မျိုးချစ်စိတ်တို့ရှင်သန်စေ သူရဲကောင်းတို့ ပျော်ရာမြေ
Posted_Date
Image

Body
သူရဲကောင်းဆိုတဲ့အဓိပ္ပာယ်ကို ဖွင့်ဆိုကြည့်မယ်ဆိုရင် တော်တော်လေးနက်တာ တွေ့ရပါတယ်။ မြန်မာအဘိဓာန်မှာတော့ သူရဲကောင်းဆိုတာ မှန်ကန်သည်ကို ရဲဝံ့စွာစွန့်စားဆောင်ရွက်တတ်သူဆိုပြီး ဖွင့်ဆိုထားပါတယ်။ ဒီတော့ သူရဲကောင်းတစ်ယောက် ဖြစ်ဖို့ဆိုတာ သူလုပ်တဲ့ကိစ္စသည် မှန်ကန်တဲ့ကိစ္စဖြစ်ရမယ်။ အဲဒီကိစ္စကိုပဲ ရဲရဲဝံ့ဝံ့နဲ့လုပ်ဆောင်ရမယ်။ လုပ်ဆောင်ရာမှာလည်း အသက်ကိုပင် ပဓာနမထားဘဲ စွန့်စားဆောင်ရွက်ရမယ်။ အဲဒီလိုသူမျိုးကိုမှ သူရဲကောင်းလို့ သတ်မှတ်တယ်လို့ဆိုနိုင်ပါတယ်။ သူရဲကောင်း တစ်ယောက်ဆိုတာ အလိုလိုနေရင်း ဖြစ်လာတာမဟုတ်ပါဘူး။ သူရဲကောင်းတစ်ယောက် ဖြစ်လာဖို့အတွက် အခြေခံစိတ်ဓာတ်တစ်ခု မဖြစ်မနေရှိကိုရှိရမှာပါ။ အဲဒီစိတ်ဓာတ်ကတော့ “မျိုးချစ်စိတ်” ပါပဲ။
မျိုးချစ်စိတ်ဆိုတဲ့အဓိပ္ပာယ်ကလည်း သိပ်ကိုနက်ရှိုင်းပါတယ်။ လူတစ်ဦး တစ်ယောက်တည်းကိုချစ်ရုံ၊ လူနည်းစုကိုချစ်ရုံနဲ့ မျိုးချစ်စိတ်လို့ မခေါ်နိုင်ပါဘူး။ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးကောင်းစားရေးအတွက် ရှေးရှုခြင်းကိုသာ မျိုးချစ်စိတ်လို့ ခေါ်နိုင်တာပါ။ ကမ္ဘာနဲ့ယှဉ်လာရင် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး ကောင်းစားရေး၊ တိုးတက်မြင့်မားရေးတို့အတွက် ဦးစားပေးဆောင်ရွက်လိုတဲ့ စိတ်မျိုးကို မျိုးချစ်စိတ်လို့ခေါ်ပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့ မျိုးချစ်စိတ်ကိုအရင်းခံပြီး သူရဲကောင်းပီသစွာ နယ်ချဲ့တို့ကိုတွန်းလှန်တိုက်ထုတ်ခဲ့ကြတဲ့ ကျွန်တော်တို့ရဲ့ ဘိုးဘေးဘီဘင်များကြောင့်သာ အခုလိုမျိုးလွတ်လပ်ရေးကို ရရှိခဲ့တာပါ။
နယ်ချဲ့တယ်ဆိုတာက အခုနောက်ပိုင်းမှ ပေါ်ပေါက်လာတဲ့ အရာမဟုတ်ပါဘူး။ သမိုင်းမတင်မီကာလကတည်းကပင် နယ်ချဲ့တယ်ဆိုတာရှိပါတယ်။ ဒီလိုနယ်ချဲ့မှုမျိုးကို တွန်းလှန်တိုက်ခိုက်ဖို့အတွက် နိုင်ငံသားတိုင်းမှာ မျိုးချစ်စိတ်ဆိုတာရှိရပါတယ်။
