အချိန်အခါမလင့် ပညာသင်ယူနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်
Posted_Date
Image

Body
ပညာရေးသည် ရပ်တန့်၍ရသောအရာမဟုတ်လူတို့၏ အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုနှင့် သဘောထားအယူအဆ၊ အမြင်တို့ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ရသည့်ဖြစ်စဉ် တစ်ခုဖြစ်သည်။ လူငယ်များသည် မိမိတို့၏ ဆန္ဒ၊ မိမိတို့၏ ရည်ရွယ်ချက်ပန်းတိုင်သို့ အရောက်လှမ်း နိုင်ရန်အတွက် ကလေးဘဝမှစ၍ ပညာကို အပတ်တကုတ်ဆည်းပူးလေ့လာရန် လိုအပ်သည်။ ပညာဆည်းပူးလေ့လာရာတွင် စာသင်ကျောင်းသည် အကောင်းဆုံး၊ အသင့်လျော်ဆုံး ပညာသင်ယူရာ နေရာဖြစ်၍ ပညာပေးရာစာသင်ကျောင်းသို့ ကျောင်းနေအရွယ်ကလေးအားလုံးရောက်ရန် အရေးကြီးပေသည်။ တစ်နည်းအားဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန် စတင်တော့မည်ဖြစ်သည်။
ပညာခေတ်တွင် မိမိတို့၏ ရင်သွေးငယ်များ
နောက်ကျကျန်ရစ်မှုမဖြစ်စေရန်၊ ဆုံးရှုံးနစ်နာမှု မဖြစ်စေရန် မိဘတို့က ဝတ္တရားရှိသည့်အတိုင်း ငယ်စဉ်ကတည်းက ပညာသင်ကြားနိုင်ရန် အခြေအနေကောင်းများကို ဖန်တီးပေးကြရမည်ဖြစ်သည်၊၊ ပညာရှာ လူငယ်များ၏ အနာဂတ်ကို အလေးထား လေးစားသောအားဖြင့် မပျက်မကွက် ကျောင်းအပ်နှံပေးကြရမည် ဖြစ်သည်။ ပညာရှာလူငယ်များအနေဖြင့်လည်း အပြိုင်အဆိုင်ပို၍မြင့်မားလာသော ယနေ့ကမ္ဘာတွင် သာမန်ထက်ထူးချွန်သည့် လူရည်ချွန်ပညာတတ်ကြီးများဖြစ်လာစေရန် ကိုယ်တိုင်ကြိုးစားလေ့လာ သင်ယူကြရန် လိုအပ်သည်။ ပညာရလာလျှင် ၎င်းပညာဖြင့် အဆိုးအကောင်း၊ အကျိုးအကြောင်းကို ခွဲခြားသိမြင်တတ်လာသည်။ ပညာမရှိလျှင် မျက်မမြင်နှင့်အလားတူ၍ စမ်းတဝါးဝါးဖြင့် လိုရာမရောက်ဘဲ ဒုက္ခအဖုံဖုံကြုံရသလို အရာရာတွင် ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်း မရှိသဖြင့် နောက်ဆုံးဒုက္ခအတွင်း၌သာ နစ်မြုပ်ရသည်။ ထို့ကြောင့် အရာရာတွင် အဆိုးအကောင်း၊ အကျိုးအကြောင်းကို ခွဲခြားသိတတ်သော ပညာရှိရန်လိုအပ်၍ ပညာဖြင့်ကျိုးကြောင်းသိမြင်ကာ အရာရာဆောင်ရွက်လုပ်ကိုင်သွားမှသာ ချမ်းသာ သုခရရှိနိုင်မည် ဖြစ်သည်။
ပညာအခြေခံ လူ့စွမ်းအားအရင်းအမြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် “တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာမြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှုအထောက်အကူပြု ပညာရှင်များ ထွန်းကား လာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည် ဖော်ဆောင်ရေး” ဟူ၍ လူမှုရေးဦးတည်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လူ့စွမ်းအား