငံလုံးဆိုင်ရာ   စေတနာ့ဝန်ထမ်းမီးသတ်အစည်းအရုံးကြီး ညီလာခံကိုကျင်းပခဲ့သည်။ ညီလာခံကို တစ်ပြည်လုံးရှိ ၁၉ ခရိုင်မှ ကိုယ်စားလှယ်ပေါင်း ၁၉၇ ဦး တက်ရောက်ခဲ့ကြသည်။

ညီလာခံပထမနေ့တွင် သခင်မြ၊  ဒီးဒုတ်ဦးဘချို၊  ဦးဘဆွေနှင့်  ဗိုလ်ချုပ်အောင်ဆန်းတို့ တက်ရောက်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းက မီးသတ်လုပ်ငန်းနှင့်ပတ်သက်၍ မိန့်ခွန်းတွင်‘‘မီးသတ်အဖွဲ့သားများ၏တာဝန်မှာ စည်းကမ်းအရေးကြီး၍ အထူးမြင့်မြတ်သော ဝန်ထမ်းအလုပ်ကြီးဖြစ်ကြောင်း၊ စစ်တပ်များတွင် သူရဲကောင်းများပေါ်ပေါက်သကဲ့သို့ မီးသတ်လုပ်ငန်းတွင် သူရဲကောင်းများပေါ်ပေါက်ကြသည့်အနက် မီးသတ်သူရဲကောင်းမှာ သူတစ်ပါးတိုက်ခိုက်ရခြင်းမဟုတ်ဘဲ စွန့်စားသူများဖြစ်သဖြင့်  အထူးမြင့်မြတ်သော   သူရဲကောင်းများဖြစ်ကြောင်း’’ ထည့်သွင်းပြောကြားခဲ့သည်။      

မြန်မာ့နိုင်ငံရေးနှင့် မီးသတ်တပ်ဖွဲ့အခြေအနေ

မြန်မာနိုင်ငံ၏အခြေအနေသည်  ထိုကာလများဆီကအစစအရာရာ လိုအပ်ချက်များစွာရှိနေဆဲဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ဒုတိယကမ္ဘာစစ်ဘေးဒဏ်ကိုခံခဲ့ရသည့်အပြင် လွတ်လပ်ရေးရလုရခင် နိုင်ငံ့ခေါင်းဆောင်ကြီးများလုပ်ကြံခံခဲ့ရခြင်း၊ လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင်လည်း နိုင်ငံရေးမတည်ငြိမ်မှုများရှိနေခြင်း၊ ပြည်တွင်းလက်နက်ကိုင်သောင်းကျန်းမှု၊  ဘေးဒဏ်အမျိုးမျိုးခံရခြင်းတို့ကို   ရင်ဆိုင်ခံစားခဲ့ရသည်။ အဆိုပါအခြေအနေများကြောင့် လူထုအနေဖြင့် စစ်ဘေးစစ်ဒဏ်၊ မီးဘေးမီးဒဏ်ကို ဆိုးရွားစွာခံစားခဲ့ကြရသည်။

တစ်ဖက်တွင်လည်းမီးသတ်အဖွဲ့အစည်းများအနေဖြင့် တစုတစည်းတည်း စုရုံးထားနိုင်သေးသည့် အခြေအနေတွင်သာရှိသေးပြီး တပ်ဖွဲ့အဖြစ် စည်းမျဉ်းစည်းကမ်းများနှင့် စနစ်တကျ ဖွဲ့စည်းထားနိုင်ခြင်းမဟုတ်သလို တစ်နိုင်ငံလုံးရှိ မီးသတ်တပ်ဖွဲ့များနှင့် တပ်ဖွဲ့ဝင်များအားလုံးအတွက် ပြဋ္ဌာန်းထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများ၊ ဥပဒေ၊ နည်းဥပဒေများလည်း ထုတ်ပြန်ဆောင်ရွက်နိုင်ခြင်း မရှိသေးသော အခြေအနေတွင်ရှိနေသည်။ ထို့ပြင် လွတ်လပ်ရေး ရပြီးခါစ အုပ်ချုပ်ရေးစနစ်ကလည်း စပ်ကူးမပ်ကူးကာလဖြစ်နေသည့်အလျောက် မီးသတ်အဖွဲ့အစည်းများတွင် နိုင်ငံခြားသားအုပ်ချုပ်မှုများက ရှိနေသေးသည်။ စနစ်ကအခြေမခိုင်ခင် အပြောင်းအလဲလည်း များခဲ့သည်။ သို့သော် မီးသတ်တပ်ဖွဲ့၏ဖွဲ့စည်းမှုပုံသဏ္ဌာန်က ပီပြင်မှုရှိလာသည်။

မီးသတ်အစည်းအရုံးကြီး၏ မျှော်မှန်းချက်များဗမာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံးကြီး ဖွဲ့စည်းပြီးသည့်အခါ မီးသတ်အစည်းအရုံးကြီးက အဖွဲ့အစည်း၏ ရည်မှန်းလုပ်ဆောင်ရန်အချက်များကို ထုတ်ပြန်ခဲ့သည်။ ထိုခေတ်က မီးသတ်တပ်ဖွဲ့ကို ဦးစီးဦးဆောင်ပြုခဲ့သူများ၏အမြော်အမြင်နှင့်    ဦးတည်ချက်ကိုတွေ့မြင်ရသည်။ အဖွဲ့ကြီး၏ ဆောင်ရွက်ရန်လုပ်ငန်းစဉ်များကိုလေ့လာကြည့်လျှင်   ၎င်းတို့က မီးသတ်အစည်းအရုံးကြီးကို မီးငြှိမ်းသတ်ရန်တစ်ခုတည်းရည်ရွယ်ပြီး    ဖွဲ့စည်းခဲ့ခြင်းမဟုတ်ကြောင်း တွေ့ရမည်ဖြစ်သည်။ မီးသတ်အစည်းအရုံးကြီး၏လုပ်ငန်းစဉ်ကို သုံးပိုင်းခွဲထားသည်။

