မြန်မာနိုင်ငံနှင့် ရာသီဥတုပြောင်းလဲမှုခြေရာများ

Posted_Date

Image

climate change

Body

ကမ္ဘာတစ်ဝန်း ရာသီဥတုပြောင်းလဲမှုဒဏ်ကို ဆိုးရွားစွာခံစားရလျက်ရှိရာ အခြားသောနိုင်ငံများကဲ့သို့ပင် မြန်မာနိုင်ငံသည်လည်း ရာသီဥတုဖောက်ပြန်မှုနှင့် သဘာဝဘေးအန္တရာယ်များကို နှစ်စဉ်ရင်ဆိုင်ကြုံတွေ့နေရပါသည်။ သဘာဝဘေးအန္တရာယ် ကျရောက်နိုင်မှုသည် ယခင်ကထက် ဖြစ်ပွားမှုနှုန်း ပိုမိုမြင့်မားလာသည်သာမက အဖျက်စွမ်းအားသည်လည်း ပိုမိုပြင်းထန်လာသည်ကို တွေ့ရှိရပါသည်။

၂၀၂၃ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ထိခိုက်ဆုံးရှုံးနိုင်ခြေညွှန်းကိန်း (World Risk Index - 2023) အရ မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေညွှန်းကိန်း ၃၆ ဒသမ ၂၆ ရှိပြီး ကမ္ဘာ့နိုင်ငံပေါင်း ၁၉၃ နိုင်ငံအနက် အဆင့်ခြောက်နေရာတွင် ရှိနေကြောင်း ဖော်ပြထားပါသည်။ (source: https://weltrisikobericht.de/wpcontent/ uploads/ 2024/01/ WorldRiskReport_ 2023_english_online.pdf) ရာသီဥတုပြောင်းလဲ ဖောက်ပြန်ခြင်းသည် သဘာဝပတ်ဝန်းကျင်ကိုသာမက လူသားတို့၏ လူမှုရေးနှင့် စီးပွားရေးကိုပါ သိသိသာသာ သက်ရောက်မှုရှိစေပါသည်။

မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် လယ်ယာထွက်ကုန်၊ မွေးမြူရေးနှင့် ရေထွက်ပစ္စည်းလုပ်ငန်းများအပေါ်တွင် မှီခိုနေရသောကြောင့် ၎င်းတို့၏ စားဝတ်နေရေး ဖူလုံကြွယ်ဝမှုသည် သင့်တင့်မျှတသော ရာသီဥတုအခြေအနေပေါ်တွင် များစွာမူတည်လျက်ရှိပါသည်။ တစ်နည်းဆိုရသော် အစွန်းရောက်ရာသီဥတုဖြစ်စဉ်များနှင့် သဘာဝ ဘေးဒဏ်များသည် မြန်မာ့စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အပေါ် ထိခိုက်လွယ်ပြီး သက်ရောက်မှုများစွာ ရှိစေပါသည်။

