ပလတ်စတစ်အမှိုက်အန္တရာယ်ကင်းစင်ဖို့ သုံးစွဲမှုကိုလျှော့ကြစို့
Posted_Date
Image

Body
မကြာသေးတဲ့နေ့ရက်တုန်းက သတင်းတစ်ပုဒ်ဖတ်လိုက်ရပါတယ်။ ပလတ်စတစ်နဲ့သက်ဆိုင်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီးထဲက မြို့နယ်တစ်ခုမှာပါ။ မြို့နယ်တွင်းကပြည်သူတွေလိုက်နာဆောင်ရွက်မှုရှိစေဖို့ဖြစ်ပါတယ်။ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အနေနဲ့ ပြည်သူတွေ ကြွပ်ကြွပ်အိတ်၊ တစ်ခါသုံး ပလတ်စတစ်အိတ်တွေ လျော့နည်းသုံးစွဲကြစေဖို့အတွက် အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း ပလတ်စတစ်အိတ် သုံးစွဲမှုမရှိစေဘဲ ပလတ်စတစ်အစားထိုးပစ္စည်းတွေသုံးစွဲကြစေရေး လိုက်နာဆောင်ရွက်မှုရှိစေဖို့ အသိပညာပေးကြပ်မတ်စစ်ဆေးတာတွေကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်ဈေးအတွင်းမှာ ဆောင်ရွက်တယ်ဆိုတဲ့သတင်းပါပဲ။ မှန်ကန်ပြီး လုပ်သင့်တဲ့ ဆောင်ရွက်မှုတစ်ခုပါ။ ဒီလိုလုပ်ဆောင်ပေးတာဟာမြို့နယ်တွင်းက ပြည်သူတွေအတွက် ကောင်းကျိုး များစွာဖြစ်စေပါတယ်။ စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးအတွင်းက ဈေးသွားဈေးလာသူတွေအတွက် သာမက မြို့နယ်တွင်းနေပြည်သူတွေကိုပါ ပလတ်စတစ်အိတ်သုံးစွဲမှုကနေ စွန့်ပစ်လိုက်တဲ့ပလတ်စတစ်အမှိုက်ဟာ အန္တရာယ်ကြီးမားလှတယ်ဆိုတာကိုပါအသိပညာပေးနိုင်အောင် တိုးပြီးလုပ်ဆောင်သင့်ပါတယ်။
အကြောင်းကတော့ လက်ရှိအနေအထားမှာပလတ်စတစ်အမှိုက်အန္တရာယ်ဟာ ကြီးမားလွန်းနေတာကြောင့်ပါပဲ။ ရပ်ကွက်နဲ့မြို့နယ်အတွင်းကထွက်ရှိတဲ့အမှိုက်တွေကိုကြည့်လိုက်ရင် အများစုကပလတ်စတစ်အမှိုက်တွေဖြစ်နေတာကိုတွေ့ရမှာဖြစ်တယ်။ စည်းကမ်းမဲ့စွာ မဆင်မခြင်စွန့်ပစ်ထားကြတာပါ။ အလွယ်သုံးပြီး ခပ်လွယ်လွယ် ကြုံသလိုဖြစ်သလို တွေ့တဲ့နေရာမှာစွန့်ပစ်ကြတာဖြစ်တယ်။
