စရိတ်မျှဝေ ဆိုလာသုံးကြမယ်လေ

Posted_Date

Image

စရိတ်မျှဝေ ဆိုလာသုံးကြမယ်လေ

Body

မီးခဏခဏပျက်နေလို့ အိမ်မှာ ဆိုလာစနစ်ကိုတပ်ဆင်တော့မည်ဆိုပါလျှင် သူများတပ်လို့ လိုက်တပ်တာမျိုးမလုပ်သင့်ကြပါ။မိမိအသုံးနှင့် တွက်ချက်ပြီးမှသာ တပ်ဆင်သင့်သည်။  မိမိအသုံးထက် ပိုမိုတပ်ဆင်ထားခြင်းဖြင့် တပ်ဆင်မှုကုန်ကျစရိတ်နှင့် ဆိုလာပြားဈေးများပိုမိုကုန်ကျနိုင်ပြီး အသုံးမလိုပါက ပိုလျှံပြီး waste ဖြစ်သွားမည်ဖြစ်သည်။ ဤနေရာတွင် အထူးသတိရှိဖို့ရန်မှာ ဆိုလာစနစ်ကိုပဲ အထူးပြုသုံးမှာလား ။ မီးပျက်သည့်အခါပဲသုံးမှာလား။ လျှပ်စစ်မီတာခချွေတာရန်အတွက် သုံးမှာလား စသည်ဖြင့်လည်းကောင်း၊ အိမ်သုံးလား/စီးပွားရေးသုံးလား စသည်ဖြင့်လည်းကောင်း သေချာစွာစိစစ်သုံးသပ်ပြီးမှသာ  လိုအပ်သည့်ဆိုလာစနစ်ကို တပ်ဆင်သင့်သည်။  ဆိုလာစနစ်တပ်ဆင်ပြီဆိုရင်တော့ မီတာခသက်သာရအောင်   ဆိုလာစနစ်ကိုပဲအထူးပြုသုံးမယ်လို့ ရည်ရွယ်ပြီးတပ်ဆင်တာက အများဆုံးဖြစ်နိုင်သည်။

မည်သည့်အတွက် ဒါကို အဓိကထားပြောနေရသလဲဆိုပါက သုံးမည့် load နှင့် သုံးမည့်နာရီကြာချိန်သည်  တိုက်ရိုက်ပတ်သက်နေလို့ပဲဖြစ်သည်။ ကုန်ကျစရိတ်ကလည်း တိုက်ရိုက်ကို ထူးခြားစွာကွာသွားမှာဖြစ်သည်။ စနစ်တွေလည်းကွာသွားမည်ဖြစ်သည်။         

လျှပ်စစ်၏ သဘောသဘာဝကိုက  သူ့ရှိနေသည့်အတိုင်း တိုက်ရိုက်သုံးရင် ကုန်ကျစရိတ်သက်သာနေပြီး ထိန်းသိမ်း storage လုပ်မည်ဆိုလျှင်တော့ ကုန်ကျစရိတ်က မြင့်တက်လာပါပြီ။ ထိုသို့ဆန်းစစ်ပြီးပါက ဆိုလာတပ်ဆင်မှုအား လေ့လာကြည့်မည်။ သာမန်အိမ်တစ်အိမ်ဖြစ်လို့စုစုပေါင်းအသုံးက ၅၀၀၀ ဝပ် (5 kW) ရှိမည်ဟု ခန့်မှန်းတွက်ချက်ကြည့်ကြမည်။ ဤနေရာမှာ ထပ်အရေးကြီးတာက လျှပ်စစ်ပစ္စည်းတိုင်း တစ်ခုချင်းစီ၏ အသုံးပြုမည့်ကြာချိန်နာရီကို သိဖို့လိုအပ်သည်။ ဥပမာ - အဲကွန်းတစ်ကောင်ခွဲတစ်လုံးသုံးမယ်၊ ဘယ်နှနာရီသုံးနိုင်မယ်၊ မီးဖိုချောင် ထမင်း၊ ဟင်းချက်တာ လျှပ်စစ်ဘယ်နှနာရီသုံးနိုင်ခြေရှိမယ် စသည်ဖြင့်ခန့်မှန်းသိရှိထားရန် လိုအပ်သည်။ ထိုသို့ဆိုပါက အကြမ်းအားဖြင့် တွက်ချက်ကြည့်ကြမည်-               

(၁) Air con - 1.5 HP * 746 Watt = 1119    Watts Air con 1119 Watts  * 10 hr = 11190 Watts

