ကျွဲနွား ခွာနာလျှာနာရောဂါထိန်းချုပ်ရေးလုပ်ငန်းများ
Posted_Date
Image

Body
ခွာနာလျှာနာရောဂါသည် ခွာကွဲတိရစ္ဆာန်များ၌ လျင်မြန်စွာကူးစက်စေတတ်သည့် ဗိုင်းရပ်ရောဂါတစ်ခု အဖြစ် တိရစ္ဆာန်နှင့်တိရစ္ဆာန်ပစ္စည်းများ၏ ရွှေ့ပြောင်းသွားလာမှုများကြောင့် လျင်မြန်စွာပျံ့နှံ့ ဖြစ်ပွား သည်။
ခွာနာလျှာနာရောဂါဖြစ်ပွားစေသော ဗိုင်းရပ်ပိုးမျိုးကွဲ(၇)မျိုးရှိပြီး Type O, A, C, SAT 1, SAT 2, SAT 3 နှင့် Asia 1 တို့ဖြစ်ကြသည်။ မျိုးကွဲတစ်ခုနှင့် တစ်ခုအကြားတွင် ရောဂါခုခံနိုင်မှု သီးခြားစီရှိကြသည်။ မြန်မာနိုင်ငံတွင် ဗိုင်းရပ်ပိုးမျိုးကွဲ Type “O, A, Asia 1” အမျိုးအစားကိုတွေ့ရသည်။ မြန်မာနိုင်ငံသည် နိုင်ငံအတွင်း ဒေသအလိုက် ဗိုင်းရပ်များပျံ့နှံ့ဖြစ်ပွားကြောင်း (Endemic) တွေ့ရှိရသည်။
တိရစ္ဆာန်များ ရွှေ့ပြောင်းသွားလာခြင်းနှင့် တိရစ္ဆာန်ထွက်ပစ္စည်းများသည် ခွာနာလျှာနာရောဂါပျံ့နှံ့စေခြင်း၏ အဓိကအန္တရာယ်ရှိစေသောအချက်ဖြစ်သည်။
အဆိုပါကွင်းဆက်ကို သေချာစွာ စနစ်တကျထိန်းချုပ်ခြင်းသည် ရောဂါပျံ့နှံ့မှုကွင်းဆက်ကို ထိန်းချုပ်ရာ တွင် အခြေခံကျသည်။ ထို့ပြင် ဗိုင်းရပ်ပိုးကို လက်ခံထားသော တိရစ္ဆာန်များသည်လည်း ရောဂါပျံ့နှံ့ စေခြင်း၏ အရေးကြီးအချက်ဖြစ်သည်။ Bos taurus နှင့် Bos indicus စသော နွားမျိုးများနှင့် ကျွဲများသည်ရောဂါလက္ခဏာမပြဘဲ ဗိုင်းရပ်သယ်ဆောင်ထားနိုင်ခြင်း၊ ဝက်များသည်လည်း ဗိုင်းရပ် သယ်ဆောင်နိုင်ခြင်း၊ သိုး၊ ဆိတ်များသည်လည်း ဗိုင်းရပ်ပျံ့နှံ့မှုကွင်းဆက်တွင် အရေးပါသော အခန်းကဏ္ဍ၌ပါဝင်နေခြင်းတို့ဖြစ်သည်။ ထို့ကြောင့် ခွာကွဲတိရစ္ဆာန်မျိုးစိတ်များ၌ ဗိုင်းရပ်ပျံ့နှံ့မှု ကွင်းဆက်အား စဉ်ဆက်မပြတ်လေ့လာဆောင်ရွက်ရသည်။
မြန်မာနိုင်ငံသည် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့၏ ခွာနာလျှာနာရောဂါထိန်းချုပ်ရေးအစီအစဉ်ဖြစ်သည့် ခွာနာ လျှာနာရောဂါထိန်းချုပ်ရေး စဉ်ဆက်မပြတ်ဆောင်ရွက်သည့်လမ်းစဉ် (Progressive Control Pathways – PCP)တွင် ပူးပေါင်းပါဝင်လျက်ရှိသည်။ ခွာနာလျှာနာရောဂါထိန်းချုပ်ရေး