ဒါ့အပြင် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးအပေါ် တစ်ပါးသူက ကျူးကျော်စော်ကားလာနိုင်ခြင်း မရှိစေဖို့အတွက်လည်း မျိုးချစ်စိတ်ကိုအရင်းခံပြီး သူတစ်ပါးကိုမထိခိုက်စေဘဲ ကိုယ့်အင်အားကိုခိုင်မာအောင် ထူထောင်ရပါတယ်။ ဒါမှလည်း ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးကို ထိပါးစော်ကားချင်တယ် ဆိုရင်တောင်မှ တစ်ပါးသူအနေနဲ့ တော်ရုံတန်ရုံ အားမထုတ်နိုင်တော့မှာဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးကိုရောက်ရှိစေဖို့ အတွက်ဆိုရင် မျိုးချစ်စိတ်ကိုအရင်းခံရမှာပါ။
မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ရေးဆိုတာ အင်မတန်မှ လိုအပ်လှတဲ့အရာဖြစ်ပါတယ်။ တကယ်လို့များ မျိုးချစ်စိတ်မရှိဘူးဆိုရင် ကိုယ့်နိုင်ငံအရေးကို သူများက ဝင်စွက်ဖက်ခွင့်ရသွားမယ်။ တစ်နည်းအားဖြင့် အနုနည်းနဲ့ သူ့ကျွန်ဘဝရောက်သွားသလို ဖြစ်သွားပါလိမ့်မယ်။ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးနဲ့ပတ်သက်ပြီး ပြောစရာလေးတွေရှိလို့ အရင်ဆုံးပြောပါရစေ။
မျိုးချစ်စိတ်ဓာတ်ဆိုတာ မွေးမြူရတာပါ။ ဘယ်လိုမျိုး မွေးမြူရမလဲဆိုတာနဲ့ပတ်သက်ပြီး လက်တွေ့အခြေအနေတွေနဲ့ နှိုင်းယှဉ်သုံးသပ်သွားပါမယ်။ ဒီလိုမျိုးနှိုင်းယှဉ်ဖို့အတွက် ဥပမာလေးတစ်ခုကိုထုတ်ပြပါရစေ။ အဲဒီဥပမာကတော့ မကြာသေးခင်ကမှ ရုရှားနိုင်ငံမှာ ကြီးကျယ်ခမ်းနားစွာ ကျင်းပသွားတဲ့ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ် အခမ်းအနားကြီးပဲ ဖြစ်ပါတယ်။ အဲဒီအခမ်းအနားကြီးမှာ အထင်ရှားဆုံး အခမ်းအနားက စစ်ရေးပြ အခမ်းအနားပဲဖြစ်ပါတယ်။ အဲဒီစစ်ရေးပြအခမ်းအနားကြီးက ရုရှားပြည်သူများ၊ အထူးသဖြင့် ရုရှားလူငယ်များကို မျိုးချစ်စိတ်ရှင်သန်ထက်မြက်စေတဲ့ အခမ်းအနားကြီးလို့ပြောရမှာပါ။
မဟာမျိုးချစ်စစ်ပွဲကြီးဆိုတာ အကြောင်းမဲ့ကင်ပွန်း တပ်ထားတာမဟုတ်ပါဘူး။ သူ့ရဲ့ နောက်ခံအကြောင်းရင်းကိုက တစ်မျိုးသားလုံး ရဲဝံ့စွန့်စားမှုရှိစွာ နယ်ချဲ့ရန်ကိုတွန်းလှန် တိုက်ထုတ်နိုင်ခဲ့လို့ မဟာမျိုးချစ်စစ်ပွဲလို့ အမည်တွင်တာဖြစ်ပါတယ်။
ပွင့်လင်းစွာပြောရရင် မျိုးချစ်စိတ်ကို အရင်းခံပြီး အောင်ပွဲရယူနိုင်ခဲ့တဲ့ စစ်ပွဲဖြစ်လို့လည်း မဟာမျိုးချစ်စစ်ပွဲလို့ခေါ်တွင်တာပါ။ သူ့ရှေ့မှာ မျိုးချစ်စစ်ပွဲဆိုတာ ဖြစ်ပွားခဲ့ပါသေးတယ်။ ၁၈၁၂ ခုနှစ် နပိုလီယံလက်ထက်မှာ ပြင်သစ်က ရုရှားအင်ပါယာကို ကျူးကျော်ခဲ့တာပါ။ အဲဒီစစ်ပွဲကိုတော့ မျိုးချစ်စစ်ပွဲလို့သာခေါ်ပါတယ်။ အခုမဟာမျိုးချစ်စစ်ပွဲကြီးရဲ့ နောက်ခံအကြောင်းရင်းကို ရှင်းပြပါဦးမယ်။
