သွေးချိုဆီးချိုရောဂါနှင့် အမျှင်ဓာတ်ကြွယ်ဝသောအစားအစာများ

Posted_Date

Image

သွေးချိုဆီးချိုရောဂါနှင့် အမျှင်ဓာတ်ကြွယ်ဝသောအစားအစာများ

Body

မကြာသေးမီနှစ်များအတွင်းအဝလွန်သူဦးရေတိုးလာသည်နှင့်အမျှအကြိုသွေးချိုရောဂါနှင့်သွေးချိုဆီးချိုရောဂါဖြစ်ပွားမှုတိုးမြင့်လာကြောင်းတွေ့ရှိရသည်။ အထိုင်များသောလူနေမှုပုံစံနှင့်ကျန်းမာရေးနှင့်မညီညွတ်သော စားသောက်မှုအလေ့အကျင့်များသည်လည်းအလားတူကြီးထွားလာနေပါသည်။ အမျှင်ဓာတ်သည် ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာတစ်ခု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီးသွေးချိုဆီးချိုရောဂါကို ကာကွယ်ခြင်းနှင့်ကုသခြင်း အပါအဝင်  ကျန်းမာရေးအကျိုးကျေးဇူးများစွာကိုပေးစွမ်းနိုင်သည်။ လေ့လာမှုများအရ သွေးချိုဆီးချိုရောဂါရှိသူအများစုသည် အာဟာရကုထုံး သို့မဟုတ် သွေးချိုဆီးချိုရောဂါအသိပညာပေးခြင်းကို လိုက်နာမှု အားနည်းကြကြောင်း   တွေ့ရှိခဲ့သည်။   ထို့ကြောင့် အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများကို   စားသောက်ရန် အကြံပြုချက်များရှိသော်လည်း တစ်ဦးချင်း အနေဖြင့်  လုံလောက်သောအမျှင်ဓာတ်  သို့မဟုတ် မှန်ကန်သောအမျိုးအစားကို    စားသုံးနိုင်ခြင်းမရှိကြောင်း သိရသည်။

အမျိုးအစား-၂ သွေးချိုဆီးချိုရောဂါရှိသူများတွင် သွေးတွင်းဂလူးကို့စ်မြင့်တက်မှုများကို လျှော့ချထိန်း ချုပ်ခြင်းသည် ပန်ကရိယမှအင်ဆူလင်ထုတ်လုပ်သော ဘီတာဆဲလ်၏လုပ်ဆောင်မှုများ ကျဆင်းမှုကို နှေးကွေးစေပြီး အလုံးစုံရလဒ်များတိုးတက်ကောင်းမွန်လာစေရန် အထူးအရေးကြီးသဖြင့် ရောဂါ၏ကနဦးအဆင့်များတွင် မဖြစ်မနေ ဂရုစိုက်ကုသရန်လိုအပ်သောအချက်တစ်ခုဖြစ်သည်။  အမျိုးအစား-၂ သွေးချို ဆီးချိုရောဂါကုသမှုတွင်အစားအသောက်ကုထုံးသည်အဓိကအရေးကြီးသောကုသမှုဖြစ်သည်။ ထို့ကြောင့် ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာများကိုရွေးချယ်ပြီး စိတ်ကြိုက်အစားအသောက်အစီအစဉ်များရေးဆွဲပြင်ဆင်ရန်လိုအပ်ပါသည်။ ဤနည်းလမ်းများတွင် နေ့စဉ် အစားအစာတစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် သို့မဟုတ် အစားအစာအားလုံးကို ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာတစ်မျိုးတည်းဖြင့် သို့မဟုတ် အမျှင်ဓာတ်များသောဖြည့်စွက်စာများနှင့်ပေါင်းစပ်အစားထိုးစားသောက်ခြင်းတို့ပါဝင်သည်။

အမျှင်ဓာတ်သည်အသီးအနှံများ၊ဟင်းသီးဟင်းရွက်များ၊ အစေ့အဆန်များနှင့်ပဲစေ့များတွင် အဓိကတွေ့ရှိရသော ကစီဓာတ်တစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်မှ မချေဖျက်နိုင်သော သို့မဟုတ် မစုပ်ယူနိုင်သောအပင်များ၏အစိတ်အပိုင်းများပါဝင်သည်။ အမျှင်ဓာတ်ကြွယ်ဝသောအစားအစာများသည် ဇီဝဖြစ်စဉ်ကျန်းမာရေးနှင့် သွေးချိုဆီးချိုရောဂါရှိသူများအတွက်ကျန်းမာရေးအကျိုးကျေးဇူးများစွာပေးသည်။ အမျှင်ဓာတ်ပါဝင်ပြီး အရသာရှိသော အစားအစာများကိုရွေးချယ်ရန်မခက်ခဲပါ။ လိုအပ်သောအမျှင်ဓာတ်၊ အမျှင်ဓာတ်ပါရှိသည့်အစားအစာများနှင့်  ၎င်းတို့ကိုအစားအစာများနှင့်သရေစာများတွင်မည်သို့ထည့်ရမည်ကို သိရှိရန်လိုအပ်ပါသည်။