(၂) မီးဖိုချောင် 2200 Watts  x 2.5 hr = 5500 Watts

(၃) မီးသီး/မီးချောင်း 4 ခု x 40 Watts x 8 hr = 1280 Watts

(၄) Socket များ - 50 Watts x 2 hr = 100 Watts

(၅)ရေခဲ‌သေတ္တာ  75 Watts x 24 hr = 1800 Watts

(၆)ရေတင်စက် - တစ်ကောင် - တစ်လုံး = 746 Watt x 1 hr = 746 Watts

(၇)အထွေထွေ - 2000 Watts per day

သုံးမည်ဆိုပါက စုစုပေါင်းအသုံးမှာ တစ်ရက်လျှင် 22616 Watts per day ဖြစ်မည်။   ဝန်အားပိုမိုခန့်မှန်းခြင်းအားဖြင့်တစ်ရက်လုံးအသုံးပြုခြင်းသည် 25000 Watt=25 kW ဖြစ်မည်။ ထို့ကြောင့် စုစုပေါင်း 5   kW ကို  တစ်နေကုန်လုံးမှာ ငါးနာရီသုံးနိုင်ခြေရှိသည်ဟုခန့်မှန်းတွက်ချက်သွားနိုင်မည်။ ထို့ကြောင့် အဆိုပါအိမ်အတွက် 5 kW power ရရှိနိုင်မည့် ဆိုလာစနစ်တပ်ဆင်ရမည်ဟုအဖြေရရှိပါလိမ့်မည်။ ဆက်လက်၍ ဆိုလာကိုရွေးချယ်သည့်အခါ သိသင့်သည့် ဆိုလာစနစ်တွေကိုတော့ အပိုင်းသုံးပိုင်းဖြင့် ရှင်းပြပေးမည်။

(၁) on-grid system (grid-tied system)ဓာတ်အားစနစ်နှင့်ချိတ်ဆက်သုံးစွဲခြင်း

(၂)  grid-tied with battery backup system ဓာတ်အားစနစ်ဖြင့်ချိတ်ဆက်၍ ဘက်ထရီဖြင့် ဓာတ်အားသိုလှောင်သုံးစွဲခြင်း

(၃) off grid system ဓာတ်အားစနစ်နှင့်မချိတ်ဆက်ဘဲ သီးသန့်သုံးစွဲခြင်းတို့ဖြစ်သည်။

(၁) On - grid system ဆိုသည်မှာ ရိုးရိုးရှင်းရှင်းပဲပြောရရင်နေ့လယ်ပိုင်း Solar ကနေ ပါဝါရနေချိန် Solar ကနေ တိုက်ရိုက် မီးကိုယူသုံးမယ်။ မရသည့်အချိန် EPC က မီးလာသည်ကိုပဲယူသုံးမယ်စသည်ဖြင့်ဖြစ်သည်။ တစ်ခုအရေးကြီးတာက ဤနေရာမှာ EPC ကမီးလာမှလည်း သုံးလို့ရမှာဖြစ်ပြီး EPC မီးပျက်ရင် အလိုအလျောက်          စနစ်လည်းသုံးမရပါ။ထို့ကြောင့်on-grid ဟုခေါ်သည်။ မီတာခသက်သာရအောင် အစားထိုး သုံးသည့် အထူးစနစ်ဖြစ်သည်။(ဥပမာ - ရေတင်တာတို့၊မော်တာတို့၊ စက်ရုံတို့လိုနေရာမျိုးတွေအတွက် သင့်လျော်သည်။)

(၂)   Grid-tied with battery backup system  ဆိုသည်မှာ Solar ကနေ ပါဝါရနေသည့်အချိန် အားသွင်းထားမည်။ ပြီးရင် inverter ကနေ AC ထုတ်သုံးမည်။ ဤနေရာမှာ လိုချင်သည့် gridကလည်း battery backup ကနေ ပြန်ရနေမှာဖြစ်လို့  EPC မီးပျက်လည်းသုံးနေနိုင်မှာဖြစ်သည်။   grid-tied လို့ပြောသည့်အခါ DC coupling နှင့် AC coupling ဆိုပြီး နှစ်မျိုးတွေ့ရမှာဖြစ်သည်။ပုံမှန်အသေးစားအတွက် DC coupling system က budget အဆင်ပြေစေမှာဖြစ်သည်။ load ကြီးလာလေ များလာလေ AC coupling ကပိုပြီးအဆင်ပြေစေမှာဖြစ်သည်။ ဤနေရာမှာ ယခု ခေတ်စားနေသည့် Hybrid system ဆိုတာသည် DC coupling စနစ်လို့             ပြောနိုင်သည်။ hybrid inverter ထဲမှာ controller နှင့် battery inverter ပေါင်းစပ်ထည့်ထားတာဖြစ်သည်။ ပြောချင်တာက inverter ကနေဖြတ်ပြီး battery ဆီကို DC အနေနဲ့ဝင်ပြီးbattery မှ inverter ဆီ ချိတ်ထားခြင်းဖြစ်သည်။ AC outputထွက်မည်။

(၃)  Off grid system  သည် grid tied စနစ်၏ သဘောသဘာဝအတိုင်းပဲဖြစ်သည်။ Off Grid ဟုခေါ်ဆိုခြင်း အဓိကအကြောင်းရင်းက electrical main supply ဖြစ်သည့် EPC မီးကို မချိတ်ထားတော့ခြင်းပဲဖြစ်သည်။  ပြောချင်တာကမီးလုံးဝမရသည့်နေရာတွမှာသုံးသည်။ Generator မီးစက်တို့နှင့် ချိတ်ဆက် ထားတာလိုမျိုး ဖြစ်သည်။ ဒါကို စနစ်လိုခေါ်တော့ Grid tied with generator ဟုခေါ်သည်။