ကမ္ဘာမှာနိုင်ငံပေါင်းစုံပါဝင်ပြီး ကမ္ဘာနဲ့ချီတဲ့စစ်ပွဲကြီး နှစ်ကြိမ်ဖြစ်ပွားခဲ့ဖူးတာ အားလုံးအသိပါ။ သူ့ကိုပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်ဆိုပြီးခေါ်ပါတယ်။ ဒီနေရာမှာ ဒုတိယကမ္ဘာစစ်အကြောင်းကိုသာ အဓိကထားပြီးပြောပါမယ်။ ဒုတိယကမ္ဘာစစ် ဖြစ်ပွားရတဲ့အကြောင်းရင်းက ဝင်ရိုးတန်းနိုင်ငံများနဲ့ မဟာမိတ်အဖွဲ့များကြား အားပြိုင်မှုကနေတစ်ဆင့် နယ်ချဲ့ကျူးကျော်မှုတွေ ဖြစ်ပွားလာရတဲ့အတွက်ဖြစ်ပါတယ်။
၁၉၃၉ ခုနှစ် စက်တင်ဘာလ ၁ ရက်မှာ နာဇီဂျာမနီတို့က ပိုလန်နိုင်ငံကို ကျူးကျော်တိုက်ခိုက်ခြင်းဖြင့် ဒုတိယကမ္ဘာစစ် စတင်လာခဲ့ရတာပါ။ အဲဒီအချိန်တုန်းက အခုရုရှားနိုင်ငံဆိုတာ ဆိုဗီယက်ပြည်ထောင်စုကို ဦးဆောင်သူပေါ့။ အစောပိုင်းတုန်းက ဆိုဗီယက်ပြည်ထောင်စုဟာ ဒုတိယကမ္ဘာစစ်ထဲကို ဝင်ပါခြင်းမရှိပါဘူး။ ဒါပေမဲ့ နာဇီဂျာမနီတို့က စစ်သွေးစစ်မာန်တွေတက်ကြွပြီး ဆိုဗီယက်ပြည်ထောင်စုအပေါ်ကျူးကျော်လာတဲ့အတွက် ဆိုဗီယက်ပြည်ထောင်စုကလည်း နာဇီဂျာမနီတို့ရဲ့ ကျူးကျော်မှုကို တွန်းလှန်တိုက်ထုတ် ခဲ့တာဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်ဟာ မဟာမိတ်များနဲ့ ဝင်ရိုးတန်းနိုင်ငံများကြား အားပြိုင်မှုကြောင့် ဖြစ်ပွားရတယ်ဆိုပေမယ့် ဆိုဗီယက်ပြည်ထောင်စုအပေါ် နာဇီဂျာမနီတို့ရဲ့ ကျူးကျော်မှု ကိုတော့ ဆိုဗီယက်ပြည်ထောင်စုကသာ ကြံ့ကြံ့ခံတွန်းလှန်တိုက်ထုတ်ခဲ့ရတာပါ။
အစောပိုင်းတုန်းကတော့ ဆိုဗီယက်ပြည်ထောင်စုဟာ နာဇီဂျာမနီတို့ရဲ့ လက်အောက်ကို ကျရောက်လုနီးပါးဖြစ်ခဲ့ရတာပါ။ ဒါပေမဲ့ ဆိုဗီယက်ပြည်ထောင်စုမှ တစ်ပြည်တည်းသားတွေဟာ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် မျိုးချစ်စိတ်ဓာတ်တက်ကြွလာမှုနဲ့အတူ စစ်ပွဲကြီးထဲကို ကိုယ်တိုင်အသိစိတ်ဖြင့် ပါဝင်လာပြီး တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ကြခြင်းကြောင့်သာ နာဇီဂျာမနီတို့ကို ဘာလင်မြို့အထိ တိုက်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ဆိုဗီယက်ပြည်ထောင်စုဖွား နိုင်ငံသားများရဲ့ မျိုးချစ်စိတ်အပေါ် နာဇီဂျာမနီတို့က ဘယ်လိုမှ တင်းခံနိုင်ခြင်းမရှိတော့ဘဲ ၁၉၄၅ ခုနှစ် မေလ ၈ ရက် ညပိုင်းမှာ လက်နက်ချအညံ့ခံလိုက်ရပါတော့တယ်။ ဒါကြောင့် ၁၉၄၅ ခုနှစ် မေလ ၉ ရက်ကို မဟာမျိုးချစ်စစ်ပွဲကြီး အောင်ပွဲနေ့အဖြစ် သတ်မှတ်လိုက်တာပါ။