စဉ်ဆက်မပြတ်ကာကွယ်ရေးလမ်းစဉ် (Progressive Control Pathways – PCP) တွင် အဆင့် (၅)ဆင့်ရှိပြီး ၎င်းတို့မှာ အဆင့် (၁) ရောဂါဖြစ်ပွားမှုအန္တရာယ်ရှိ နယ်မြေများသတ်မှတ်ခြင်း၊ အဆင့် (၂) သတ်မှတ်ထားသော ဧရိယာနှင့် ကဏ္ဍများအလိုက် ရောဂါဖြစ်ပွားမှုလျှော့ချခြင်း၊ အဆင့်(၃) နိုင်ငံအတွင်း ချမှတ်ထားသော ထိန်းချုပ်ရေးမူဝါဒများအတိုင်း ဗိုင်းရပ်ပျံ့နှံ့မှုလျှော့ချခြင်း၊ အဆင့် (၄) ပုံမှန်ကာကွယ်ဆေးထိုးခြင်းဖြင့် ရောဂါကင်းရှင်းစေခြင်း၊ အဆင့် (၅) ကာကွယ်ဆေးမသုံးဘဲ ရောဂါကင်းရှင်းစေခြင်းတို့ဖြစ်သည်။
ရောဂါထိန်းချုပ်ရေးလုပ်ငန်းများတွင် ပုံမှန်ကာကွယ်ဆေးထိုးခြင်းသည် အရေးကြီးသောအစိတ် အပိုင်းတစ်ရပ်ဖြစ်သည်။ ကာကွယ်ဆေးများကို ထုတ်လုပ်ရာတွင် ပြည်ပသို့တင်ပို့ရန်နှင့် ဒေသတွင်း / နိုင်ငံတွင်းအသုံးပြုရန်စသည်ဖြင့် ရည်ရွယ်ချက်များဖြင့်ထုတ်လုပ်ကြသည်။ အရှေ့တောင်အာရှ၌ဖြစ်ပွားသော ဗိုင်းရပ်မျိုးကွဲများအား အမည်သတ်မှတ်ရာတွင် (South East Asia - SEA) သင်္ကေတဖြင့် အိုအမျိုးအစားဖြစ်ပါက O/SEA ရေး၍ တွေ့ရသောနိုင်ငံနှင့် ခုနှစ်ကို ရေးသားဖော်ပြကြသည်။ ဥပမာ - မြန်မာနိုင်ငံတွင်တွေ့ရှိရသော ဗိုင်းရပ်အမျိုးအစားကိုဖော်ပြရာ၌ O/SEA/Mya-98 ဖြင့် ဖော်ပြသည်။ အရှေ့တောင်အာရှနိုင်ငံများ၌ အသုံးပြုသော ကာကွယ်ဆေးများသည် ပိုးတစ်မျိုးတည်းကာကွယ်ဆေး (Monovalent)နှင့် ပိုးမျိုးကွဲသုံးမျိုးစပ် (Trivalent) တို့ဖြစ်ကြသည်။
ပိုးမျိုးကွဲအိုအမျိုးအစား (Type O) တွင် O/3039 နှင့် O/Manisa စသောပိုးမျိုးကို အသုံးပြု၍လည်းကောင်း၊ ပိုးမျိုးကွဲအေအမျိုးအစား (Type A)တွင် A22/Iraq နှင့်A/IRN/05 စသော ပိုးမျိုးကိုအသုံးပြု၍လည်းကောင်း၊ပိုးမျိုးကွဲအေးရှားဝမ်းအမျိုးအစား (Type Asia 1)တွင် Asia1/Shamir စသော ပိုးမျိုးကိုအသုံးပြု၍လည်းကောင်း ကာကွယ်ဆေးထုတ်လုပ်ကြသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသည် နိုင်ငံတွင်းအသုံးပြုနိုင်ရန် အိုအမျိုးအစား(Type O monovalent) ကာကွယ်ဆေးကို နိုင်ငံအတွင်းဖြစ်ပွားသော ပိုးမျိုးကွဲ “Mya-98” ကိုအသုံးပြု၍ ကာကွယ်ဆေးထုတ်လုပ်လျက်ရှိသည်။ မြန်မာနိုင်ငံ၏ ခွာနာလျှာနာရောဂါဖြစ်ပွားမှုကိုကြည့်ပါက ပိုးမျိုးကွဲ “အို” အမျိုးအစားသည် အများဆုံးတွေ့ရပြီး “အေ”အမျိုးအစားကို ငါးနှစ်လျှင်တစ်ကြိမ်ခန့်နှင့် “အေးရှားဝမ်း”အမျိုးအစားကို ၇-၁၀ နှစ်လျှင် တစ်ကြိမ်ခန့် တွေ့ရှိရသဖြင့် ရောဂါထိန်းချုပ်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်မည်ဆိုပါက “အို”အမျိုးအစားပိုးကွဲကို အဓိကကာကွယ်ထိန်းချုပ်ရန်လိုအပ်သည်။ ကျွဲ၊ နွားကုန်သွယ်မှုလုပ်ငန်းများကို ဦးတည်ဆောင်ရွက်ပါက မြန်မာနိုင်ငံ၌တွေ့ရသော ပိုးမျိုးကွဲများအား ကာကွယ်ထိန်းချုပ်ရန်ဆောင်ရွက်သွားရမည်။
မြန်မာနိုင်ငံသည် ခွာနာလျှာနာရောဂါထိန်းချုပ်ရေးအစီအစဉ်ဖြစ်သည့် ခွာနာလျှာနာရောဂါထိန်း ချုပ်ရေး စဉ်ဆက်မပြတ်ဆောင်ရွက်သည့်လမ်းစဉ် (Progressive Control Pathways – PCP) အဆင့်(၃)သို့ ရောက်ရှိရန်ဆောင်ရွက်လျက်ရှိသည်။ ခွာနာလျှာနာ ရောဂါထိန်းချုပ်ရေး စဉ်ဆက်မပြတ်ဆောင်ရွက်သည့်လမ်းစဉ်၏ အဆင့်(၃)တွင် နိုင်ငံအဆင့်ရောဂါထိန်းချုပ်ဇုန်များထူထောင်၍ နိုင်ငံအတွင်းပျံ့နှံ့ဖြစ်ပွားနေသော ဗိုင်းရပ်ပိုးအမျိုးအစားခွဲခြမ်း စစ်ဆေးရန်ဖြစ်သည်။ ထို့ကြောင့် ဒေသအလိုက် ရောဂါထိန်းချုပ်ဇုန်များ ထူထောင်လျက်ရှိရာတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်သည် တစ်ခုအပါအဝင်ဖြစ်သည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော် ရှစ်မြို့နယ်အတွင်း ခွာနာလျှာနာရောဂါထိန်းချုပ်ဇုန်အဖြစ် ဖော်ဆောင်နိုင်ရန်ရည်ရွယ်၍ ၂၀၂၁ ခုနှစ် ဇွန်လတွင် ရှေ့ပြေးစီမံကိန်းအား တပ်ကုန်းမြို့နယ်မှ ကျေးရွာ ၅၂ ရွာ၌စတင်ခဲ့သည်။ ပြည်ထောင်စုနယ်မြေနေပြည်တော် ရှစ်မြို့နယ်အား ခွာနာလျှာနာရောဂါ ထိန်းချုပ်ဇုန်တည်ထောင်နိုင်ရေးအတွက် လုပ်ငန်းစဉ်ချမှတ်ရာတွင် အခမဲ့ခွာနာလျှာနာရောဂါကာကွယ် ဆေးထိုးလုပ်ငန်းဆောင်ရွက်ရန် လုပ်ငန်းကော်မတီဖွဲ့စည်းခြင်း၊ တိရစ္ဆာန်ကျန်းမာရေးအကူလုပ်သားများအား သင်တန်းပေးခြင်း၊ ကာကွယ်ဆေးထိုးအဖွဲ့ဖွဲ့စည်းခြင်း၊ ပြည်သူ့ဆက်ဆံရေးနှင့် စည်းရုံးရေး ဆောင်ရွက်ခြင်း၊ စီမံကိန်းလုပ်ငန်းအား မိတ်ဆက်ရှင်းလင်းခြင်းအခမ်းအနား (Launching Ceremony)ပြုလုပ်ခြင်း၊ သတ်မှတ်ကာလအတွင်းကာကွယ်ဆေးထိုးလုပ်ငန်းများ ပြီးစီးရန်ဆောင်ရွက်ခြင်း၊ ပြန်လှန်ဆန်းစစ်သုံးသပ်ခြင်းအစရှိသည်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။ ခွာနာလျှာနာကာကွယ်ဆေးထိုးရာတွင် ကာကွယ်ဆေးအာနိသင် အပြည့်အဝရရှိစေရန် ပထမဆုံးအကြိမ်ထိုးပြီးနောက် အားဖြည့်ကာကွယ်ဆေးကို တစ်လပြည့်ပြီးနောက် ပြန်လည်ထိုးနှံရသည်။ အားဖြည့်ကာကွယ်ဆေးထိုးနှံပြီးနောက် ပုံမှန်ကာကွယ်ဆေးကို ခြောက်လတစ်ကြိမ် ပုံမှန်ဆောင်ရွက်သွားရသည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော်အား ရောဂါထိန်းချုပ်ဇုန်တည်ထောင်ရာတွင် ရည်ရွယ်ချက်များ ချမှတ်ဆောင်ရွက်ရသည်။ ရည်ရွယ်ချက်များမှာ (၁)ပြည်ထောင်စုနယ်မြေ နေပြည်တော် ရှစ်မြို့နယ်အား ခွာနာလျှာနာရောဂါထိန်းချုပ်ဇုန်အဖြစ်ဖော်ဆောင်နိုင်ရန်၊ (၂) ပြည်ထောင်စုနယ်မြေ နေပြည်တော် ရှစ်မြို့နယ်မှ ကျွဲ၊ နွားများကို ခွာနာလျှာနာရောဂါကာကွယ်ဆေးထိုးနှံခြင်းဖြင့် ရောဂါကူးစက်မှုများအား စနစ်တကျထိန်းချုပ်နိုင်ရန်၊ (၃) ခွာနာလျှာနာရောဂါထိန်းချုပ်ဇုန်ဖော်ဆောင်နိုင်ပြီး ရောဂါကင်းစင်သော ကျွဲ တရားဝင်ပို့ဆောင်နိုင်လာပြီး မွေးမြူတောင်သူများ ဝင်ငွေတိုးလာနိုင်စေရန် စသည်ဖြင့် စနစ်တကျချမှတ်ဆောင်ရွက်ခဲ့သည်။
ပြည်သူ့ဆက်ဆံရေးနှင့် စည်းရုံးရေးဆောင်ရွက်ခြင်း (Participatory Rural Appraisal) သည် လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးနှင့် ရောဂါထိန်းချုပ်ရေးလုပ်ငန်းများတွင်အဓိကကျသော အခန်းကဏ္ဍမှပါဝင်နေသည်။ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများတွင် ဒေသခံပြည်သူများပူးပေါင်းပါဝင်ခြင်းသည် စီမံကိန်းအောင်မြင်ရန် အဓိကကျသည်။ ဌာနနှင့် ပူးပေါင်းဆောင်ရွက်သည့်လုပ်ငန်းများဖြစ်သော ကာကွယ်ဆေးထိုးခြင်း၊ နားကပ်အမှတ်အသား (ID) တပ်ဆင်ခြင်းနှင့်သွေးရည်ကြည်နမူနာရယူခြင်းလုပ်ငန်းများတွင်ကျယ်စွာဆောင်ရွက်နိုင်ရန် ပြည်သူ့ဆက်ဆံရေးနှင့် စည်းရုံးရေးအစည်းအဝေးများ(Participatory Meeting)ကို လက်ကမ်းစာစောင်၊ ဗွီနိုင်းများအသုံးပြု၍ ဆွေးနွေးရှင်းလင်းခြင်း၊ ကျား/မ ညီတူညီမျှတက်ရောက်နိုင်ရန်၊ အသက်အရွယ်မျိုးစုံတက်ရောက်နိုင်ရန်နှင့် လုပ်ငန်းနယ်ပယ်မျိုးစုံမှတက်ရောက်နိုင်ရန် ဒေသခံများအားစည်းရုံးဖိတ်ကြားခြင်းများကို ဆောင်ရွက်ရသည်။