အရင်းအမြစ်များ ဖြစ်လာမည့် ကျောင်းနေအရွယ် ကလေးအားလုံးကို မြေတောင်မြှောက်ပေးလျက်ရှိသည်။ နိုင်ငံတစ်နိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရာတွင် လူသားအရင်းအမြစ်သည် အဓိကကျသဖြင့် ပညာကို အဓိကတည်ဆောက်ကြရမည်ဖြစ်သည်။ နိုင်ငံရေးတည်ငြိမ်မှု၊ ရင့်ကျက်မှု၊ စီးပွားရေးတိုးတက်မှုများသည် ပညာတတ် ပေါကြွယ်ဝမှုနှင့် တိုက်ရိုက်အချိုးကျလျက်ရှိသည်။ ထို့ကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်များ ပေါကြွယ်ဝရေးကို နိုင်ငံတော်က ဦးတည်ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
အခြေခံပညာသည် နိုင်ငံ့သားကောင်းဖြစ်မြောက်ရေးအတွက် တာဝန်ယူပြုစုပျိုးထောင်ပေးရသော ပညာရေး ဖြစ်သည်နှင့်အညီ “ဗလငါးတန်” နှင့် ပြည့်စုံသော နိုင်ငံ့သားကောင်းဖြစ်လာစေရန် အခြေခံပညာ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်တို့တွင် အဆင့်အလိုက် သင်ယူသူတို့၏ ဗီဇ၊ အထုံ၊ ဝါသနာ၊ စိတ်ဝင်စားမှု၊ စိတ်အားထက်သန်မှုတို့အလျောက် အခြေခံပညာသင်ယူသူတစ်ဦးချင်းစီအလိုက် ခံယူနိုင်မှုစွမ်းဆောင်ရည်တို့အရ ကြိုးစားအားထုတ်သင်ယူစေရန်ဖြစ်သည်။
“ပညာရေးကို ပညာရေးနှင့်ဆက်နွှယ်ပတ်သက်သူများအားလုံး ပေါင်းစု တာဝန်ယူဆောင်ရွက်ရမည်” ဟူသော အခြေခံသဘောတရားတစ်ရပ်ရှိသည်နှင့်အညီ ကလေးများကျောင်းနေမြဲရန်၊ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ဆရာများ၊ ကျောင်းအုပ်များ၊ ပညာရေးကြီးကြပ်သူများ၊ မိဘနှင့် ရပ်ရွာလူထုများ၊ ကျောင်းသားများ၊ ပညာရေးတွင် ပါဝင်ပတ်သက်သူများအားလုံးပေါင်းစု၍ အကောင်အထည်ဖော်ရမည်ဖြစ်သည်။
နိုင်ငံတော်အစိုးရ၏ ပညာရေးမျှော်မှန်းချက်သည် နိုင်ငံသားတိုင်း၊ ကျောင်းနေအရွယ်ကလေးငယ်တိုင်း အနည်းဆုံး KG+9 (အခြေခံပညာ အလယ်တန်းအဆင့် ) ပြီးဆုံးသည်အထိ ပညာသင်ကြားနိုင်ရေးပင်ဖြစ်သည်။ အခြေခံပညာအလယ်တန်းအဆင့် အောင်မြင်ပြီးမြောက်သူမှသာ သက်မွေးပညာသင်တန်းကျောင်းများသို့ တက်ရောက်ရန် အရည်အချင်းပြည့်မီမည်ဖြစ်သည့်အတွက် အလယ်တန်းအဆင့် အောင်မြင်ပြီးမြောက်သည့် ကျောင်းသားများ၏ဘဝအတွက် အာမခံချက်ပင်ဖြစ်သည်။ ထို့ကြောင့် မိဘအုပ်ထိန်းသူများအနေဖြင့် အနည်းဆုံးအခြေခံပညာအလယ်တန်းအဆင့် Grade-9 အောင်မြင်ပြီးမြောက်သည်အထိ ကျောင်းထားနိုင်ရေး ဦးစွာရည်မှန်းထားရန်လိုအပ်သည်။ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းသို့ရောက်ရှိပါက အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်နှင့်အညီ ကျွမ်းကျင်တတ်မြောက်ရမည့် အသိပညာဗဟုသုတများ ပြည့်ဝနေရန်အတွက် သင်ကြားသင်ယူမှု ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးခြင်းဖြင့် ကျောင်းနေပျော်၍ စာတတ်မြောက်သော၊ စာတော်သော ကျောင်းသားလူငယ်များ၊ နိုင်ငံ၏အနာဂတ်သားကောင်းများပေါ်ထွန်းလာမည်ဖြစ်သည်။