မဟာမျိုးချစ်စစ်ပွဲကြီးဆိုတာက ဆိုဗီယက်ပြည်ထောင်စုဖွား နိုင်ငံသားများရဲ့ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်မှုကို ဖော်ကျူးနေတဲ့ စစ်ပွဲကြီးဖြစ်ပါတယ်။ ဒါပေမဲ့ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက်ပိုင်းမှာတော့ ယခင်ဆိုဗီယက် ပြည်ထောင်စုကြီးနဲ့အတူ နယ်ချဲ့တို့ကိုတွန်းလှန် တိုက်ထုတ်ခဲ့ကြသူများရဲ့ သားစဉ်မြေးမြစ်တွေက မျိုးချစ်စိတ်ဆိုတာကို မေ့လျော့သွားကြပါတယ်။ ဆိုဗီယက်ပြည်ထောင်စုကနေ ခွဲထွက်သွားပေမယ့် ရုရှားနိုင်ငံနဲ့အတူ ဆက်လက်တည်ရှိနေတဲ့ နိုင်ငံအချို့ကသာ မျိုးချစ်စိတ်ရှင်သန်ထက်မြက်အောင် သူတို့ရဲ့မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းပေးနေတာတွေ့ရပါတယ်။ ဘယ်လိုနည်းနဲ့ လက်ဆင့်ကမ်းပေးနေလဲဆိုရင် အခုလိုမျိုး စစ်ရေးပြ အခမ်းအနားကြီးတွေကို ကြီးကျယ်ခမ်းနားစွာ ကျင်းပခြင်းအားဖြင့် လက်ဆင့်ကမ်းပေးနေတာပါ။
အခုဆက်ပြီးတော့ စစ်ရေးပြအခမ်းအနားကြီးနဲ့ ပတ်သက်တဲ့ မှတ်သားဖွယ်ရာတချို့ကို ဆက်လက်ပြောပြပါမယ်။ ဟိုးအရင်နှစ်များဆီက မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲအထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကို အခုလိုမျိုး ကြီးကျယ်ခမ်းနားစွာ ကျင်းပနိုင်ခြင်းမရှိခဲ့ပါဘူး။ အဲဒီအချိန်တုန်းက အမေရိကန်နဲ့ ဆိုဗီယက်ပြည်ထောင်စုတို့ကြား အားပြိုင်မှုများ၊ ပြည်တွင်းရေးမှာ နိုင်ငံရေးလွန်ဆွဲမှုများ အစရှိတဲ့ အကြောင်းရင်းများစွာကြောင့် စစ်ရေးပြ အခမ်းအနားကို ကျင်းပနိုင်ခြင်းမရှိခဲ့တာပါ။ အဲဒီအချိန်မှာ ဆိုဗီယက်ပြည်ထောင်စုဖွားနိုင်ငံသားများရဲ့ မျိုးချစ်စိတ်ဓာတ်သည်လည်း မှေးမှိန်ခဲ့ရကာ နောက်ဆုံးမှာ ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲရသည်အထိ ဖြစ်ခဲ့ရပါတယ်။ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲရတာက ၁၉၉၁ ခုနှစ်မှာပါ။ အဲဒီအချိန်မှာ အောင်ပွဲနေ့စစ်ရေးပြ အခမ်းအနား ကျင်းပနိုင်ခြင်းမရှိတဲ့အပြင်
