ရိုင်းမြစ်မှသည်-----

Posted_Date

Image

ရိုင်းမြစ်မှသည်-----

Body

ယမန်နေ့မှအဆက်

အဆင့်ဆင့်အနိမ့်တမံဓာတ်အားပေးစက်ရုံများတွင်   မြစ်ရေထုစီးနှုန်းကိုသာ   အဓိကအသုံးပြု၍ ရေအားအမြင့်အနည်းငယ်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်သော Reaction Turbine အမျိုးအစားများဖြစ်သည့် Kaplan, Francis , Bulb , Tubular, Propeller & Straflo Turbine များကို အသုံးပြုထားသည်။ ထို Reaction Turbine အမျိုးအစားများသည် Low Head,   High Flow  အခြေအနေအတွက် အထူးသင့်လျော်ပြီး အကျိုးသက်ရောက်မှုမြင့်မားသည့်တာဘိုင်များဖြစ်ကြသည်။ ၎င်းတို့၏ အဓိကအားသာချက်များဖြစ်ကြသော ရေစီးနှုန်းပြောင်းလဲမှုအမျိုးမျိုးတွင် စွမ်းဆောင်ရည်ကို အမြင့်ဆုံးရရှိစေရန် ချိန်ညှိနိုင်သောတံခါးရွက်များနှင့် ဒလက်များ(Wicket Gates & Adjustable blades) ပါရှိခြင်း၊ စွမ်းဆောင်ရည်မြင့်မားခြင်း၊ ဒီဇိုင်းကျစ်လျစ်သိပ်သည်းခြင်း၊ သေးငယ်သည့် ရေအားလျှပ်စစ်စက်ရုံများမှ ကြီးမားသောစက်ရုံများအထိ ကုန်ကျစရိတ်သက်သာစွာ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ခြင်း၊   သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုနည်းပါးခြင်း၊ ခေတ်မီတာဘိုင်များတွင် ငါးများသည် တာဘိုင်ဒလက်များအတွင်းမှ အလွယ်တကူဖြတ်သန်းသွားလာနိုင်ခြင်းတို့ကြောင့် run-of-river ရေအားလျှပ်စစ်စီမံကိန်းများစွာတွင် နှစ်သက်စရာရွေးချယ်မှုတစ်ခုဖြစ်လာခဲ့သည်။

၁၉ ရာစုမှစတင်၍ အကောင်အထည်ဖော်တည်ဆောက်ခဲ့ကြသော ရိုင်းမြစ်ပေါ်ရှိ အဆင့်ဆင့်အနိမ့်တမံနှင့် ဓာတ်အားပေးစက်ရုံများကို ခေတ်မီနည်းပညာများအသုံးပြု၍ ပြန်လည်ပြုပြင်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများလည်း  ဆောင်ရွက်ခဲ့ကြသည်။ ရိုင်းမြစ်ရှိ ရေအားလျှပ်စစ်စက်ရုံများကို ခေတ်မီစေရန် ပြုပြင်ပြောင်းလဲမှုများသည် ဒေသတွင်းရှိ ရေအားလျှပ်စစ်အခြေခံအဆောက်အအုံများ၏ စွမ်းဆောင်ရည်၊ ရေရှည်တည်တံ့ခိုင်မြဲမှုနှင့် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်မှုတို့ကိုမြှင့်တင်ရာတွင် အရေးပါသောအချက်တစ်ခုဖြစ်သည်။  ရေအားလျှပ်စစ် ထုတ်လုပ်မှုကိုမြှင့်တင်ရန် တာဘိုင်များအစားထိုးခြင်း သို့မဟုတ် အဆင့်မြှင့်တင်ခြင်း၊ ငါးများဖြတ်သန်း သွားလာနိုင်သောစနစ်များနှင့်ဂေဟစနစ်အပေါ်သက်ရောက်မှုများလျှော့ချခြင်း၊ မြစ်အတွင်း ရေအရည်အသွေးနှင့် ဇီဝမျိုးကွဲများကိုစောင့်ကြည့်လေ့လာခြင်း၊  အနည်အနှစ်ပို့ချမှုများကိုစီမံခန့်ခွဲခြင်း၊ ဆည်များနှင့်အခြေခံအဆောက်အအုံများ အဆင့်မြှင့်တင်ခြင်းအစရှိသော ခေတ်မီနည်းပညာများဖြင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်။ ထင်ရှားသောဥပမာတစ်ခုအနေဖြင့်လည်းကောင်း၊ စံပြုထိုက်သော အနိမ့်တမံဓာတ်အားပေးစက်ရုံတစ်ခုအနေဖြင့်လည်းကောင်း Rheinfelden အနိမ့်တမံရေအားလျှပ်စစ်စက်ရုံသည် ရိုင်းမြစ်၏ High Rhine အပိုင်း၊  ဆွစ်ဇာလန်-ဂျာမနီနယ်စပ် Rheinfelden မြို့အနီးတွင်တည်ရှိပြီး ၁၈၉၄ ခုနှစ်တွင်စတင်ကာ ၁၈၉၈ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည်။ ထိုအချိန်က ၎င်းဒေသများသည် စက်မှုလုပ်ငန်းများ အလျင်အမြန်ဖွံ့ဖြိုးတိုးတက်လျက်ရှိသောကြောင့် Rheinfelden စက်ရုံကို ဆွစ်ဇာလန်နှင့်  ဂျာမနီနိုင်ငံတို့၏ ရိုင်းမြစ်အထက်ပိုင်းဒေသများအတွက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးရန်  ရည်ရွယ်ခဲ့ကြသည်။