ထို့ပြင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် ရောဂါထိန်းချုပ်ရေးလုပ်ငန်းများအား စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ မွေးမြူရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်ထောင်စုနယ်မြေ နေပြည်တော် ရှစ်မြို့နယ်တွင် ခွာနာလျှာနာရောဂါထိန်းချုပ်ဇုန်တည်ထောင်နေမှုများ၊ ခွာနာလျှာနာရောဂါကာကွယ်ဆေးထိုးနှံနေမှုများအား ပြည်သူများသိရှိစေရန်၊ မွေးမြူတောင်သူများ လိုက်နာဆောင်ရွက်နိုင်စေရန်နှင့် အသိပညာပေးနိုင်ရန် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ စကားဝိုင်းဆွေးနွေးမှုများ ဆောင်ရွက်ခြင်း၊ တောင်သူလယ်သမားကဏ္ဍရုပ်သံလိုင်း (Farmer Channel) မှရိုက်ကူးထုတ်လွှင့်ခြင်း များအား ဆောင်ရွက်ရသည်။
ထို့ကြောင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှစ်မြို့နယ်၌ ခွာနာလျှာနာရောဂါထိန်းချုပ်ဇုန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ၂၀၂၁ ခုနှစ် ဇွန်လ ၁၁ ရက်မှစတင်၍ ပြည်ထောင်စုနယ်မြေ နေပြည်တော် ရှစ်မြို့နယ်၌ ပထမအကြိမ်ခွာနာလျှာနာကာကွယ်ဆေးထိုးလုပ်ငန်း၊ အားဖြည့် ခွာနာလျှာနာကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းနှင့် ပုံမှန်ခွာနာလျှာနာကာကွယ်ဆေးထိုးလုပ်ငန်း (Regular Vaccination) များအား အရှိန်အဟုန်မပျက် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ (၂၉-၁-၂၀၂၅) ရက်နေ့အထိ အခမဲ့ ခွာနာလျှာနာကာကွယ်ဆေးထိုးလုပ်ငန်းကို နဝမအကြိမ်အထိဆောင်ရွက်နိုင်ခဲ့ပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော် ခွာနာလျှာနာရောဂါထိန်းချုပ်ဇုန်အဖြစ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန အမိန့်အမှတ် (၁/၂၀၂၃) ဖြင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်တွင် ကြေညာနိုင်ခဲ့သည်။