နေ့စဉ်လိုအပ်သော အမျှင်ဓာတ်ပမာဏ

အမေရိကန်သွေးချိုဆီးချိုအသင်းက အရွယ်ရောက်ပြီးသူ အမျိုးသမီးများအတွက် တစ်ရက်လျှင်  အမျှင်ဓာတ် ၂၅ ဂရမ်၊ အမျိုးသားများအတွက်တစ်ရက် လျှင် ၃၈ ဂရမ်စားသုံးရန်နှင့်  သွေးချိုဆီးချိုရောဂါရှိသူများသည် ကယ်လိုရီ ၁၀၀၀ လျှင်  အနည်းဆုံးအမျှင်ဓာတ် ၁၄ ဂရမ်စားသုံးသင့်ကြောင်း အကြံပြုထားသည်။    သွေးချိုဆီးချိုရောဂါနှင့်ဆက်စပ်ရောဂါဝေဒနာရှင်များအတွက်  အမျှင်ဓာတ်မြင့်မားသောအစားအစာများကိုစားသုံးရာတွင် အမျှင်ဓာတ် ပါဝင်မှုကို တဖြည်းဖြည်းတိုးမြှင့်သွားကာ တစ်ရက် လျှင် ၄၀ ဂရမ်အထိ စားသုံးရန်အကြံပြုထားသည်။အမျှင်ဓာတ်အမျိုးအစားများအမျှင်ဓာတ်သည်  ပျော်ဝင်နိုင်သောအမျှင်ဓာတ်အမျိုးအစားနှင့် မပျော်ဝင်နိုင်သော အမျှင်ဓာတ်အမျိုး အစားဟူ၍ နှစ်မျိုးရှိသည်။

ပျော်ဝင်နိုင်သောအမျှင်ဓာတ်

ပျော်ဝင်နိုင်သောအမျှင်ဓာတ်သည်  ရေတွင်ပျော်ဝင်ပြီး အစာအိမ်အတွင်း  ဂျယ်လ်ကဲ့သို့ အရာဝတ္ထုတစ်ခုအဖြစ်ဖွဲ့စည်းကာ အစာခြေခြင်းကို နှေးကွေးစေသည်။ သွေးတွင်းသကြားဓာတ်နှင့်ကိုလက်စထရောကိုထိန်းချုပ်ရန် ကူညီပေးသည်။ပျော်ဝင်နိုင်သောအမျှင်ဓာတ်ကိုပန်းသီး၊ငှက်ပျောသီး၊ထောပတ်သီး၊ လိမ္မော်သီး၊ မုန်လာဥနီ၊ မုယောစပါး၊ ဆန်လုံးညို၊ ပဲစေ့၊ ပဲမည်း၊ ပဲလှော်၊  ဘရပ်ဆဲလ်ပင်ပေါက်တို့တွင် တွေ့နိုင်သည်။

မပျော်ဝင်နိုင်သောအမျှင်ဓာတ်မပျော်ဝင်နိုင်သောအမျှင်ဓာတ်သည်ရေတွင်မပျော်ဝင်နိုင်သောကြောင့် အစာအိမ်ထဲသို့ ဖြတ်သန်းသွားသည့်အခါ အမျှင်ဓာတ်ကိုစုပ်ယူပြီးဖြိုခွဲခြင်းမပြုဘဲအစာများ၏ရွေ့လျားမှုကိုပံ့ပိုးပေးပြီးဝမ်းထဲသို့ အစုလိုက်ထည့်သည်။အင်ဆူလင်၏အာရုံခံနိုင်စွမ်းကိုတိုးမြင့်စေပြီးဝမ်းကိုပုံမှန်ဖြစ်စေရန်ကူညီပေးသည်။ မပျော်ဝင်နိုင်သောအမျှင်ဓာတ်ကို ဂျုံမှုန့်၊ ဖွဲနု၊ အစေ့အဆန်များ၊ အခွံမာသီးများ၊ ပဲမျိုးစုံ၊   အာလူး၊ပန်းဂေါ်ဖီ၊ သစ်သီးများနှင့်ဟင်းသီးဟင်းရွက်များ၏အခွံများတွင် တွေ့နိုင်သည်။

အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများ၏အကျိုးကျေးဇူးများ

အလွယ်တကူအစာခြေနိုင်ခြင်းမရှိသော   ကာဗိုဟိုက်ဒရိတ်တွင်ပါဝင်သည့် အမျှင်ဓာတ်သည် ဂလူးကို့စ် စုပ်ယူမှုနှင့် အင်ဆူလင်ထုတ်လွှတ်မှုကို လျှော့ချပေးသည်။ အမေရိကန်သွေးချိုဆီးချိုအသင်း၏  အဆိုအရ ပျော်ဝင်နိုင်သောအမျှင်ဓာတ်အမျိုးအစားများကိုစားသုံးမှုသည်  သွေးတွင်းအင်ဆူလင်ပမာဏကိုလျော့ကျစေပြီး ဂလူးကို့စ်ထိန်းချုပ်မှုကို ပိုမိုကောင်း မွန်စေကာသွေးတွင်းကိုလက်စထရောကိုလည်းလျှော့ချပေးသည်။ လေ့လာမှုအများအပြားတွင် အမျှင် ဓာတ်စားသုံးမှုသည် အင်ဆူလင်ခုခံမှုအမှတ်အသားများကိုလျော့ကျစေပြီး  သွေးချိုဆီးချိုရောဂါဖြစ်နိုင်ခြေမှကာကွယ်ရန်    သိသာထင်ရှားစွာ  အထောက်အကူပြုကြောင်းပြသခဲ့သည်။  အမျိုးအစား-၂ သွေးချို ဆီးချိုရောဂါရှိသောအဝလွန်သူများတွင်အမျှင်ဓာတ်များသော အစားအစာသည် အစာစားပြီးချိန်တွင်ရှိသော    သွေးတွင်းဂလူးကို့စ်နှင့်အင်ဆူလင်အပေါ် အကျိုးသက်ရောက်မှုရှိပြီး   တစ်နေ့တာလုံးဂလူးကို့စ်ထိန်းချုပ်မှုကို ကောင်းမွန်စေသည်။

လူဦးရေအခြေပြုလေ့လာမှုအရတစ်နေ့တာအမျှင်ဓာတ်ကြွယ်ဝသော အစားအစာစားသုံးမှုတိုးမြှင့်ခြင်းသည် သွေးတိုးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးပြီး သွေးတိုးရောဂါရှိသောလူနာများတွင် သွေးပေါင် ချိန်ထိန်းညှိခြင်းအတွက် အကျိုးကျေးဇူးများရှိသည်။ နှလုံးသွေးကြောကျန်းမာရေးကို ပိုမိုကောင်းမွန်စေသည်။  အမျှင်ဓာတ်သည်ခန္ဓာကိုယ်မှအဆီနှင့်ကိုလက်စထရောတချို့ကိုစုပ်ယူခြင်းမှတားဆီးပေးသောကြောင့် များများစားသုံးခြင်းသည် သွေးတွင်းကိုလက်စထရောပမာဏလျော့ကျပြီး  ရောင်ရမ်းမှုကို လျှော့ချပေးသဖြင့်    နှလုံးသွေးကြောများပေါ်တွင်ကောင်းကျိုးသက်ရောက်မှုရှိကြောင်း လေ့လာတွေ့ရှိ ခဲ့သည်။ အမျှင်ဓာတ်များသော အစားအစာများကိုစားသုံးမှုနည်းသောလူများတွင်  သွေးတွင်းကိုလက်စထရောမြင့်မားခြင်းနှင့်  ဆက်စပ်နေကြောင်း လေ့လာမှုများတွင်တွေ့ရသည်။ အမျှင်ဓာတ်သည် အစာခြေလမ်းကြောင်းကို သန့်စင်ပေးသည့်ပွတ်တိုက်မှုတစ်ခုကဲ့သို့ လုပ်ဆောင်သည်။ အူလမ်းကြောင်းကျန်းမာရေးကိုကောင်းမွန်စေရန် မလိုလားအပ်သောအညစ်အကြေးများကိုဖယ်ရှားပေးပြီးအူမကြီး ကင်ဆာဖြစ်နိုင်ခြေကိုလျှော့ချပေးသည်။  အမျှင်ဓာတ်သည် အစာကြေမလွယ်သောကြောင့် အစာအိမ် မှတစ်ဆင့် ဖြည်းညင်းစွာရွေ့လျားသွားပြီး အချိန်ကြာ ကြာ  ဗိုက်ပြည့်စေသဖြင့်  ကိုယ်အလေးချိန်လျှော့ချရန်နှင့်  ထိန်းသိမ်းရန်ကူညီပေးနိုင်သည်။

