ဦးနှောက်ဖွံ့ဖြိုးတိုးတက်ရေး ကျောင်းနေပျော်အောင်ကြိုးစားပေး
Posted_Date
Image

Body
နိုင်ငံတစ်နိုင်ငံဘက်စုံဖွံ့ဖြိုးရေးအတွက်ပညာရေးကဏ္ဍသည်ထိပ်ဆုံးမှရပ်တည်နေလေ့ရှိသည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအဆင့်မြှင့်တင်ထုတ်လုပ်နိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအောင်မြင်ရေး၊ အဆောက်အဦနှင့်လမ်းတံတားတည်ဆောက်ရေး၊ အိုင်တီနည်းပညာမြှင့်တင်ရေး၊ စက်မှုလုပ်ငန်းများအကောင် အထည်ဖော်ရေး အစရှိသောအရေးပါသည့်နယ်ပယ်အသီးသီးတွင် ပညာ၏အခန်းကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့်တွေ့ရှိရသည်။ ပညာသင်ကြားခြင်းသည် စဉ်ဆက်မပြတ်ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်းဖြစ်သည်။ ပညာအရင်းအနှီးဖြင့်ပင် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ ပူးပေါင်းပါဝင်နိုင်ခွင့်ရှိခြင်းကြောင့် ပညာကိုကြိုးစားသင်ယူကြရမည်ဖြစ်သည်။
ဘဝအုတ်မြစ်ခိုင်ခံ့အောင် တည်ဆောက်ကြရာတွင် ပညာရေးသည် အခြေခံအကျဆုံးအုတ်မြစ်လှေကားချပ်ဖြစ်သည်။ ကျောင်းတွင်း ပညာသင်ယူခြင်းဖြစ်စဉ်ကိုအစပြု၍ ဘဝကိုပိုမိုတောက်ပအောင်ဆောင်ရွက်နိုင်ပေသည်။ ပညာဥစ္စာရင်းနှီးမြှုပ်နှံမှုသည် အနာဂတ် ဘဝခရီးအတွက် လွန်စွာအရေးပါလှသည်။ ပညာသင်ခါ မရှက်ပါနှင့်ဆိုသည့် ရှေးလူကြီးများ၏ သွန်သင်ဆုံးမမှုအတိုင်း ပညာကို စိတ်ပါဝင်စားစွာ သင်ကြားကြရမည်ဖြစ်ပေသည်။ စိတ်၏စူးစိုက်မှုသည် ကလေး၊ လူကြီးမရွေး မှတ်ဉာဏ်ကိုတိုးတက်စေသည်။ သင်ယူနိုင်စွမ်းရှိသလောက် ဦးနှောက်ဖွံ့ဖြိုးမှုကိုလည်း ဖြစ်ပေါ်စေသည်။ ဦးနှောက်ဖွံ့ဖြိုးမှုနှင့် ဖြတ်ထိုးဉာဏ်ကောင်းသည်။ အခြားသော အထွေထွေဗဟုသုတနှင့်ပညာလေ့လာမှုဆိုင်ရာ လုပ်ငန်းနယ်ပယ်တွင်လည်း တိုးတက်စေနိုင်သည်။ မူလတန်း၊ အလယ်တန်းနှင့်အထက်တန်းပညာရေးကို ဗဟိုပြု၍ အကျင့်စာရိတ္တကိုပြုပြင်ပေးနိုင်သည်။ လောကအကျိုးသယ်ပိုးခြင်း၊ ကိုယ်ချင်းစာတရား လက်ကိုင်ထားခြင်း၊ မျှဝေခြင်းကဲ့သို့ ကောင်းမွန်သောစိတ်စေတနာများ တိုးပွားစေနိုင်သည်။
နိုင်ငံတော်၏မျှော်မှန်းချက်သည် ကျယ်ဝန်းနက်ရှိုင်းလှပေသည်။ စိုက်ပျိုးရေးပညာ၊ မွေးမြူရေးပညာ၊ စက်မှုပညာရပ်များကို လွယ်လင့်တကူသင်ကြားခွင့်ရရှိမှု ဦးတည်ချက်ထက်သာလွန်သော အလုပ်အကိုင်အခွင့်အလမ်းရရှိရေး ပန်းတိုင်အထိ ရည်မှန်းဆောင်ရွက်လျက်ရှိသည်။ ပညာသင်ကြားသူတိုင်း အနာဂတ်အလင်းတန်းကို မြင်နိုင်ခွင့်ရှိပေသည်။ ပညာနှင့်အလုပ်အကိုင်တွဲစပ်ဖော်ဆောင်သည့် ပညာရေးစနစ်တွင် ကျောင်းသား၊ ကျောင်းသူအားလုံး လိုက်ပါကြရမည်ဖြစ်သည်။ မိမိနှစ်သက်ရာဘာသာရပ်အလိုက်၊ ဝါသနာအလိုက် ရွေးချယ်ပြီး နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးအခန်းကဏ္ဍ၊ စက်မှုနည်းပညာကဏ္ဍသစ်များကို ပီပီပြင်ပြင်ဖွင့်လှစ်ကြရမည်ဖြစ်သည်။ ပညာခေတ်တွင် ပညာဖြင့်အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းသည့်အလျောက် မိဘများအနေဖြင့် မိမိရင်သွေးကလေးများကို ပညာအမွေပေးရေးလက်မနှေးသင့်ပေ။