၁၉၉၂ ခုနှစ်မှ ၁၉၉၄ ခုနှစ်အထိ ရင်ပြင်နီမှာ ကျင်းပနိုင်ခြင်းမရှိဘဲ ဒေသတချို့မှာသာ ကျင်းပနိုင်ခဲ့ပါတယ်။ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၅၀) ပြည့်မြောက်တဲ့ ၁၉၉၅ ခုနှစ်မှစလို့ ယနေ့အချိန်အထိ တစ်နှစ်မှမပျက်ကွက်ဘဲ စစ်ရေးပြအခမ်းအနားကို ကျင်းပလာခဲ့ခြင်းကြောင့် ရုရှားပြည်သူများရဲ့ မျိုးချစ်စိတ်ဓာတ်များသည်လည်း ပြန်လည်ရှင်သန်နိုးကြားလာခဲ့ရပါတယ်။ အထူးသဖြင့် လက်ရှိရုရှားသမ္မတ မစ္စတာဗလာဒီမာပူတင်လက်ထက်မှာ စစ်ရေးပြအခမ်းအနားများကို ကြီးကျယ်ခမ်းနားစွာ ကျင်းပလာခဲ့တာပါ။ စစ်ရေးပြအခမ်းအနားနဲ့ မျိုးချစ်စိတ်ကဘယ်လို ပတ်သက်နေလဲဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း ပြောပါဦးမယ်။ စစ်ရေးပြအခမ်းအနားတစ်ခု ခမ်းခမ်းနားနားနဲ့ အောင်မြင်စွာ ကျင်းပနိုင်ဖို့ဆိုရင် ငွေအား၊ လူအားအစရှိတဲ့ အရင်းအမြစ်တွေ အားလုံးထုတ်သုံးရပါတယ်။ စစ်ရေးပြအခမ်းအနားမှာ ပါဝင်စစ်ရေးပြကြသူတွေကလည်း အားမာန်အပြည့်နဲ့ကို စစ်သွေးစစ်မာန်တက်ကြွစွာ ပါဝင်စစ်ရေးပြကြရတာပါ။ စစ်ရေးပြလျှောက်သူတွေရဲ့ လှုပ်ရှားမှုတစ်ခုချင်းစီတိုင်းက ကြည့်နေသူတွေကို ရဲစိတ်ရဲမာန်တက်ကြွစေပါတယ်။ ပြီးတဲ့အခါ သူတို့ဘာကြောင့် အခုလိုမျိုးတက်ကြွမှုနဲ့ စစ်ရေးပြလျှောက်နေရတာလဲဆိုတာကို ဆက်စပ်တွေးမိစေပါတယ်။ အဲဒီလိုတွေးမိတဲ့အခါ စစ်သည်တိုင်းသည် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးကို ကာကွယ်စောင့်ရှောက်နေကြသူတွေပါလား ဆိုတဲ့ အတွေးဝင်လာစေပါတယ်။ ဒီလိုမျိုးအတွေးဝင်လာမှုနဲ့အတူ ကိုယ်သည်လည်း သူတို့လိုမျိုး ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးကို ကာကွယ်စောင့်ရှောက်လိုစိတ်တွေ ဖြစ်ပေါ်လာရပါတယ်။ နောက်ဆုံးမှာတော့ မျိုးချစ်စိတ်က ရှင်သန်ထက်မြက်လာရခြင်းပဲဖြစ်ပါတယ်။
အခုရုရှားတို့ရဲ့ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ အထိမ်းအမှတ်စစ်ရေးပြ အခမ်းအနားကို ကြည့်လိုက်ရင်လည်း ရုရှားပြည်သူတွေအနေနဲ့ ဘယ်လောက်အထိ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်နေတယ် ဆိုတာကိုတွေ့ရပါတယ်။ အဲဒီအခမ်းအနားမှာ မဟာမျိုးချစ်စစ်ပွဲကြီးအတွင်း ပါဝင်ဆင်နွှဲ တိုက်ခိုက်ခဲ့ကြတဲ့ စစ်သည်တော်ဟောင်းကြီးများ ကိုယ်တိုင်သာမက သူတို့ရဲ့သားမြေးမြစ်များကိုပါ ခေါ်ဆောင်လာခဲ့တာလည်း တွေ့ရပါသေးတယ်။ ဒါဟာ စစ်သည်တော်ဟောင်းကြီးများက သူတို့ရဲ့မျိုးချစ်စိတ်ဓာတ်ကို သားစဉ်မြေးမြစ် လက်ဆင့်ကမ်း အမွေပေးခြင်းလည်း ဖြစ်ပါတယ်။ စစ်ရေးပြ အခမ်းအနားနဲ့ ပတ်သက်ပြီး ရုရှားအစိုးရရဲ့ သတ်မှတ်ချက်တစ်ခုရှိပါတယ်။