ကာကွယ်ဆေးထိုးရာတွင် ရရှိနိုင်သောအကျိုးအာနိသင်သည် အချက်များစွာပေါ်တွင်မူတည်နေသည်။ ကာကွယ်ဆေးထိန်းသိမ်းမှုအအေးစနစ်တကျဖြစ်ခြင်း၊ ရောဂါဖြစ်ပွားမှုနှင့်သင့်လျော်သော ဗိုင်းရပ်ပိုးအမျိုးအစားဖြစ်ခြင်း၊ ကာကွယ် ဆေးထိုးနည်းလမ်းမှန်ကန်ခြင်း၊ အကျိုးသက်ရောက်သော ကာကွယ်ဆေးထိုးနည်းဗျူဟာ ရေးဆွဲထားခြင်း၊ ရောဂါခုခံနိုင်စွမ်းရရှိစေရန် ကာကွယ်ဆေးပမာဏအပြည့်ထိုးနှံနိုင်ခြင်းဖြစ်ရမည်။ နိုင်ငံတွင်းဖြစ်ပွားသည့် ဗိုင်းရပ်၏ သဘော သဘာဝကို ပိုမိုနားလည်ပြီး အခြေခံ၍ ထုတ်လုပ်သည့် ကာကွယ်ဆေးအာနိသင်နှင့် ကာကွယ်ဆေးအား ပမာဏပြည့်ထိုးနှံခြင်းသည် အကျိုးသက်ရောက်မှုရှိသည်။
ထို့ပြင် ဇီဝလုံခြုံရေး၊ တိရစ္ဆာန်ရွှေ့ပြောင်းသွားလာခြင်းနှင့် တိရစ္ဆာန်အမှတ်အသားတပ်ဆင်ခြင်းတို့သည် ရောဂါထိန်းချုပ်မှုတိုင်းတာခြင်းများအတွက် အရေးကြီးသောကဏ္ဍဖြစ်သောကြောင့် ပြည်သူအသိပညာပေးခြင်းများကို ဆောင်ရွက်ရသည်။
သို့ဖြစ်ရာ ခွာနာလျှာနာရောဂါထိန်းချုပ်ဇုန်အဖြစ် ဖော်ဆောင်ထားရှိပြီးဖြစ်သည့် ပြည်ထောင်စုနယ်မြေ နေပြည်တော် ရှစ်မြို့နယ်အား ခွာနာလျှာနာရောဂါထိန်းချုပ်ဇုန် ရေရှည်တည်တံ့နိုင်စေရန်ရည်ရွယ်၍ ကျွဲ၊ နွားများ၏ ခွာနာလျှာနာရောဂါခုခံနိုင်စွမ်းအား စမ်းသပ်နိုင်ရန်ကာကွယ်ဆေးမထိုးခင်နှင့် ကာကွယ်ဆေးထိုးပြီးနောက် သွေးရည်ကြည်နမူနာကောက်ယူ၍ ခွာနာလျှာနာရောဂါခုခံနိုင်မှု အခြေအနေ(Antibody Titre) အား စစ်ဆေးခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်ရသည်။
ကာကွယ်ဆေးအာနိသင်များကို ပုံမှန်တိုင်းတာခြင်းမှ ကာကွယ်ဆေးကို စနစ်တကျပုံမှန်ထိုးနှံခြင်းသည် ရောဂါကာကွယ်မှုအပြည့်အဝပေးနိုင်ကြောင်း မှတ်တမ်းတင်နိုင်ခြင်း၊ ကာကွယ်ဆေးကိုစနစ်တကျ ထိုးနှံခြင်းဖြင့် ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ခြင်းနှင့် ထိုမှတစ်ဆင့် ရောဂါကင်းစင်လာပြီး ထုတ်လုပ်မှုတိုး၍ နိုင်ငံ့စီးပွားကို တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပေးနိုင်မည်ဖြစ်သည်။