ပထမပိုင်းတွင် ပြည်သူ့အန္တရာယ်ကာကွယ်ရေးလုပ်ငန်းတွင် မီးဘေးကာကွယ်ရေး၊ သူနာပြုခြင်း၊ ရောဂါဆိုးနှင့် လူဆိုးကာကွယ်ရေးနှင့် ကယ်ဆယ်ရေးဟူ၍   လုပ်ငန်းအဆင့်များခွဲခြားထားသည်။

လုပ်ငန်းအဆင့်တစ်ခုချင်းစီ၏ အမည်ကိုမြင်လိုက်သည်နှင့်လုပ်ဆောင်သည့်အကြောင်းအရာကို တန်းခနဲမြင်နိုင်သည်။ စိတ်ဝင်စားဖို့ကောင်းသည်မှာ လူဆိုးဘေးမှ မြို့ရွာလူထုအေးငြိမ်းအောင် ကာကွယ်စောင့်ရှောက်ခြင်းနှင့် မီးဘေးဒုက္ခသည်များသာမက ရေဘေး၊ လေဘေး  ဘေးဒုက္ခရောက်နေသူများကို ကယ်ဆယ်၍နေရာချပေးခြင်း၊ ကူညီစောင့်ရှောက်ခြင်းလုပ်ငန်းစဉ်ဖြစ်သည်။

ဒုတိယပိုင်း၌ စေတနာ့ဝန်ထမ်းလုပ်ငန်းရပ်များတွင် အိမ်တွင်းအရေးများသာမက ရပ်ရွာအရေး ကိစ္စများကိုပါ ဝိုင်းဝန်းကူညီဆောင်ရွက်ရန် လုပ်ငန်းစဉ်ချမှတ်ထားခြင်းဖြစ်သည်။  ကျေးလက်နေပြည်သူလူထု၏ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ဓာတ်ပိုင်းဆိုင်ရာပါ ပြုပြင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်အထိ ရည်မှန်းထားသည်။ တတိယပိုင်းက ပြည်သူလူထု၏ ပညာရေး၊ ကျန်းမာရေးနှင့် ကိုယ်ကျင့်တရားကောင်းမွန်ရေးတို့ကိုပါ ဦးတည်လုပ်ဆောင်ရန် ပစ်မှတ်တည်ထားခဲ့ခြင်းဖြစ်သည်။

သမိုင်းမှတ်တမ်းတင်ရမည့်နေ့

ဗမာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံးကြီးကို ဖွဲ့စည်းတည်ထောင်နိုင်လိုက်ခြင်းသည်   အပျော်တမ်းမီးသတ်တပ်ဖွဲ့များအနေဖြင့် သူ့နယ်ကိုယ့်နယ်၊ သူ့ဝါဒကိုယ့်ဝါဒဖြင့် စီမံဆောင်ရွက်နေရာမှ အားလုံးတစ်ပြေးညီ တစ်မိုးအောက်တွင် အတူတကွပူးပေါင်းဆောင်ရွက်လာနိုင်ကြသည်။ တစ်ချိန်က ဝါသနာပါရာအလုပ်တစ်ခုအဖြစ်    အပျော်တမ်းမီးသတ်တပ်ဖွဲ့ကိုဝင်ရောက်လုပ်ကိုင်ခဲ့ကြသော်လည်း ထိုသို့ဝင်ရောက်လုပ်ကိုင်ခြင်းဖြင့် မည်သည်က မည်သို့ဂုဏ်ယူရမည်ဆိုသည့်အချက်ကို မသိခဲ့ကြချေ။ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သောမိန့်ခွန်းပါအချက်အလက်များသည် အပျော်တမ်းမီးသတ်တပ်ဖွဲ့ဝင်များကို အားတက်စေခဲ့သည်။ မီးသတ်လုပ်ငန်းသည် လူငယ်လူရွယ်များကို မွန်မြတ်သော ပရဟိတလုပ်ငန်းဖြစ်ကြောင်း ရှေ့ဆောင်လမ်းပြဖြစ်စေခဲ့သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာမီးသတ်အစည်းအရုံး ပထမအကြိမ်ညီလာခံကြီး၏ဆုံးဖြတ်ချက်အရ ၁၉၄၆ ခုနှစ် မေလ ၅ ရက်  “အစည်းအရုံးကြီးတည်ထောင်သောနေ့ကို မီးသတ်နေ့ (မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့)(BurmaFire Services Day-B.F.S Day)” ဟု တညီတညွတ်တည်းသတ်မှတ်ခဲ့ရာ ယခုဆိုလျှင် (၇၉) နှစ်မြောက်တိုင်ခဲ့ပြီဖြစ်ကြောင်းဂုဏ်ပြုတင်ပြလိုက်ရပါသည်။  ။

Source: https://myawady.net.mm/stories