အအေးဘူး၊ ရေသန့်ဘူးအရွယ်စုံ၊ တစ်ခါသုံးကော်ဘူး(ဖော့ဘူး၊ ဖော့ခွက်) နဲ့ ပလတ်စတစ်အိတ်ခွံတွေ၊ ကြွပ်ကြွပ်အိတ်စုတ်တွေဖြစ်ပါတယ်။ အဲဒီပလတ်စတစ်အမှိုက်တွေဟာ စက္ကူ၊ သစ်ရွက်မှိုက်၊ သစ်၊ ဝါး စတဲ့အော်ဂဲနစ်ပစ္စည်းအမှိုက်တွေလို မြေကြီးမှာရောနှောမြေဩဇာဖြစ်သွားတာမျိုးမရှိဘူး။ ဆွေးမြည့် ကွယ်ပျောက်တာမျိုးလည်းမရှိဘဲ နှစ်ပေါင်းများစွာမပျက်မစီးတည်မြဲနေပါတယ်။ ဒီလိုပလတ်စတစ်အမှိုက် စည်းကမ်းမဲ့စွာ မဆင်မခြင်စွန့်ပစ်တာဟာ သဘာ၀ပတ်ဝန်းကျင်နဲ့ ဂေဟစနစ်တဖြည်းဖြည်းယိုယွင်းပျက်စီးစေပါတယ်။
ပလတ်စတစ်အမှိုက်(ကော်ဘူး၊ ဖော့ဘူး၊ ဖော့ခွက်၊ ပလတ်စတစ်အိတ်ခွံနဲ့ ကြွပ်ကြွပ်အိတ်ခွံ)တွေဟာ မြေကြီးထဲမှာ နှစ်ပေါင်း ၅၀၀ ကနေ ၁၀၀၀ ခန့် ကြာမှသာ ပျက်စီးနိုင်လို့ စိုက်ပျိုးရေးလုပ်ငန်းတွေကိုလည်း ထိခိုက်မှုများစေပါတယ်။ မြေကြီးထဲကို ရောက်သွားတဲ့ ကြွပ်ကြွပ်အိတ်တွေကြောင့် မြေဆီလွှာအတွင်းက အပင်မျိုးစေ့၊ သစ်စေ့တွေဟာ အညှောက် မထွက်နိုင်တော့ဘဲ သေကျေပျက်စီးသွားကြပါတယ်။ မီးရှို့ဖျက်ဆီးရင်လည်း ထွက်ရှိလာတဲ့ အီသိုင်းလင်းအောက်ဆိုဒ်နဲ့ ဒိုင်အောက်စင်တွေက လေထုညစ်ညမ်းမှုဖြစ်ပေါ်စေတယ်။ အဲဒီအငွေ့တွေကို ရှူရှိုက်မိရင် ကင်ဆာရောဂါဖြစ်ပွားစေနိုင်ပါတယ်။
ဒါဟာ မြေပြင်မှာပလတ်စတစ်အမှိုက်စည်းမဲ့ကမ်းမဲ့ မဆင်မခြင်စွန့်ပစ်တာကြောင့်ဖြစ်ပါတယ်။ မြေပြင်မှာ စွန့်ပစ်တဲ့ပလတ်စတစ်အမှိုက်ရဲ့အန္တရာယ်က ကြီးမားသလို ချောင်း၊ မြောင်း၊ မြစ်နဲ့ပင်လယ်ရေပြင်တွေမှာ စွန့်ပစ်တဲ့ ပလတ်စတစ်အမှိုက်တွေရဲ့ အန္တရာယ်ကလည်း လျှော့တွက်ထားလို့မရတဲ့အနေအထားကိုရောက်နေတယ်လို့ ပြောနိုင်ပါတယ်။ ပလတ်စတစ်အမှိုက်တွေဟာ ချောင်းငယ်မြောင်းငယ်တွေကနေစပြီးမျောပါလာကာ မြစ်တွေဆီကိုရောက်တယ်၊မြစ်တွေကနေ ပင်လယ်သမုဒ္ဒရာရေပြင်အထိရောက်သွားမှာဖြစ်ပါတယ်။
အခုဆိုရင် ပလတ်စတစ်အမှိုက်ထုကြီး တန်ချိန်သန်းနဲ့ချီပြီး ရေပြင်ထဲ ရောက်နေတယ်ဆိုတာကိုမှတ်တမ်းတွေမှာ တွေ့ရတယ်။ အဲဒီပလတ်စတစ် အမှိုက်ထုကြီးက ပင်လယ်ငှက်တွေအပြင် ငါးတို့၊လိပ်တို့လို ပင်လယ်မှာကျက်စားတဲ့သတ္တဝါမျိုးစိတ်ပေါင်း ၂၅၀ လောက်ကိုပါ ထိခိုက်စေပါတယ်။ ပိုဆိုးတာက သန္တာကျောက်တန်းတွေကိုပါ ပျက်စီးစေတာပါ။