ထို့ပြင် တစ်နိုင်တစ်ပိုင်မွေးမြူရေးသမားများနှင့် သက်ဆိုင်သူများအားလုံးပါဝင်သော ရောဂါ ထိန်းချုပ်ရေးအစီအစဉ်များပြုလုပ်ခြင်းနှင့် ရပ်ရွာများ၌ စီမံခန့်ခွဲမှုဆိုင်ရာအဖွဲ့များဖွဲ့စည်းခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။ ဇီဝလုံခြုံမှုစီမံခန့်ခွဲခြင်းကို နားလည်စေရန် အားလုံးပါဝင်သောလှုပ်ရှားမှုများ၊ ရောဂါခုခံမှုဆိုင်ရာ ပြောင်းလဲမှုများ၊ ဗဟုသုတအဆင့်အတန်းသတ်မှတ်ခြင်း၊ ယဉ်ကျေးမှုဓလေ့ ထုံးစံများ၏အယူအဆများ၊ မွေးမြူရေးခြံများအလိုက် အဆင့်အတန်းသတ်မှတ်ခြင်း၊ ပါဝင်လှုပ်ရှားသူများ၏ ခေါင်းဆောင်မှုများကို စနစ်တကျလေ့ကျင့်ဆောင်ရွက်ကြရသည်။ အဆိုပါဇီဝလုံခြုံမှုများကို တစ်နိုင်တစ်ပိုင်မွေးမြူရေးခြံများတွင် လက်တွေ့လိုက်နာကျင့်သုံးလာပါက ခွာနာလျှာနာရောဂါထိန်းချုပ်ရာတွင် လျင်မြန်သောအထောက်အကူဖြစ်စေသည်။
ခွာနာလျှာနာရောဂါထိန်းချုပ်မှုတွင် တွေ့ကြုံရသောအခက်အခဲများကို ကြည့်မည်ဆိုပါကတရားမဝင် တိရစ္ဆာန်ရွှေ့ပြောင်း သွားလာမှုများ၊ ပုံမှန်ကာကွယ်ဆေးထိုးနှံမှုမရှိခြင်း၊ ဇီဝလုံခြုံမှုအားနည်းခြင်း၊ အရေးပေါ်ရောဂါထိန်းချုပ်ရေးအဖွဲ့များဖွဲ့စည်းထားမှုမရှိခြင်း၊ ပြည်တွင်းပြည်ပပူးပေါင်းဆောင်ရွက်မှုအားနည်းခြင်းတို့ဖြစ်သည်။ ထို့ကြောင့် ခွာနာလျှာနာရောဂါထိန်းချုပ်ရေးတွင် နည်းပညာအရည်အသွေးမြှင့်တင်ခြင်း၊ ဓာတ်ခွဲခန်းအရည်အသွေးများ မြှင့်တင်ခြင်း၊ ကွင်းဆင်းဆောင်ရွက်သည့်စောင့်ကြည့်လေ့လာရေးစနစ်များမြှင့်တင်ခြင်း၊ဒေသတွင်း ဈေးကွက်ကွင်းဆက်များတွင် အသိပညာပေးရေးလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် နွားပွဲဈေးများတွင် တိရစ္ဆာန်ရွှေ့ပြောင်းသွားလာမှု လုပ်ငန်းစနစ်မြှင့်တင်ခြင်း၊ ပြည်တွင်းပြည်ပတိရစ္ဆာန်နှင့် တိရစ္ဆာန်ကုန်သွယ်မှုဈေးကွက်များတွင် ခွာနာလျှာနာရောဂါဆိုင်ရာအသိပညာပေးခြင်းများ ပိုမိုနားလည်စေရန် ဆောင်ရွက်ရသည်။