စနစ်များအကြောင်း တီးခေါက်မိပြီဆိုပါက ဆိုလာအတွက်  အခြေခံတွက်ချက်မှုအား ဆက်လက်ရှင်းလင်းမည်-

(၁)solar panels အရေအတွက် ( slope - 15-20’)

(၂) inverter size

(၃)Battery size

(၄)controller size

(၅) Main cable size

အထက်ပါအချက်များကိုအခြေခံ၍ Solar panel  တွက်ပြီဆိုလျှင် သူ၏ဆိုဒ်က တစ်နေကုန်အသုံးကို အလုံးအရင်းအားရှိအောင် ဖန်တီးရမှာပါ။ အိမ်သုံးအနေနဲ့ ၅ ကီလိုဝပ် စုစုပေါင်းတစ်နေကုန်အသုံးသည် ၂၅ ကီလိုဝပ်ဖြစ်သည်ဆိုပါစို့။  (အထက်မှာ ဖော်ပြခဲ့ပြီးသည်။)  Solar panel - 550 Watts တစ်နေ့အားအဝင် ဘယ်လောက်ရှိမလဲကြည့်ရအောင် တစ်နေ့ကုန် နေ၏အပူကိုရယူနိုင်မည့်ကြာချိန်သည် နံနက် ၁၀ နာရီမှညနေ ၃ နာရီထိဟုသတ်မှတ်ရင် ငါးနာရီရမည်။ ဒါကြောင့်  ၅၅၀ x ၅ နာရီ = ၂၇၅၀  Watts Mono type ကိုသုံးမည်မို့ ၈၀ ရာခိုင်နှုန်းအသားတင်ရမည်ဆိုလျှင်၂၇၅၀ x ၀.၈ = ၂၂၀၀ ဝပ်ရမည်။ တစ်နေကုန် အလုံးအရင်းသုံးနိုင်ခြေ ၂၅၀၀၀ ဝပ်ဆိုပါစို့ ၂၅၀၀၀ / ၂၂၀၀ = ၁၁.၃၆~ ၁၂ ချပ် သုံးရမည်။(အမြန်နည်းဆိုရင်  AC- DC အချိုးလေးက ၁.၂ ပါ။ ထို့ကြောင့် ၅၀၀၀ x ၁.၂ = ၆၀၀၀ ဝပ် ထို့ကြောင့် ၅၅၀ solar panel -၁၂ ချပ် )ဟုတွက်ချက်နိုင်သည်။

လက်ရှိ မြန်မာပြည်မှာအသုံးနေကြတာများနေတာက စုစုပေါင်း load ၏ သုံးနာရီ ပျမ်းမျှယူတွက်လေ့ရှိသည်။ယခုဆိုလျှင်ဆိုလာစနစ်သုံးကြရန်အတွက်  တွက်ချက်သုံးစွဲတတ်ပြီဟု ယူဆမိသည်။ အများလုပ်လို့လိုက်လုပ်တာမဖြစ်အောင် မိမိဘာသာတွက်ချက်၍ သေချာလေ့လာပြီးမှ တပ်ဆင်သင့်ကြသည်။

အချုပ်အားဖြင့်ဆိုသော် ယခုကဲ့သို့လေ့လာတွက်ချက်ကြည့်ခြင်းဖြင့် သူများက ဆိုလာဆိုသည်နှင့် လိုက်၍ဆိုလာလုပ်နေကြသည်မျိုးမဟုတ်ဘဲ မိမိနေအိမ်၊ ရုံးဌာနအတွက် အမှန်တကယ်လိုအပ်သောပါဝါကိုတွက်ချက်၍ ဆိုလာစနစ်ကို တပ်ဆင်နိုင်ကြမည်ဟု ယူဆမိသည်။ ဆိုလာစနစ်တပ်ဆင်အသုံးပြုခြင်းဖြင့် မီတာခကို စရိတ်မျှဝေသုံးစွဲနိုင်ရုံသာမကလျှပ်စစ်ကိုလည်းချွေတာသုံးစွဲရာရောက်သဖြင့်နိုင်ငံတော်အနေဖြင့်ဆိုလာစနစ်ကျယ်ပြန့်စွာသုံးစွဲနိုင်ရေးအတွက်နည်းအမျိုးမျိုးဖြင့်ပညာပေးခြင်း၊ ဆိုလာလုပ်ငန်းများလုပ်ကိုင်ခွင့်ပြုခြင်းတို့ကို ဆောင်ရွက်ပေးခြင်းဖြင့် ဆိုလာစနစ်ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး ကို ဆောင်ရွက်သွားစေသင့်ကြောင်း တိုက်တွန်း ရေးသားတင်ပြလိုက်ရပါသည်။  ။

Source: https://myawady.net.mm/stories