၂၀ ရာစု အစောပိုင်းက သုံးစွဲခဲ့သော  တာဘိုင်များတပ်ဆင်ထားပြီး တပ်ဆင်စက်အင်အား ၂၅ ဒသမ ၇ မဂ္ဂါဝပ်ရှိသည့် Rheinfelden စက်ရုံကို ထိုစဉ်က နည်းပညာဆိုင်ရာ ကြီးမားသောအောင်မြင်မှုတစ်ခုအဖြစ် မှတ်ယူခဲ့ကြသည်။ စက်ရုံကို မူလက Elektri-zitätswerk Rheinfelden AG (ဆွစ်ဇာလန်ကုမ္ပဏီ) နှင့် Rheinfelden Kraftwerk GmbH (ဂျာမနီကုမ္ပဏီ) တို့က စီမံခန့်ခွဲခဲ့ပြီး ပိုင်ဆိုင်မှု၊ လုပ်ငန်းလည်ပတ်မှုနှင့် လျှပ်စစ်မျှဝေသုံးစွဲမှုတို့ကို နှစ်နိုင်ငံကြား ညှိနှိုင်းဆောင်ရွက်ခဲ့သည်။     ဤခွဲဝေပိုင်ဆိုင်မှုပုံစံသည် ဆွစ်ဇာလန်နှင့် ဂျာမနီနိုင်ငံတို့အကြား စွမ်းအင်အရင်းအမြစ်ကို မျှဝေစီမံခန့်ခွဲမှု၏ အောင်မြင်သောဥပမာတစ်ခုဖြစ်သည်။

၁၉၆၀ ပြည့်နှစ်နှင့် ၁၉၇၀ ပြည့်နှစ်တို့တွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက် သိသိသာသာမြင့်တက်လာခဲ့ပြီး လက်ရှိအခြေခံအဆောက်အအုံများကို အဆင့်မြှင့်တင်ရန်လိုအပ်လာခဲ့သည်။ ထို့ကြောင့် ၁၉၂၀ ပြည့်နှစ်တွင် စတင်လည်ပတ်ခဲ့သော Rheinfelden မူလစက်ရုံကို ၂၀၀၃ ခုနှစ်တွင် စက်ရုံလည်ပတ်မှုရပ်စဲကာ ဖျက်သိမ်းခဲ့သည်။ လျှပ်စစ်ဓာတ်အားပိုမိုထုတ်လုပ်နိုင်ရန်၊ ရေထုစီးနှုန်းပိုမိုကောင်းမွန်လာစေရန်၊ ခေတ်မီတာဘိုင်အသစ်များနှင့်လျှပ်စစ်ဓာတ်အားပေးစက်များတပ်ဆင်ပြီး ပိုမိုကောင်းမွန်သောထိန်းချုပ်မှုစနစ်များ အကောင်အထည်ဖော်နိုင်ရန်၊ ငါးများအတွက်ဘေးကင်းသော တာဘိုင်များနှင့် ငါးဖြတ်သန်းနိုင်သောစနစ်များကို ထည့်သွင်းတည်ဆောက်ပြီး ရိုင်းမြစ်၏ဂေဟစနစ်အပေါ် သက်ရောက်မှုကိုလျှော့ချနိုင်ရန်၊  ဆွစ်ဇာလန်နှင့်ဂျာမနီတို့၏  ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးနှင့် ပြန်ပြည့်မြဲစွမ်းအင်တိုးမြှင့်ထုတ်လုပ်ရန်ဟူသည့်ရည်ရွယ်ချက်တို့ဖြင့် စက်ရုံဟောင်းကိုဖျက်သိမ်းခဲ့ပြီး ၂၀၀၃-၂၀၁၀ ပြည့်နှစ်တွင် Rheinfelden ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံအသစ်  ၁၀၀ မဂ္ဂါဝပ်ကို ပြန်လည်တည်ဆောက်၍လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ခဲ့သည်။