ဖန်လုံအိမ်အာနိသင်သည် နေ၏အပူကို စုပ်ယူထိန်းညှိပေးကာ မြေကြီးပေါ်ရှိ အပူချိန်ကို သက်သောင့်သက်သာ ဖြစ်စေသောကြောင့် ကမ္ဘာမြေပေါ်ရှိ သက်ရှိများအတွက် အကျိုးပြုသော သဘာဝဖြစ်စဉ် တစ်ခုဖြစ်သည်။ သို့သော် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှု၊ မွေးမြူရေး၊ မော်တော်ကားများနှင့် ရုပ်ကြွင်းလောင်စာများ အသုံးပြုမှုစသည့် လူသားတို့၏ လုပ်ဆောင်ချက်များမှ ဖန်လုံအိမ်ဓာတ်ငွေ့များ အလွန်အကျွံထုတ်လွှတ်သည့် အကျိုးဆက်အနေဖြင့် လေထုထဲတွင် ဖန်လုံအိမ်ဓာတ်ငွေ့ ပမာဏအဆမတန် တိုးလာစေပြီး ကမ္ဘာကြီးကို ပူနွေးလာစေကာ ကမ္ဘာတစ်ဝန်း ရာသီဥတုပြောင်းလဲမှုကို ဦးတည်လာခဲ့ပါသည်။ မုတ်သုံရပ်ဝန်းတွင် တည်ရှိနေသော မြန်မာနိုင်ငံသည်လည်း ရာသီဥတုပြောင်းလဲမှုဒဏ်ကို သိသာထင်ရှားစွာ ခံစားနေရသည်ဖြစ်ရာ အနောက်တောင် မုတ်သုံလေဆိုင်ရာပြောင်းလဲမှုများ၊ နွေကာလစံချိန်တင်အပူချိန်မြင့်တက် လာမှုများ၊ မိုးရွာသွန်းမှုပုံစံပြောင်းလဲမှုများ၊ မုန်တိုင်းကြီးများဝင်ရောက်မှုများ စသည်တို့မှာ ထင်ရှားသည့် ရာသီဥတုပြောင်းလဲမှု၏ ခြေရာများပင်ဖြစ်ပါသည်။

မြန်မာ့သမိုင်းတွင် ကြုံတွေ့ခံစားခဲ့ရသော ရာသီဥတုပြောင်းလဲမှုခြေရာများ

(က) အမြင့်ဆုံးအပူချိန်များ ပြောင်းလဲလာခြင်း

 ယခုအခါ ကမ္ဘာ့ပျမ်းမျှအပူချိန်သည် စက်မှုထွန်းကားသည့်ကာလ (၁၈၅၀-၁၉၀၀) ၏ ပျမ်းမျှအပူချိန်နှင့် နှိုင်းယှဉ်ကြည့်ပါက ၁ ဒသမ ၄၅ ဒီဂရီဆဲလ်စီးယပ်အထက် ပိုမိုမြင့်တက်နေလျက်ရှိပြီး ၂၀၂၃ ခုနှစ်သည် ကမ္ဘာ့အပူဆုံး နှစ်တစ်နှစ် ဖြစ်ခဲ့ပါသည်။ အလားတူ မြန်မာနိုင်ငံတွင်လည်း ၂၀၂၃ ခုနှစ်၏ အမြင့်ဆုံးအပူချိန်သည် (၁၉၈၁-၂၀၁၀) ကာလ၏ ပျမ်းမျှအမြင့်ဆုံးအပူချိန်ဖြစ်သော ၃၁ ဒသမ ၃ ဒီဂရီဆဲလ်စီးယပ်ထက် ၁ ဒသမ ၄ ဒီဂရီဆဲလ်စီးယပ် ပိုမိုမြင့်တက်ခဲ့သည်ကို တွေ့ရှိရပါသည်။ အပူဆုံးလများဖြစ်သည့် မတ်လနှင့် ဧပြီလတို့တွင် ထိုလများ၏ ပျမ်းမျှအပူချိန်ထက် ၂ ဒသမ ၇ ဒီဂရီ ဆဲလ်စီးယပ်ခန့် ပိုမိုမြင့်တက်နေရာ ကျန်းမာရေးဆိုင်ရာ ပြဿနာများအပြင် သောက်သုံးရေရှားပါးသည့်ပြဿနာများကို မိုးခေါင်ဒေသများ၌သာမက မြေလတ်ဒေသများတွင်ပါ ခံစားနေကြရပါသည်။