အဲဒါကတော့ ဒီစစ်ရေးပြအခမ်းအနားကို ဖိတ်ခေါ်ခံရသူတိုင်းဟာ အသက်ငါးနှစ်အရွယ်ကစလို့ ကလေးငယ်တွေကို ခေါ်လာခွင့်ရှိတယ်ဆိုတဲ့အချက်ပါပဲ။
အသက်ငါးနှစ်ဆိုတာ တစ်ခုခုကိုအားကျ အတုယူတတ်တဲ့အရွယ်၊ သင်လွယ်တတ်လွယ်အရွယ်ဖြစ်တာကြောင့် စစ်ရေးပြအခမ်းအနားကို လာကြည့်တဲ့ သူတို့လေးတွေရဲ့စိတ်ထဲမှာ မျိုးချစ်စိတ်ဓာတ်က မသိမသာ ဝင်ရောက်နေရာယူသွားပါတယ်။ ဒီလိုနဲ့ သူတို့လေးတွေ အရွယ်ရောက်လာချိန်မှာ သူတို့ရင်ထဲကိန်းအောင်းနေတဲ့ မျိုးချစ်စိတ်ဓာတ်က တဖြည်းဖြည်းနဲ့ ရှင်သန်ရင့်ကျက် ထက်မြက်လာပါတော့တယ်။
ဒီစစ်ရေးပြအခမ်းအနားကို ကျင်းပပေးရခြင်းဟာ မဟာမျိုးချစ်စစ်ပွဲကြီးအတွင်း ပါဝင်တိုက်ခိုက်ခဲ့ကြတဲ့ စစ်သည်တော်များကိုသာမက ဘက်စုံထောင့်စုံမှ ပါဝင်ကူညီပေးခဲ့ကြတဲ့ ပြည်သူများကိုပါ ဂုဏ်ပြုပေးခြင်းဖြစ်တယ်လို့သိရပါတယ်။ ဒါကြောင့်လည်း စစ်ရေးပြအခမ်းအနားကို တက်ရောက်လာကြတဲ့ ရုရှားနိုင်ငံသူ၊ နိုင်ငံသားတိုင်းက စစ်ရေးပြမှာပါဝင်စစ်ရေးပြကြသူများမှတစ်ဆင့် ရုရှားစစ်သည်တော်တွေကိုပါ ယုံကြည်လေးစားအားကိုးတဲ့စိတ်တွေ ဖြစ်ပေါ်လာတာကို တွေ့ရပါတယ်။ ဒီကမှတစ်ဆင့် ရုရှားစစ်သည်တော်တွေနဲ့ ရုရှားပြည်သူတွေကြားမှာ တစည်းတလုံးတည်း ရှိလာတာကိုလည်း လေးစားဖွယ်ရာမြင်တွေ့ရပါတယ်။ ဒီလိုမျိုးအခြေအနေ ဖြစ်လာရခြင်းရဲ့အဓိကအကြောင်းရင်းကို မြစ်ဖျားခံကြည့်တော့ မဟာမျိုးချစ်စစ်ပွဲကြီးရဲ့ အောင်မြင်မှုနဲ့ ဆက်စပ်နေပါတယ်။ မဟာမျိုးချစ်စစ်ပွဲကြီးရဲ့ အောင်မြင်မှုက ရုရှားပြည်သူတွေရဲ့ ရင်ထဲမှာ မျိုးချစ်စိတ်ကို ကိန်းအောင်းလာစေတာပါ။ မျိုးချစ်စိတ် ကိန်းအောင်းပြီး ရှင်သန်ထက်မြက်လာမှုက သူရဲကောင်းတွေကို ပေါ်ထွက်လာစေတာဖြစ်တယ်လို့ ကျွန်တော်ကတော့ မြင်မိပါတယ်။
ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း မျိုးချစ်စိတ်ဓာတ်ကို အရင်းခံပြီးရရှိခဲ့တဲ့ အောင်မြင်မှုများစွာရှိပါတယ်။ ဥပမာအားဖြင့် နယ်ချဲ့အင်္ဂလိပ်တို့ကို တော်လှန်တာမျိုး၊ ဖက်ဆစ်ဂျပန်တို့ကို တော်လှန်တာမျိုး၊ တရုတ်ဖြူတို့ရဲ့ ကျူးကျော်စစ်ကို တွန်းလှန်တိုက်ခိုက်တာမျိုးတွေဟာ မြန်မာစစ်သည်တော်များရဲ့ မျိုးချစ်စိတ်ကို အရင်းခံပြီး အောင်မြင်ခဲ့တဲ့ တိုက်ပွဲတွေဖြစ်ပါတယ်။ မဟာမျိုးချစ်စစ်ပွဲကြီးမှာ ဆိုဗီယက်ပြည်ထောင်စုမှ နိုင်ငံသူ၊ နိုင်ငံသားများက မျိုးချစ်စိတ်ကိုအရင်းခံပြီး သူရဲကောင်းတွေဖြစ်ခဲ့ကြသလို ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း မျိုးချစ်စိတ်ကိုအရင်းခံပြီး ဖြစ်ပေါ်လာခဲ့တဲ့ သူရဲကောင်းတွေများစွာရှိပါတယ်။ ဒီသူရဲကောင်းတွေရဲ့ သားစဉ်မြေးမြစ်တွေသည်လည်း လက်ရှိမြန်မာနိုင်ငံမှာ မှီတင်းနေထိုင်နေကြတုန်းပါပဲ။ ပြောရမယ်ဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံသား အားလုံးက သူရဲကောင်းများရဲ့ မျိုးဆက်များဖြစ်ကြပါတယ်။ သူရဲကောင်းများရဲ့ မျိုးဆက်များပီပီ ကျွန်တော်တို့အားလုံးမှာလည်း မျိုးချစ်စိတ်ဓာတ်ဆိုတာရှိပါတယ်။ ဒါကြောင့်လည်း မဟာမျိုးချစ်စစ်ပွဲကြီးကြောင့် ရုရှားနိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ရင်ထဲမှာ မျိုးချစ်စိတ်ဓာတ်ပျံ့နှံ့ ရှင်သန်လာသလိုမျိုး ကျွန်တော်တို့ရဲ့ သူရဲကောင်းဘိုးဘေးဘီဘင်များကြောင့်လည်း ကျွန်တော်တို့ရဲ့ရင်ထဲမှာ မျိုးချစ်စိတ် ပျံ့နှံ့ရှင်သန်လာသင့်ပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံဟာ အမျိုးမှန်ပြီးအဖိုးတန်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တာနဲ့အညီ မြန်မာ့တပ်မတော်ဆိုတာကလည်း သမိုင်းကြောင်းကောင်းများနဲ့ ရှင်သန်ရပ်တည်လာတဲ့၊ ရပ်တည်နေဆဲ၊ ဆက်လက်ပြီး ကမ္ဘာတည်သရွေ့ ရပ်တည်သွားမယ့်အဖွဲ့အစည်းကြီးတစ်ခုဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းမှာပါဝင်ပြီး တာဝန်ထမ်းဆောင်နေကြသူများဟာ သာမန်လူတွေထက် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်သူများဖြစ်တယ်လို့ဆိုရမှာပါ။ တကယ်တော့ တပ်မတော်သားများသာမက ပြည်သူတစ်ရပ်လုံးကပါ တပ်မတော်သားများနဲ့အတူ တစည်းတလုံးတည်းရှိပြီး မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်လာမယ် ဆိုရင်ဖြင့် ကျွန်တော်တို့မြန်မာနိုင်ငံသည်လည်း သူရဲကောင်းတို့ပျော်ရာ မြေမဟာ ဖြစ်လာမှာဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။ ။
Source: https://myawady.net.mm/stories