Rheinfelden ရေအားလျှပ်စစ်စက်ရုံသည် အခြားရေအားလျှပ်စစ်စက်ရုံများကဲ့သို့ပင်ဒေသတွင်းရွှေ့ပြောင်းငါးမျိုးစိတ်များအတွက် စိန်ခေါ်မှုများဖြစ်ပေါ်စေခဲ့သည်။ဤသက်ရောက်မှုများကိုလျှော့ချရန်နှင့် ပတ်ဝန်းကျင်ဆိုင်ရာစည်းမျဉ်းများ၊ ဂေဟဗေဒဆိုင်ရာ စံနှုန်းများနှင့်ကိုက်ညီစေရန်အတွက် ၂၀၁၁ ခုနှစ်တွင် သဘာဝငါးသွားလမ်းကြောင်းကို ဒီဇိုင်းရေးဆွဲပြီး အကောင်အထည်ဖော်ခဲ့သည်။ ငါးသွားလမ်းကြောင်းစနစ်ကို ကျောက်တုံးများ၊ ကျောက်ဆောင်များနှင့် ရေတိမ်ဒေသများဖန်တီး၍ သဘာဝမြစ်ကြမ်းပြင်နှင့် နီးစပ်အောင်ပြုလုပ်ထားသည်။ Rheinfelden ငါးသွားလမ်းကြောင်းသည် စွမ်းအင်ထုတ်လုပ်မှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ယူမှုတို့ကြား ဟန်ချက်ညီစေရန်အတွက်ဖြေရှင်းရာတွင် အောင်မြင်ပြီး တီထွင်ဆန်းသစ်သောနည်းလမ်းတစ်ခုဖြစ်ကြောင်း သက်သေပြခဲ့သည်။ ဤစက်ရုံသည် ဆွစ်ဇာလန်နှင့် ဂျာမနီနိုင်ငံတို့၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုတွင် အရေးပါသောအခန်းကဏ္ဍမှပါဝင်ခဲ့ပြီး ဒေသတွင်းရေအားလျှပ်စစ်သမိုင်းကြောင်း ဖွံ့ဖြိုးတိုးတက်မှု၏ ထင်ရှားသောစီမံကိန်းတစ်ခုလည်းဖြစ်သည်။

ရိုင်းမြစ်တစ်လျှောက် အဆင့်ဆင့်အနိမ့်တမံများတည်ဆောက်ထားခြင်းသည် ရေစီးကြောင်းကိုထိန်းညှိပေးခြင်းဖြင့် သင်္ဘောများနှင့်ရေယာဉ်များဘေးကင်းစွာနှင့်   ထိရောက်လွယ်ကူစွာ သွားလာနိုင်စေပြီး မြစ်ရေနိမ့်/မြင့်ကိုတည်ငြိမ်စေသည်။ ဤအချက်သည် စက်မှုလုပ်ငန်းနှင့် ကုန်သွယ်ရေးလုပ်ငန်းများအတွက် အထူးအရေးပါပေသည်။   ရိုင်းမြစ်ဝှမ်းဒေသတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် နှင်းများအရည်ပျော်ချိန်များတွင်ရေကြီးမှုများဖြစ်ပေါ်လေ့ရှိသည်။