ပင်လယ်သမုဒ္ဒရာအတွင်း ပလတ်စတစ်အမှိုက်တွေရောက်ရှိသွားတာကို ကမ္ဘာ့တစ်ဝန်းလုံးကနိုင်ငံတွေအနေနဲ့ ထိန်းချုပ်ဖို့လိုနေပြီလို့ ပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက သတိပေးထားပြီဖြစ်ပါတယ်။ မထိန်းချုပ်နိုင်ရင် ၂၀၅၀ ပြည့်နှစ် အရောက်မှာ ပင်လယ်သမုဒ္ဒရာနေ သတ္တဝါမျိုးစိတ် ပမာဏထက် ပလတ်စတစ်ပမာဏက ပိုများလိမ့် မယ်လို့ ထုတ်ဖော်ပြောဆိုကြပါတယ်။
ပလတ်စတစ်အမှိုက်တွေထဲက အန္တရာယ်ကြီးပြီးအဆိုးရွားဆုံးဖြစ်တဲ့ ကြွပ်ကြွပ်အိတ်နဲ့ပတ်သက်ပြီး အသုံးပြုတာကို ငြင်းပယ်ဖို့၊ လျှော့ချဖို့ အိတ်အဟောင်း တွေကိုပြန်ပြီးအသုံးပြုတာ၊ ကုန်ကြမ်းအဖြစ်သုံးပြီး အသစ်ပြန်လည်ထုတ်လုပ်တာ၊ ပြန်လည်အသုံးပြုနိုင်တဲ့နေရာကို ပြန်ပေးပို့တာတွေလုပ်ဆောင်ကြကာဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရပါမယ်။
ပြီးခဲ့တဲ့ဆယ်စုနှစ် လေးခုခန့်လောက်တုန်းကဆိုရင် နိုင်ငံတွင်းက ဘယ်နေရာဘယ်ဒေသမှာဖြစ်ဖြစ် ပစ္စည်းဝယ်ယူရင် ပစ္စည်းအမျိုးအစားအလိုက် အသားစိမ်း၊ ငါးစိမ်း၊ အသီး၊ အရွက်တွေဆိုရင် အင်ဖက်၊ ဗာဒံရွက်၊ ဖက်တွေနဲ့၊ စားသောက်စရာ တွေကို ဘူး၊ ချိုင့် စတာတွေ၊ ကျန်တဲ့အသုံးအဆောင် ပစ္စည်းတွေကို စက္ကူအိတ်၊ သတင်းစာစက္ကူ၊ ပလတ်စတစ်အိတ်ပျော့တွေနဲ့ပဲ ထုပ်ပိုးပေးခဲ့ကြတာပါ။ နောက်ပိုင်းမှသာ နည်းပညာတိုးတက်လာလို့အရင်ကသုံးစွဲခဲ့တဲ့ ထုပ်ပိုးပစ္စည်းတွေ၊ အိတ်တွေထက် ပိုမိုခိုင်ခံ့ပြီး တာရှည်ခံတဲ့ ရောင်စုံကြွပ်ကြွပ်အိတ်တွေကို သုံးလာခဲ့ကြတာဖြစ်တယ်။
တွင်တွင်ကျယ်ကျယ်သုံးစွဲလာကြပြီး စွန့်ပစ်ကြတဲ့အခါမှာ တွေ့ရာနေရာတိုင်းမှာစည်းကမ်းမဲ့စွာပြုမူလာကြတယ်။ ပလတ်စတစ်အမှိုက်တွေနေရာတိုင်းမှာဖြစ်လာတယ်။ အဲဒီကနေ ပလတ်စတစ်အမှိုက်အန္တရာယ်ကြီးမားလာတာပါပဲ။ ဒီလိုပလတ်စတစ်အမှိုက် စည်းကမ်းမဲ့စွာ မဆင်မခြင်စွန့်ပစ်တာကလည်း သဘာ၀ပတ်ဝန်းကျင်နှင့် ဂေဟစနစ် တဖြည်းဖြည်းယိုယွင်းပျက်စီးလာတဲ့အကြောင်းရင်းတွေထဲက တစ်ခုဖြစ်လာလို့ ပလတ်စတစ်အမှိုက်(ကြွပ်ကြွပ်အိတ်အမှိုက်)ပြဿနာကမ္ဘာ့နိုင်ငံအားလုံးနဲ့သက်ဆိုင်လာခဲ့ရပါတယ်။