၂၀၂၄ ခုနှစ်၏ နွေကာလမတ်လနှင့် ဧပြီလနှစ်လအတွင်း မြန်မာနိုင်ငံ၌ အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်ခြင်းကို ၃၅ ကြိမ်တိတိ တိုင်းတာရရှိခဲ့ပြီး ၎င်းတို့အနက် ဧပြီလ ၂၈ ရက်နေ့တွင် တိုင်းတာရရှိခဲ့သော ချောက်မြို့၏ အပူချိန်စံချိန် သစ်ဖြစ်သည့် ၄၈ ဒသမ ၂ ဒီဂရီဆဲလ် စီးယပ်သည် မြန်မာနိုင်ငံ တစ်နိုင်ငံလုံး၏ အမြင့်ဆုံးအပူချိန် စံချိန်သစ်လည်းဖြစ်ခဲ့ပါသည်။ ထို့အပြင် အယ်လ်ဒိုရာဒို ရာသီဥတုနှင့် မိုးလေဝသစင်တာမှ တစ်ကမ္ဘာလုံးရှိ မြို့ကြီးများအနက် အပူချိန်အမြင့်ဆုံး ၁၅ မြို့၏ အမြင့်ဆုံးအပူချိန်များကို နေ့စဉ်ဖော်ပြပေးခဲ့ရာ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ ညောင်ဦးမြို့တို့သည် ၂၀၂၄ ခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် ကမ္ဘာ့အပူချိန်အမြင့်ဆုံး ၁၅ မြို့တွင် ပါဝင်ခဲ့သည်ကို တွေ့ရှိရပါသည်။ (source: https:// www. eldor-adoweather.com/climate/world-extremes/world-temp-rainfall-extremes.php)

(ခ) အနောက်တောင် မုတ်သုံရာသီ ပြောင်းလဲလာခြင်း

မြန်မာနိုင်ငံသည် မုတ်သုံရာသီ စက်ဝန်းအတွင်း တည်ရှိနေသော နိုင်ငံတစ်ခုဖြစ်သည့်အားလျော်စွာ အနောက် တောင်မုတ်သုံရာသီပြောင်းလဲမှုသည် နိုင်ငံ၏စိုက်ပျိုးရေးကဏ္ဍကို များစွာ သက်ရောက်မှုရှိပါသည်။ ဇယား (၁) တွင် ဖော်ပြထားသည့်အတိုင်း ၁၉၆၁-၁၉၉၀ နှစ် ၃၀ ကာလအပိုင်းအခြားနှင့် နှိုင်းယှဉ်ပါက ၁၉၉၁-၂၀၂၀ ကာလအပိုင်းအခြားတွင် ရက်သတ္တပတ် သုံးပတ်တာ ခန့် တိုတောင်းလာမှုသည် မုတ်သုံမိုးကို မှီခိုအားထားရသည့် စိုက်ပျိုးရေးလုပ်ငန်းများကို များစွာအခက်တွေ့စေခဲ့ပါသည်။

သို့ဖြစ်ရာ ပြောင်းလဲလာသည့် မုတ်သုံကာလနှင့် လိုက်လျောညီထွေ ဖြစ်စေမည့် သီးနှံအမျိုးအစားကို ရွေးချယ်စိုက်ပျိုးလာရခြင်းများရှိသလို သက်တမ်းတိုမျိုးစိတ်များအား ပြောင်းလဲစိုက်ပျိုးလာကြရသည်။ အခြားတစ်ဖက်တွင်လည်း မုတ်သုံအဝင်နောက်ကျလာခြင်းသည် နွေကာလ ရက်ရှည်လာခြင်းဖြစ်ရာ အပူချိန်မြင့်မားသောရက်များကို တာရှည်စေပါသည်။