Cascade Dams များသည် ရေစီးကြောင်းကိုထိန်းညှိပေးခြင်းဖြင့် မြစ်အောက်ပိုင်းတွင် ရေကြီးမှုအန္တရာယ်ကို လျှော့ချပေးသည်။ ရေများပြားသည့်ကာလများတွင် ရေကိုသိုလှောင်ထားပြီး တဖြည်းဖြည်းချင်းလွှတ်ပေးခြင်းဖြင့် ရေကြီးမှုကိုကာကွယ်ပေးသည်။တမံနှင့်ရေလွှဲဆည်များသည် မြစ်၏ရေစီးကြောင်းကိုထိန်းညှိပေးခြင်းဖြင့် စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်းနှင့်အိမ်သုံးရေတို့အတွက် တည်ငြိမ်သောရေအရင်းအမြစ်ကို ထောက်ပံ့ပေးနိုင်သည်။ မိုးများသည့်ကာလများနှင့်ရေခဲပျော်သည့်ကာလများတွင်ရေကိုသိုလှောင်ထားပြီး ခြောက်သွေ့၍ရေထုနည်းသည့်ကာလများတွင် ရေကိုဖြည်းညင်းစွာလွှတ်ပေးခြင်းဖြင့် မြစ်ရေနိမ့်/မြင့်ကိုထိန်းသိမ်းပေးနိုင်ပြီး ဂေဟစနစ်ကိုလည်း အထောက်အပံ့ဖြစ်စေနိုင်သည်။ ရိုင်းမြစ်ပေါ်တွင်ရှိသော အဆင့်ဆင့်အနိမ့်တမံများသည် အကျိုးကျေးဇူးများစွာရှိသော်လည်း မြစ်၏သဘာဝဂေဟစနစ်ကို ထိခိုက်စေခြင်း၊ ငါးများရွှေ့ပြောင်းနိုင်မှုကို ထိခိုက်စေခြင်းနှင့် အနည်အနှစ်စီးဆင်းမှုကိုပြောင်းလဲစေခြင်း၊ ရေအရည်အသွေးနှင့် ဇီဝမျိုးကွဲများအပေါ် သက်ရောက်မှုရှိခြင်း စသည့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများလည်းရှိသည်။

ထို့ကြောင့် အနိမ့်တမံနှင့်စက်ရုံများတည်ဆောက်မှုနှင့် စီမံခန့်ခွဲမှုတွင် ဤအကျိုးသက်ရောက်မှုများကို ထည့်သွင်းစဉ်းစားလာကြပြီး ပတ်ဝန်းကျင်ဆိုင်ရာသက်ရောက်မှုများကိုလျှော့ချရန် ကြိုးပမ်းမှုများပြုလုပ်ခဲ့သည်။ ငါးလှေကား၊ ငါးသွားလမ်းကြောင်းတို့ကိုထည့်သွင်းတည်ဆောက်၍ ရွှေ့ပြောင်းငါးများဖြတ်သန်းသွားလာနိုင်အောင် ကူညီပေးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်အပေါ် သက်ရောက်မှုကိုလျှော့ချပေးသည်။ အချို့ဆည်များတွင် အနည်အနှစ်များကို ဆည်၏အောက်ဘက်သို့ဖြတ်သန်းစေရန် သို့မဟုတ် ငါးများအတွက် နေထိုင်ရာနေရာများ ထိန်းသိမ်းနိုင်ရန် သဲနှင့်ကျောက်စရစ်များကို မြစ်အတွင်းသို့ထပ်မံထည့်သွင်းပေးသောစနစ်များလုပ်ဆောင်လျက်ရှိသည်။ ရေအရည်အသွေး၊ ငါးမျိုးစိတ်များနှင့် ဇီဝမျိုးစုံမျိုးကွဲများအပေါ် သက်ရောက်မှုများကိုလည်း အလေးထားစောင့်ကြည့်ပြီး ရိုင်းမြစ်၏ ဂေဟဗေဒဆိုင်ရာထိခိုက်မှုမရှိစေရေးအတွက် တိုးတက်လုပ်ဆောင်လျက်ရှိသည်။ ရိုင်းမြစ်ပေါ်ရှိ အဆင့်ဆင့်အနိမ့်တမံများတည်ဆောက်ခြင်းသည် ဒေသတွင်း လူမှုစီးပွားဆိုင်ရာ   သက်ရောက်မှုများစွာရှိပြီး ပြန်ပြည့်မြဲစွမ်းအင်ထောက်ပံ့မှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးနေသည်။  သို့သော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူထုရွှေ့ပြောင်းမှုများကဲ့သို့သော စိန်ခေါ်မှုများလည်းများစွာရှိနိုင်သည်။အဆင့်ဆင့်အနိမ့်တမံနှင့် ဓာတ်အားပေးစက်ရုံများရှိခြင်းသည် စွမ်းအင်ထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်ရေးအခြေခံအဆောက်အအုံများတိုးတက်စေခြင်း၊ ဆောက်လုပ်ရေး၊ ထိန်းသိမ်းရေးနှင့် ဆက်စပ်လုပ်ငန်းများတွင် အလုပ်အကိုင်များဖန်တီးပေးခြင်းဖြင့် ဒေသတွင်းစီးပွားရေးကိုလည်း များစွာထောက်ပံ့ပေးနေသည်။ ဤစက်ရုံများသည် နိုင်ငံတစ်ခုချင်းစီမှသည် ဒေသတွင်းနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အရေးပါသောအခန်းကဏ္ဍမှ  ဆက်လက်ပါဝင်နေပြီး ဥရောပ၏ရေရှည်တည်တံ့သောစွမ်းအင်ထုတ်လုပ်မှုရည်မှန်းချက်များအား ပြည့်မီစေရန်အတွက် အထောက် အကူပြုနေဆဲဖြစ်ကြောင်း တွေ့ရှိရသည်။