သို့ဖြစ်၍ ပညာခေတ်တွင် ပညာရှာဖွေရမည်ဖြစ်သည်။ ပညာရေးအလှမ်းမဝေးရအောင် အနာဂတ်ရင်သွေးကလေးများကို ကျောင်းအပ်နှံပေးရမည်ဖြစ်သည်။ ကလေးဟူသည် ကစားမက်သူကလေးများဖြစ်သည်။ အိမ်ကိုခင်တွယ်သည်။ မိဘအပေါ် သံယောဇဉ်တွယ်တာလွန်းသည်။ မူကြိုကျောင်းသည် စာသင်ကျောင်းသို့မပို့ဆောင်မီ ကလေးများကျောင်းနေပျော်ရန် လေ့ကျင့်ပို့ဆောင်ရသော ရပ်ဝန်းတစ်ခုဖြစ်သည်။ မိဘများသည် ငိုယိုနေသော ရင်သွေးငယ်ကလေးများကို ချော့မြှူ၍ ကျောင်းကို ပို့ဆောင်ပေးကြရမည်ဖြစ်သည်။ ကလေး၏ မျက်ရည်သည် တစ်ခဏတာအတွက် သနားစရာဖြစ်ပေသည်။ ဘဝအနာဂတ်အတွက်မူ တဒင်္ဂသနားစိတ်ဖြင့် ကျောင်းမပို့မိကြလျှင် တစ်ဘဝစာလုံးအတွက် နစ်နာသွားနိုင်ပေသည်။ ကလေးသဘာဝကျောင်းနှင့်စိမ်း၍ ဝမ်းနည်းနိုင်ပေသည်။ ကျောင်းမပျော်စိတ်ကြီးထွားလာနိုင်သဖြင့် ကျောင်းနေပျော်အောင် မိဘ၊ ဆရာများက ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြရမည်ဖြစ်သည်။
အသိပညာ၊ အတတ်ပညာပြည့်စုံသော ပညာတတ်များပေါများလာစေရေး ကျောင်းနေအရွယ်ကလေးများအားလုံး စဉ်ဆက်မပြတ် သာတူညီမျှ ပညာသင်ယူခွင့်အခွင့်အလမ်းများ ပိုင်ဆိုင်ရရှိနေချိန်ဖြစ်သည်။ နိုင်ငံတော်၏ အထူးပညာရေးမျှော်မှန်းချက်တစ်ရပ်လည်းဖြစ်သည်။ ပညာရေးတွင်ဆုံးခန်းတိုင်ပြီးမြောက်အောင်သင်ယူခြင်းဖြင့် ပိုမိုကောင်းမွန်သောပညာရေးစနစ်ကို အကောင်အထည်ဖော်နိုင်ပေသည်။ အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ယူ တတ်မြောက်ပြီး သက်ဆိုင်ရာလုပ်ငန်းခွင်အသီးသီးသို့ ဝင်ရောက်လုပ်ကိုင်နိုင်မည့်အခွင့်အလမ်းများ လမ်းပွင့်လျက်ရှိပေသည်။ကလေးများအားလုံး အခမဲ့ပညာရေးစနစ်ဖြင့် ပညာသင်ယူခွင့်ရရှိမှုသည် နိုင်ငံတော်၏ ပညာရည်မြင့်မားရေး ကြိုးပမ်းဆောင်ရွက်မှုတစ်ခုဖြစ်သည်။
ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူခွင့် အခွင့်အလမ်းများ ဆုံးရှုံးနစ်နာမှုမရှိစေရေး မျှော်မှန်းဆောင်ရွက်မှုဖြစ်သည်။ ကလေးများ၏ “ပညာအရည်အသွေးမြှင့်တင်ဖို့ ကျောင်းအပ်နှံကြပါစို့”ဟူသော တိုက်တွန်းသံနှင့်အတူ မိဘများမှ ရင်သွေးငယ်များကို ကျောင်းအပ်နှံရေးရက်သတ္တပတ်နေ့ရက်များအတွင်း ကျောင်းအပ်နှံပေးရန်လိုပေသည်။ ကျောင်းအပ်နှံရာတွင် ပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်များ အခမဲ့ရယူလျက် ကျောင်းနေပျော်အောင် ကြိုးစားကြရမည်ဖြစ်သည်။ ပညာပြည့်ဝ နှလုံးလှသည့် ဆရာ၊ ဆရာမများ၏ ကြိုဆိုအပြုံးနှင့်အတူ သင်ကြားပြသမည့်သင်ခန်းစာများကို စိတ်ပါဝင်စားစွာသင်ယူလျက် အနာဂတ်ပညာခေတ်ကို မိဘ၊ ဆရာ၊ ကျောင်းသား၊ ကျောင်းသူများအားလုံး၏ ပူးပေါင်းစွမ်းအားဖြင့် မြှင့်တင်ကြရမည်ဖြစ်သည်။