(ဂ) မိုးရွာသွန်းမှု ပုံစံပြောင်းလဲလာခြင်း

 မြန်မာနိုင်ငံအတွင်း မိုးရွာသွန်းမှုပုံစံကိုလေ့လာကြည့်ပါက တစ်နှစ်တာပျမ်းမျှမိုးရွာသွန်းမှုပမာဏ သိသိသာသာ တိုးလာခြင်း၊ လျော့နည်းသွားခြင်းမျိုးမရှိဘဲ တစ်နှစ်တာရွာသွန်းမြဲ မိုးရေချိန်ကို ပြည့်မီစွာ ရွာသွန်းလျက်ရှိသည်ကို တွေ့ရှိရပါသည်။ သို့ရာတွင် ရွာရမည့် အချိန်မဟုတ်ဘဲ အချိန်အခါမဟုတ် ရွာသွန်းခြင်း၊ တစ်နှစ်တာကာလအတွင်း ပျံ့နှံ့စွာဖြင့် ပုံမှန်ရွာသွန်းခြင်းမဟုတ်ဘဲ အချိန်တိုအတွင်း ပြင်းထန်စွာ ရွာသွန်းခြင်းအစရှိသည့် မူမမှန်သော မိုးရွာသွန်းမှုပုံစံများကို နှစ်စဉ် ကြုံတွေ့လာရပါသည်။

အဆိုပါ အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ၏ ဖြစ်ပွားသည့် အကြိမ်အရေအတွက် များပြားလာသကဲ့သို့ ပိုမိုပြင်းထန်လာသည်ကိုလည်း တွေ့ရှိရပါသည်။ ထို့အပြင် နောက်ဆက်တွဲ ဖြစ်စဉ်များဖြစ်သည့် လျှပ်တစ်ပြက်ရေကြီး ရေလျှံခြင်း၊ မြေပြိုခြင်းများကိုလည်း မကြာခဏ ကြုံတွေ့လျက်ရှိပါသည်။ ၂၀၁၁ ခုနှစ် အောက်တိုဘာလတွင် ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း၌ ဖြစ်ပေါ်ခဲ့သော မုန်တိုင်းငယ်တစ်ခုသည် မြန်မာနိုင်ငံ မောင်တောမြို့အနီးမှ ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့ရာမှတစ်ဆင့် အချိန်တိုအတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့ရာ တောင်ကျ ချောင်းရေများ အရှိန်အဟုန်ပြင်းစွာဖြင့် စီးဆင်းခဲ့၍ ပခုက္ကူမြို့နယ်အတွင်း လျှပ်တစ်ပြက် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကာ ရွှေချောင်းတံတားပျက်စီးခြင်း၊ လူ ၁၀၆ ဦး သေဆုံးခဲ့ခြင်းများ ဖြစ်ပေါ်ခဲ့ပါသည်။

ထို့အပြင် ၂၀၁၅ ခုနှစ်နောက်ပိုင်း ကာလများတွင် မုတ်သုံလေအားကောင်းမှုကြောင့်လည်းကောင်း၊ အားပြင်း မုန်တိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း မြန်မာနိုင်ငံတစ်ဝန်းတွင် မိုးသည်းထန်စွာ ရွာသွန်းကာ နိုင်ငံအနှံ့ရှိ မြစ်များ၊ ချောင်းများတွင် စိုးရိမ်ရေမှတ်ထက် ကျော်လွန်ကာ ကျယ်ပြန့် ပြင်းထန်သော ရေလွှမ်းမိုးမှုများ ဖြစ်ပေါ် ခဲ့ပါသည်။ အဆိုပါ ရေကြီးမှုကြောင့် သက်ရှိလူ၊ တိရစ္ဆာန်များ အသက်ဆုံးရှုံးရသည်သာမက လမ်းများ၊ တံတားများ၊ အိမ်များ၊ လယ်ကွင်းများနှင့် စိုက်ပျိုးသီးနှံ များ ရေနစ်မြုပ်မှုဒဏ်ကို ခံစားခဲ့ရသည်။