ခွာနာလျှာနာရောဂါထိန်းချုပ်ဇုန် တည်ထောင်ရာတွင် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့၏ စံနှုန်းသတ်မှတ်ချက်များနှင့်အညီ မိမိနိုင်ငံနှင့်သင့်လျော်အောင်ဆောင်ရွက်ခြင်းသည် ရောဂါကင်းစင်သော ကျွဲ၊ နွားများနှင့် ၎င်းတို့၏တိရစ္ဆာန်ထွက်ပစ္စည်းများအား ပြည်ပသို့တင်ပို့နိုင်ခြင်း၊ နိုင်ငံအတွင်း ရောဂါကင်းစင်သော မွေးမြူရေးလုပ်ငန်းများဖြစ်ထွန်းလာသည့် အကျိုးကျေးဇူးကိုရရှိနိုင်သည့်အပြင် ကျေးလက်ဒေသအဆင့်အထိ ကာကွယ်ဆေးထိုးနှံသည့် အလေ့အထများရရှိ၍ တိရစ္ဆာန်ကူးစက်ရောဂါများအား စနစ်တကျကာကွယ်ထိန်းချုပ်နိုင်ပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်မှုကို ကျွဲ၊ နွား ကုန်သွယ်မှုလုပ်ငန်းများမှ ထောက်ပံ့ပေးနိုင်မည့်အကျိုးကျေးဇူးများ ရရှိနိုင် မည်ဖြစ်သည်။
ထို့ကြောင့် နိုင်ငံအတွင်း ဒေသအလိုက် ခွာနာလျှာနာထိန်းချုပ်ဇုန်များတည်ထောင်ခြင်းဖြင့် ဒေသအလိုက် ခွာနာလျှာနာရောဂါကင်းရှင်းလာနိုင်ခြင်း၊ ဧရိယာအလိုက် ခွာနာလျှာနာထိန်းချုပ်ဇုန်များ တည်ထောင်ခြင်းဖြင့် ဧရိယာအလိုက် ခွာနာလျှာနာရောဂါကင်းရှင်းလာနိုင်ခြင်း၊ ထိုမှတစ်ဆင့်ရောဂါ ကင်းစင်သော မွေးမြူထုတ်လုပ်မှုများရရှိ၍ ကုန်သွယ်မှုလုပ်ငန်းများဖြစ်လာခြင်း၊ မွေးမြူရေးထုတ်ကုန်တန်ဖိုးတက်လာခြင်း၊ မွေးမြူတောင်သူများမှ ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်နှင့် မွေးမြူသည့် အလေ့အထများရလာခြင်း၊ သတ်မှတ်ထားသော ဥပဒေနည်းလမ်းနှင့်အညီ ဆောင်ရွက်သည့် အသိပညာတိုးလာခြင်း၊ ကျေးလက်ဒေသအဆင့်အထိ ကာကွယ်ဆေးအသုံးပြုရမည်ကို သိရှိလာခြင်းနှင့် လူမှုစီးပွားဘဝမြင့်မား၍ နိုင်ငံ၏စီးပွားရေးတိုးတက်မှုတွင် အထောက်အကူပြုနိုင်သည်။
ခွာနာလျှာနာရောဂါထိန်းချုပ်ခြင်း အစီအစဉ်များကို တစ်ဆင့်ပြီးတစ်ဆင့်တက်လှမ်းနိုင်ရန် နိုင်ငံအတွင်း ဒေသအလိုက် ပူးပေါင်းဆောင်ရွက်မှုနှင့် နိုင်ငံအလိုက် ပူးပေါင်းဆောင်ရွက်မှုများသည် အရေးပါသော အခန်းကဏ္ဍမှပါဝင်သည်။ သို့ဖြစ်ပါ၍ လွယ်ကူချောမွေ့သော ကုန်သွယ်စီးဆင်းမှုများ၊ ရောဂါဖြစ်ပွားမှု အန္တရာယ်အဆင့် စီမံခန့်ခွဲခြင်းနှင့် ဇီဝလုံခြုံမှုစနစ်ထူထောင်သွားပါက အနာဂတ်တွင် ခွာနာလျှာနာရောဂါထိန်းချုပ်မှုလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။ ။
Source: https://myawady.net.mm/stories