အသက်အရွယ်ဟူသည် တရွေ့ရွေ့ကြီးရင့်လာစမြဲဖြစ်သည်။ အသက်အရွယ်အလိုက် သင့်လျော်သော အတန်းကိုယ်စီဖြင့် ကျောင်းနေပျော်ကြရမည်သာဖြစ်သည်။ ကျောင်းအပ်နှံရေး အချိန်ပေး၍ မိဘများမှ ကျောင်းအပ်ပေးရမည်ဖြစ်သည်။ အဖြူအစိမ်းသည် ပညာရေး၏သင်္ကေတ မွန်မြတ်ဖြူစင်သည့် ကျောင်းဝတ်စုံဖြစ်သဖြင့် ဂုဏ်ယူစွာ ကျောင်းအပ်နှံသင့်လှပေသည်။ တူညီဝတ်စုံဖြင့် စာအံသံက စာသင်ကျောင်း၏အလှတရားဖြစ်သည်။ ကျောင်းတက် ခေါင်းလောင်းသံက ကျောင်းသား၊ ကျောင်းသူအားလုံးအတွက် မရိုးနိုင်သည့်ဂီတသံစဉ်ဖြစ်သည်။ ဝလုံး ကလေးမှ အစပြုသင်ကြားခြင်းမှတစ်ဆင့် အမှားကိုပြင် အမှန်ထင်အောင် လမ်းပြပို့ဆောင်ပေးသည့် ဆရာ့အပြုံးပန်းတို့သည်လည်း ပန်းတစ်ခင်းပမာ မွှေးကြိုင်လျက်ရှိပေသည်။ မိဘ၊ ဆွေမျိုးနှင့် မိမိပတ်ဝန်းကျင်ကို အစဉ်အမြဲကိုယ်စားပြုနေမည့် ပညာသင်ကြားမှု ဖြစ်စဉ်တွင် ကျောင်းသား၊ ကျောင်းသူများသည် အဓိကဇာတ်လိုက်များဖြစ်သည်။ ဇာတ်ကောင်စရိုက်ပီပြင်စွာ ကျောင်းသွားရမည်။ စာကိုကြိုးစားသင်ကြားကြရမည်။ ကျောင်းနေပျော်၍ စာတော်သော ကျောင်းသားကလေးများဖြစ်ကြရမည်။ ပညာသင်ကြားရခြင်း၏အနှစ်ချုပ်ကို လေ့လာမည်ဆိုပါက မိမိနောင်ရေးကောင်းစားရေးအတွက်သာဖြစ်သည်။ ပညာရွှေအိုးလူမခိုးနိုင်ပေ။ မိမိသင်ကြားတတ်မြောက်သည့် ပညာဥစ္စာဖြင့် ရေရှည်အကျိုးစီးပွားကိုဖန်တီးနိုင်ပေသည်။ ပညာခေတ်တွင် ကျယ်ပြန့်သောအတွေးအမြင်များစွာ ဝါသနာအလိုက် ကြိုးစားရယူနိုင်မည့်အခွင့်အလမ်းများစွာပေါ်ပေါက်လာသည်။ အဆိုပါ အခွင့်အရေးကို လက်လွှတ်မခံဘဲ အမိအရဖမ်းဆုပ်သွားကြရမည်ဖြစ်သည်။ အသိပညာ၊ အတတ်ပညာဖြင့်သာ လူ့အရည်အချင်းပြောင်လက်အောင် စွမ်းဆောင်နိုင်ပေသည်။
လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်းဆုံးရေသောက်မြစ်ဖြစ်သည်။ နိုင်ငံ၏အနာဂတ်ပိုမိုကောင်းမွန်စေရေး ပညာရေးဖြင့် မြှင့်တင်ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်အသီးသီးတွင် ပြောင်မြောက်သော ပညာရေး၏အရေးပါမှုကို တွေ့ရှိရပေသည်။ ဆင်းရဲတွင်းမှဆွဲထုတ်နိုင်စွမ်းရှိသည့် ပညာသင်ကြားမှုဖြစ်စဉ်များကို ရပ်တန့်မပစ်ဘဲ ဆက်လက်လျှောက်လှမ်းသွားကြရမည်ဖြစ်သည်။ မိဘအားလုံး ကလေးပညာရေးကောင်းမွန်ရေး၊ ကျောင်းနေအရွယ်ကလေးများ ကျောင်းပြင်ပသို့ မရောက်ရှိစေရေး၊ အဓိကရည်မှန်းချက်များဖြင့် ရင်သွေးရတနာကလေးများ ကျောင်းပျော်အောင်ထားရှိရေး ဆန္ဒမွန်ဖြင့် တိုက်တွန်းရေးသားလိုက်ရပါသည်။ ။
Source: Myawady Web Portal