ထို့အပြင် မိုးသည်းထန်၍ ရေတိုက်စားမှုများကြောင့် အချို့တောင်တန်း ကုန်းမြင့်ဒေသများတွင် မြေပြိုမှုများကိုလည်း ရင်ဆိုင်ကြုံတွေ့ရလျက်ရှိသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့က ရွာသွန်းခဲ့သော မိုးရေချိန် ၇ ဒသမ ၈၇ လက်မသည် ပဲခူးမြို့အတွက် လွန်ခဲ့သော ၅၉ နှစ်အတွင်း စံချိန်တင် မိုးရေချိန်ဖြစ်သည်။ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် ရေခံကောင်းခြင်း၊ မြစ်အထက်ပိုင်းနှင့် မြစ်ဝှမ်းအတွင်း မိုးပျံ့နှံ့စွာနှင့် သည်းထန်စွာရွာသွန်းခြင်း၊ ပင်လယ်ဒီရေမြင့်တက်ချိန်နှင့် တိုက်ဆိုင်ခြင်း စသည်တို့ကြောင့် အခြားနှစ်များထက် အခြေအနေပိုဆိုးခဲ့ကာ ပဲခူးမြို့တွင် နှစ်ပေါင်း ၅၈ နှစ်အတွင်း အမြင့်ဆုံးမြစ် ရေမှတ် ၁၀၀၄ စင်တီမီတာဖြင့် စံချိန်တင် မြစ်ရေကြီးခဲ့ပါသည်။ ထို့အပြင် ၂၀၁၀ ပြည့်နှစ်တွင် အပူချိန်မြင့်တက်မှု၊ မိုးခေါင်မှုကြောင့် အင်းလေးကန်တစ်ခုလုံး ရေများ ခန်းခြောက်သွားသည်အထိ ရာသီဥတုဖောက်ပြန်ခဲ့ပြီး တစ်ဖန် ယခုနှစ် ၂၀၂၄ ခုနှစ်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် အင်းလေးကန်အတွင်း ရေများအဆမတန်စီးဝင်ကာ ရေကြီးရေလျှံမှု ဖြစ်ပွားပြီး အင်းလေးကန်ပတ်ဝန်းကျင်ရှိ ကျေးရွာများ၊ မြန်မာ့ရိုးရာ ရက်ကန်းစင်များ ရေနစ်မြုပ်ခဲ့ရပါသည်။ ထိုသို့ မိုးလေဝသနှင့်ဇလဗေဒဆိုင်ရာ အစွန်းရောက်ဖြစ်စဉ်များ နှစ်စဉ်ကြုံတွေ့ ခံစားရနေသည်မှာ ရာသီဥတုပြောင်းလဲခြင်း၏ ဆိုးကျိုးပြယုဂ်များပင် ဖြစ်ပါသည်။

မကြာသေးမီက ဖိလစ်ပိုင်ပင်လယ်ပြင်မှ စတင်အစပျိုးခဲ့ပြီး တောင်တရုတ်ပင်လယ်ပြင်ကို ဖြတ်သန်းခဲ့သော စူပါတိုင်ဖွန်းမုန်တိုင်း “ရာဂီ” ၏ အကြွင်း အကျန်တိမ်တိုက်များသည် ဖိလစ်ပိုင် နိုင်ငံ၊ တရုတ်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံ ကုန်းတွင်းဒေသများကို ဖြတ်ကျော်ခဲ့ပြီးနောက် လေပွေလှိုင်းအဖြစ် မြန်မာနိုင်ငံသို့တိုင်ရောက်ရှိခဲ့ကာ အဖျက်စွမ်းအား အလွန် ပြင်းထန်ခဲ့ပါသည်။ ယင်းတိုင်ဖွန်း မုန်တိုင်း၏အရှိန်ကြောင့် အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံ၊ တရုတ်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံ စသည့်နိုင်ငံပေါင်း ကိုးနိုင်ငံတို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုများကြုံတွေခဲ့ရကာ အသက်အိုးအိမ်စည်းစိမ်ပေါင်းများစွာ သေကျေ ပျက်စီးဆုံးရှုံးခဲ့ရပါသည်။

(ဆက်လက်ဖော်ပြပါမည်)

Source: https://www.moi.gov.mm/article/63490