မြန်မာနိုင်ငံသည်လည်း ရေအရင်းအမြစ်ပေါကြွယ်ဝပြီး မြစ်ကြီးလေးသွယ်နှင့် မြစ်ငယ်များစွာစီးဆင်းလျက်ရှိနေသည့်အတွက် ရေချိုရရှိနိုင်မှု၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှု၊ ရေကြောင်းသွားလာရေးပိုမိုအဆင်ပြေလွယ်ကူနိုင်မှု၊ မြစ်ကြောင်းဖြောင့်တန်းထိန်းသိမ်းမှုများအား ရေရှည်ဆောင်ရွက်နိုင်မှု စသည့်အကျိုးကျေးဇူးများစွာရရှိနိုင်သည်။

အဆင့်ဆင့်အနိမ့်တမံရေအားလျှပ်စစ်စက်ရုံများတည်ဆောက်ခြင်းအားဖြင့်-

(က)   ရနိုင်သမျှ လျှပ်စစ်စွမ်းအင်အား စဉ်ဆက်မပြတ်ထုတ်ယူသုံးစွဲနိုင်ခြင်း

(ခ)     မြစ်ကြောင်းအတွင်း သောင်ထွန်းနိုင်မှုအခြေအနေများအားလျှော့ချနိုင်ခြင်း

(ဂ)     ရေကြောင်းဖြင့် ကုန်စည်ပမာဏများစွာကို ဈေးနှုန်းသက်သာစွာသယ်ယူပို့ဆောင်ဖြန့်ဖြူးပေးနိုင်ခြင်း

(ဃ)   စိုက်ပျိုးရေ၊ စက်မှုလုပ်ငန်းသုံးရေနှင့် မြို့ပြရေလိုအပ်ချက်များအား လုံလောက်စွာထောက်ပံ့နိုင်ခြင်း

(င)     အနိမ့်တမံ၏ Crest များအား တံတားအဖြစ်အသုံးပြု၍ကုန်စည်စီးဆင်းမှုအတွက် ပို့ဆောင်သွားလာဆက်သွယ်နိုင်ခြင်း

(စ)     ခြောက်သွေ့ဒေသများအတွက် စိမ်းလန်းစိုပြည်လာနိုင်ပြီးရာသီဥတုမျှတလာနိုင်ခြင်း

(ဆ)   ရေကြီး/ရေလျှံခြင်းနှင့် ရေလွှမ်းမိုးမှုမှကာကွယ်နိုင်ခြင်း

(ဇ)     ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်း

(ဈ)    အနိမ့်တမံနှင့် ဓာတ်အားပေးစက်ရုံ ပတ်ဝန်းကျင်ဒေသများ၏လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်း

(ည)   မြစ်ကြောင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို တစ်ပါတည်းစောင့်ကြည့်ဆောင်ရွက်ခြင်းဖြင့် ရေအရင်းအမြစ်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်စေနိုင်ခြင်း

( ဋ)  ရေစုပ်တင်သိုလှောင်စနစ် ရေအားလျှပ်စစ်စက်ရုံများတည်ဆောက်ရန် အထောက်အပံ့ဖြစ်စေခြင်း

စသည့်လက်ငင်းအကျိုးကျေးဇူးများစွာကို ရရှိနိုင်သည်။  ဥရောပ၏ နှလုံးသည်းပွတ်ဖြစ်သော ရိုင်းမြစ်အား ထိရောက်အကျိုးရှိစွာအသုံးပြုလျက် ရေရှည်ဟန်ချက်ညီဖွံ့ဖြိုးတိုးတက်ခြင်းအတွက် ဆောင်ရွက်နေမှုများကိုလေ့လာပြီးအနာဂတ် မြန်မာနိုင်ငံအတွက်လည်း ထိုကဲ့သို့အကျိုးကျေးဇူးများစွာရရှိနိုင်သော ရေအရင်းအမြစ်များ၊ အလားအလာကောင်းများကိုအသုံးချ၍ နိုင်ငံတော်၏ကဏ္ဍပေါင်းစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း  သုံးသပ်တင်ပြလိုက်ရပါသည်။   ။

Source: https://myawady.net.mm/stories