သွေးချိုဆီးချိုရောဂါရှိသူများတွင်အစာစားပြီးချိန် သွေးတွင်းဂလူးကို့စ်မြင့်တက်မှုကို လျှော့ချရန်အမျှင်ဓာတ်ကြွယ်ဝသောအစားအစာများကို မည်သည့်ဆေးဝါးများနှင့်မဆိုအတူ အသုံးပြုနိုင်ပါသည်။ အင်ဆူလင်ကုသမှုခံယူနေရသောလူနာများတွင်လည်းအစာစားပြီးချိန်  သွေးတွင်းဂလူးကို့စ်မြင့်တက်မှုကိုလျှော့ချရာတွင်ကူညီနိုင်သည်။ ထို့ပြင် နေ့စဉ် အစား အစာများတွင် အမျှင်ဓာတ်များအသင့်အတင့် တိုးမြှင့်စားသုံးခြင်းဖြင့် အစာရှောင်ပြီးချိန် သွေးတွင်းဂလူး ကို့စ်နှင့်  အင်ဆူလင်ပမာဏ သိသိသာသာကျဆင်းသွားကြောင်းနှင့်  သွေးချိုဆီးချိုရောဂါမရှိသောသူများပင်လျှင် အင်ဆူလင်အာရုံခံနိုင်စွမ်းတိုးလာကြောင်း တွေ့ရသည်။

အကြံပြုချက်

အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများထည့် စားသောအခါ ဖြည်းဖြည်းစားရန်သတိပြုပါ။ အမျှင်ဓာတ် ရုတ်တရက်တိုးလာခြင်းကြောင့် လေပွခြင်း၊ဝမ်းဗိုက်တင်းခြင်း၊ ဝမ်းလျှောခြင်းနှင့်ဝမ်းဗိုက်ကြွက် တက်ခြင်းကဲ့သို့သော အစာခြေလမ်းကြောင်းဆိုင်ရာအဆင်မပြေဖြစ်စေနိုင်သည်။    နေ့စဉ် အစားအစာများတွင် အမျှင်ဓာတ်ကို ရက်သတ္တပတ်အနည်းငယ် အတွင်း ဖြည်းဖြည်းချင်းထည့်စားခြင်းဖြင့် အစာခြေစနစ်ရှိ  သဘာဝဗက်တီးရီးယားများပြောင်းလဲမှုကိုထိန်းညှိပေးသည်။ထို့ပြင် ရေများများသောက်ပါကအမျှင်ဓာတ်က ရေကိုစုပ်ယူသောအခါ အစားအစာရွေ့လျားရန် အကောင်းဆုံးအလုပ်လုပ်ပြီးဝမ်းကိုပျော့ပျောင်းစေပါသည်။ အူ သို့မဟုတ်အစာအိမ်နှင့် ပတ်သက်သော ခွဲစိတ်မှုခံယူခြင်းနှင့် အစာခြေလမ်း ကြောင်း၏အစိတ်အပိုင်းများ ရောင်ရမ်းသောအခြေ အနေများတွင်အမျှင်ဓာတ်လျှော့စားရန် လိုအပ်ပါသည်။

အချုပ်အားဖြင့်ဆိုသော် အမျှင်ဓာတ်ကြွယ်ဝသော နံနက်စာစားပါ။ ဆန်လုံးညို သို့မဟုတ် ဂျုံလုံးခေါက်ဆွဲ ကဲ့သို့သော ကာဗိုဟိုက်ဒရိတ်ကိုရွေးချယ်ပါ။  သစ်သီးများ၊  ဟင်းသီးဟင်းရွက်များ၊  အစေ့အဆန်များနှင့် ပဲအမျိုးမျိုးကို များများစားပါ။ ရေများများသောက်ပါ။ ကစီဓာတ်မပါသော ဟင်းသီးဟင်းရွက်များကိုအာရုံစိုက်ပါ။ အသုပ်များ၊  ဟင်းချိုများ၊  စွပ်ပြုတ်များ သို့မဟုတ် ပဲအမျိုးမျိုးဖြင့် ညစာကိုစတင်ပါ။ အဆာ ပြေအတွက် ကျန်းမာရေးနှင့်ညီညွတ်ပြီး အမျှင်ဓာတ် များသော သစ်သီးဝလံများ၊ သကြားမပါသော အခွံမာ သီးလက်တစ်ဆုပ် သို့မဟုတ် သစ်သီးခြောက်များနှင့်အစေ့အဆန်များကို    သရေစာအဖြစ်   ရွေးချယ်ပါ။

သွေးချိုဆီးချိုရောဂါရှိသူများတွင် အမျှင်ဓာတ်များသောအစားအစာများကို  လိုအပ်ချက်နှင့်လျော်ညီစွာ ဂရုစိုက်စားသုံးခြင်းဖြင့်ကျန်းမာရေးတိုးတက်ကောင်းမွန်စေကြောင်း ရေးသားလိုက်ရပါသည်။

Source: https://myawady.net.mm/stories