ကြွပ်ကြွပ်အိတ်ပြဿနာဟာ တစ်နေ့တခြားကြီးထွားလာတာကြောင့် ဘင်္ဂလားဒေ့ရှ်၊ အစ္စရေး၊ ကနေဒါ၊ ကင်ညာ၊ စင်ကာပူ စတဲ့နိုင်ငံတွေမှာ ကြွပ်ကြွပ်အိတ်သုံးစွဲမှုကို တားမြစ်ထားတယ်လို့ သိရှိရပါတယ်။ တရုတ်နိုင်ငံရဲ့ ကုန်တိုက်ကြီး တွေမှာ ကြွပ်ကြွပ်အိတ်တွေ အခမဲ့ပေးတာကိုတားမြစ်ပြီး သုံးစွဲမှုကို လျှော့ချလျက်ရှိပါတယ်။ အမေရိကန်ပြည်ထောင်စု လော့အိန်ဂျလိမြို့ မြို့တော်ကောင်စီက ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကစပြီး စတိုးဆိုင်ကြီးတွေမှာ ပလတ်စတစ်အိတ်သုံးစွဲမှုကိုတားမြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာလည်း ပလတ်စတစ်အိတ်အထူးသဖြင့် ကြွပ်ကြွပ်အိတ်သုံးစွဲမှုကို လျှော့ချနိုင်ဖို့အတွက် နည်းလမ်းကောင်းတွေ ရှာဖွေကာ ဆောင်ရွက်နေကြပြီဖြစ်ပါတယ်။ ပလတ်စတစ်အမှိုက်ဖြစ်လာမယ့် ပလတ်စတစ်ထုတ်ကုန်တွေထုတ်လုပ်မှုကိုထိန်းချုပ်တာ၊ သုံးစွဲမှု တားမြစ်လျှော့ချတာ၊ ပလတ်စတစ်အိတ်(ကြွပ်ကြွပ်အိတ်) များကို အသုံးပြုဖို့မလိုအပ်ရင် သုံးစွဲမှုကို ငြင်းပယ်(Reject)တာနဲ့ မဖြစ်မနေသုံးရရင်လည်းစနစ်တကျစွန့်ပစ်ဖို့၊ စည်းကမ်းမဲ့စွာ မဆင်မခြင် စွန့်ပစ်တာမျိုးမလုပ်ကြဖို့ ပြည်သူများကိုအသိပညာပေးမှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။
ပြည်သူတွေ ကြွပ်ကြွပ်အိတ်၊ တစ်ခါသုံးပလတ်စတစ်အိတ်တွေ လျော့နည်းသုံးစွဲကြစေဖို့အတွက် နည်းလမ်းကောင်းတွေ ပြောဆိုဟောပြောအသိပညာပေး ကြပ်မတ်စစ်ဆေးဆောင်ရွက်မှုပြုတဲ့မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရဲ့ လုပ်ဆောင်မှုမျိုးကိုဆောင်ရွက်နေတဲ့မြို့နယ်တွေလည်းရှိသလို ကျန်တဲ့မြို့နယ်တွေမှာလည်းလုပ်ဖို့လိုပါတယ်။ တစ်ပတ်တစ်ရက်ကနေ နှစ်ရက် ဒါမှမဟုတ်သုံးရက်အထိ ဆောင်ရွက်နိုင်အောင်ကြိုးစားကြရပါမယ်။