ဘဝတစ်သက်တာ သင်ယူလေ့လာနေကြရပညာရေးဆိုသည်မှာ အမျိုးမျိုးသော သင်ယူလေ့လာမှု နည်းလမ်းများမှတစ်ဆင့် ရရှိသည့် အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတ၊ ကျွမ်းကျင်မှု၊ စွမ်းရည်၊ အရည်အသွေးနှင့် တန်ဖိုးများပင်ဖြစ်သည်။ လူတစ်ယောက်သည် ပညာကို မွေးကင်းစအရွယ်မှစပြီး ဘဝတစ်သက်တာ သင်ယူလေ့လာနေကြရခြင်းဖြစ်သည်။ ပညာကိုသင်ယူလေ့လာထားသည့် လူတစ်ဦးချင်းစီသည် မိမိတတ်မြောက်ထားသည့်ပညာနှင့် ဘဝကို ပြည့်စုံအောင်မြင်အောင် တည်ဆောက်နိုင်မည် ဖြစ်သကဲ့သို့ မိမိကိုယ်တိုင်နှင့် မိမိပတ်ဝန်းကျင်၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေပြီး လူ့အသိုက်အဝန်းကို အထောက်အကူပြုစေနိုင်မည် ဖြစ်သည်။ ဘက်စုံပညာရေးသည် လူတစ်ဦးချင်းစီ၏ ဘာသာရပ်ဆိုင်ရာ၊ နည်းပညာဆိုင်ရာတတ်မြောက်မှုကိုသာမက Personal Skills ဟုခေါ်သည့် ပင်ကိုအရည်အသွေး၊ ကိုယ်ရည်ကိုယ်သွေးများကို ဘက်စုံမြှင့်တင်ပေးသကဲ့သို့ စဉ်းစားတွေးခေါ်မှု (Critical Thinking) ၊ ပြဿနာဖြေရှင်းမှု (Problem Solving)၊ တီထွင်ဖန်တီးမှု (Creativity)၊ ဆန်းစစ်အကဲဖြတ်မှု (Evaluation)၊ ပိုင်းခြားစိတ်ဖြာသုံးသပ်မှု (Analytical Skills)၊ ပူးပေါင်းဆောင်ရွက်မှု (Collaboration)၊ အလိုက်သင့်ဆောင်ရွက်တတ်မှု (Adaptability)၊ လူမှုဆက်ဆံရေး (Social Skills)၊ စိတ်ခံစားချက်နားလည်မှု (Emotional Intelligence)၊ တရားမျှတမှု (Justice)၊ လောကနီတိဆိုင်ရာအပြုအမူ ( Ethical Behavior )၊ ဦးဆောင်တတ်မှု (Leadership )အစရှိသည့် ဘက်စုံကျယ်ပြန့်သည့် အရည်အသွေးများ၊ စွမ်းရည်များ၊ ကိုယ်ရည်ကိုယ်သွေးများ၊ အသိပညာ၊ အတတ်ပညာများကို ပြည့်စုံစေမည်ဖြစ်သည်။
ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဘက်စုံပညာရေးသည် အရေးကြီးသည့်ကဏ္ဍတစ်ရပ်၌ ပါဝင်နေပြီး ဘက်စုံပညာ ထူးချွန်သည့် လူ့စွမ်းအားအရင်းအမြစ်များသည် နိုင်ငံသားများ၏ ရပိုင်ခွင့်နှင့် တာဝန် ဝတ္တရားများကို ပိုမိုနားလည် သဘောပေါက်ကြသည်နှင့်အညီ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးတွင် ပိုမိုပူးပေါင်းပါဝင်နိုင်သည့် အင်အားစုများဖြစ်လာမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရမှ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကိုဆောင်ရွက်လျက်ရှိရာတွင် အသိပညာ၊ အတတ်ပညာ၊ ပင်ကိုအရည်အသွေး၊ စွမ်းရည်များနှင့်ပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်သည့် ဘက်စုံပညာရေးကဏ္ဍကို မြှင့်တင်ရန် ဦးတည်ချက်ထားပြီး ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။