ဦးဆောင်ဦးရွက်ပြုတဲ့အဖွဲ့အစည်းအပြင် လိုက်နာပြုကျင့်ရမယ့် မြို့နယ်တွင်းက ပြည်သူအားလုံးအသိတရားရှိရှိနဲ့ ဝိုင်းဝန်းပူးပေါင်းကူညီကြမယ်ဆိုရင်ကြွပ်ကြွပ်အိတ်၊ တစ်ခါသုံးပလတ်စတစ်အိတ်တွေသုံးစွဲမှု မလျော့နည်းသွားစရာမရှိပါဘူး။ အနည်းနဲ့အများသာကွာနိုင်ပါတယ်။ စွန့်ပစ်တဲ့ ပလတ်စတစ်အမှိုက်ရဲ့အန္တရာယ်ကြီးမားတယ်ဆိုတာကို အပတ်စဉ်တိုင်း အမြဲအသိပေးတာကိုတော့ ပုံမှန်လုပ်ဆောင်ပေးဖို့လိုပါတယ်။
ဝတ်ကျေတမ်းကျေတာဝန်ဝတ္တရားတစ်ခုကြောင့်ပြောဆိုဟောပြောအသိပညာပေး ကြပ်မတ်စစ်ဆေး ဆောင်ရွက်မှုပြုတာထက် စွန့်ပစ်တဲ့ပလတ်စတစ်အမှိုက်ရဲ့အန္တရာယ်ကြီးမားတယ်ဆိုတာကို ကိုယ်ကိုယ်တိုင်လည်း သိရှိနားလည်သဘောပေါက်ပြီးစည်းကမ်းတကျ သုံးစွဲစွန့်ပစ်မယ်ဆိုတဲ့ အသိစိတ်ဓာတ်ထားရှိ လိုက်နာကျင့်သုံးလုပ်ဆောင်ဖို့လိုသလို အများပြည်သူကိုလည်းလိုက်နာဆောင်ရွက်ကြဖို့ စည်းရုံးပြောဆိုအသိပညာမျှဝေပေးကြရမှာ ဖြစ်ပါတယ်။
ကလေးကစလို့ လူကြီးတွေအထိပါ အသိပညာပေးဟောပြောစည်းရုံးကြရပါမယ်။ ကောင်းကျိုးထက်ဆိုးကျိုးတွေပိုဖြစ်လာနိုင်တဲ့အကြောင်းအရာတွေကို သိသာအောင်ရှင်းပြပေးရပါမယ်။ ပလတ်စတစ်အန္တရာယ်အကြောင်းကို တစ်ဦးနဲ့တစ်ဦးလက်ဆင့်ကမ်းပြီး အသိပေးပြောဆိုရှင်းပြပေးကြရပါမယ်။
နောက်ဆုံးပြည်သူအားလုံးပလတ်စတစ်အန္တရာယ်အကြောင်းကိုသိရှိနားလည်ပြီးပလတ်စတစ်ကုန်ပစ္စည်းတွေကိုစည်းကမ်းတကျအသုံးပြုကြမယ်၊အသုံးပြုပြီးစွန့်ပစ်ရာမှာလည်း စနစ်တကျလုပ်ဆောင်ကြမယ်၊ပလပ်စတစ်အိတ်(ကြွပ်ကြွပ်အိတ်) များကို အသုံးပြုဖို့မလိုအပ်ရင် သုံးစွဲမှုကို ငြင်းပယ် (Reject)ကြမယ်၊မဖြစ်မနေသုံးရရင်တောင် အရေအတွက်လျှော့ပြီးသုံးကြမယ်ဆိုရင် ပလတ်စတစ်အမှိုက်ထွက်ရှိမှုလည်းနည်းသွားမယ် နည်းရာကနေ တဖြည်းဖြည်းကင်းစင်သွားမှာဖြစ်ပါတယ်။ ပလတ်စတစ်အမှိုက်အန္တရာယ်လည်းကင်းဝေးသွားဖို့ ရာနှုန်းပြည့်နီးနီးသေချာပါတယ်လို့ပြောလိုက်ပါရစေ။ ။
Source: https://myawady.net.mm/stories