ပညာရေးဝန်ကြီးဌာန အောက်ရှိ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနက အကြောင်း အမျိုးမျိုးကြောင့် ကျောင်းနေအရွယ်တွင် ကျောင်းမနေခဲ့ရဘဲ စာတတ်မြောက်ခြင်းမရှိသေးသည့် ကျောင်းနေ အရွယ်လွန်ကလေးများကို တစ်ယောက်မျှမကျန်ရအောင် ကောက်သင်းကောက်ယူပြီး စာသင်ပေးလျက်ရှိသည်။ ထိုသို့ကျောင်းပြင်ပနှင့်် တစ်သက်တာပညာရေးဦးစီးဌာနက ဆောင်ရွက်ပေးခြင်းဖြင့် ကျောင်းနေအရွယ် လွန်သက်ကြီးစာမတတ်သူများ လုံးဝပပျောက်သွားမည်ဖြစ်သည်။ ကျောင်းနေအရွယ်တွင် ကျောင်းနေခွင့် မရခဲ့သည့် စာမတတ်သူ ကျောင်းနေအရွယ်လွန်များ ပပျောက်သွားမှသာ စာမတတ်သူ လုံးဝ ပပျောက်သွားမည်ဖြစ်သည်။ ထို့ကြောင့် ကျောင်းနေအရွယ်များအားလုံး ကျောင်းတက်ရောက်နိုင်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။
ယနေ့ ကျောင်းနေအရွယ်လူငယ်မောင်မယ်များသည် မကြာမီကာလတွင် တစ်ဦးချင်းစီ၏ တာဝန်များ၊ မိသားစု၏တာဝန်များ၊ ရပ်ရွာ၏တာဝန်များ၊ လူမှုအဖွဲ့အစည်း၏တာဝန်များ၊ နိုင်ငံတော်၏တာဝန်များကို လက်ဆင့်ကမ်းထမ်းဆောင်ရတော့မည်ဖြစ်သည်။ ထိုသို့သောတာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် အခြေခံပညာကျောင်းများသည် ကျောင်းသားများကို ပညာအခြေခံကောင်းများနှင့်အတူ “ ပညာပြည့်ဝ နှလုံးလှ” သူများဖြစ်ပေါ်လာအောင်သင်ကြားပေးလျက်ရှိသည်။ ကျောင်းသားလူငယ်များအနေဖြင့်လည်း စာသင်ခန်းကရသော ပညာနှင့် ရောင့်ရဲတင်းတိမ်မနေဘဲ စဉ်ဆက်မပြတ် လေ့လာအားထုတ် နေကြရမည်ဖြစ်သည်။ အဓိပ္ပာယ်ရှိပြီး အောင်မြင်သောဘဝတစ်ခုဖြစ်စေရန် အချိန်မဖြုန်းဘဲ ပညာကိုကြိုးစားလေ့လာသင်ယူကြရမည်ဖြစ်သည်။ ထို့ကြောင့် အဓိကဖန်တီးရှင်ဖြစ်သော ပျိုးထောင်သူ မိဘများအနေဖြင့်လည်း မိမိ၏စေတနာနှင့် အမြော်အမြင်သည် အထူးအရေးကြီးလှသည်။ သားသမီးများကို စာသင်ခန်းနှင့် နီးသည်ထက်နီးအောင် ကျောင်းရှိရာအရပ်သို့ ပို့ဆောင်ပေးခြင်းဖြင့် မိမိ၏ရင်သွေး ကျောင်းနေအရွယ် ကလေးများ၏ နောင်ရေးစိတ်အေးရအောင်၊ ပညာရေးဝန်းကျင်ကောင်းတစ်ခုဖြစ်အောင် မိဘ၊ ဆရာ၊ ကျောင်းသားဆိုသည့် ဒေါက်တိုင်သုံးခုဖြင့် အချိန်အခါမလင့်စေဘဲ ကျောင်းတက်နိုင်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် သွားကြရမည် ဖြစ်သည်။ ။