ဓာတုခြင်ဆေးများ၏ အန္တရာယ် သိမှတ်ဆင်ခြင်ဖွယ်
Posted_Date
Image

Body
လူအများနေထိုင်ရာ ပတ်ဝန်းကျင်တွင် ခြင်မပေါက်ပွားစေရန် ခြင်ပေါက်ပွားနိုင်သည့် ရေမြောင်းများကို ရေစီးရေလာကောင်းမွန်အောင် ပြုပြင်ခြင်း၊ ရေမြောင်းများအား စနစ်တကျ ဖုံးအုပ်ထားခြင်း၊ တစ်ပတ်တစ်ခါ ဆေးဖျန်းပေးခြင်း၊ အမှိုက်များအား စနစ်တကျစွန့်ပစ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်စနစ်ကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ခြင်းဖြင့် ခြင်အန္တရာယ် ကာကွယ်နိုင်ပါသည်။ ထိုသို့ ကာကွယ်သည့်ကြားမှ ခြင်များပေါက်ပွားလေ့ရှိသည့် မိုးရာသီတွင် ခြင်ကြောင့်ဖြစ်တတ်သော ရောဂါများကို ကြောက်ရွံ့သဖြင့် လူတော်တော်များများသည် ခြင်ဆေးခွေအမျိုးမျိုးကို အသုံးပြုကြပါသည်။ ထိုခြင်ဆေးခွေများတွင် ခြင်ကို နှိမ်နင်းနိုင်မည့် အတိုင်းအဆလောက်သာ ဓာတုပစ္စည်းများကို ထည့်သွင်းထုတ်လုပ်ကြရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှ သတ်မှတ်ထားသော်လည်း စီးပွားဖြစ်ထုတ်လုပ် ရောင်းချသူများက ခြင်ကိုသေစေနိုင်ရုံသာမက လူတို့၏ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်သော ဓာတုပစ္စည်းများကို ပိုမိုထည့်သွင်းကြသဖြင့် ပိုးသတ်ဆေးဥပဒေ(Pesticide Law)အရ တားမြစ်ပိတ်ပင်ထားပါသည်။
ခြင်ဆေးခွေတွင်ပါလေ့ရှိသော Active Ingredient များခြင်ဆေးခွေများတွင် တွေ့ရှိရသည့် Active Ingredients များမှာ ဂန္ဓမာပင်တစ်မျိုးမှ သဘာဝအမှုန့် (Pyrethrum) ဖြစ်သည်။ ထိုသဘာဝအမှုန့်အတွင်းရှိ ပိုးသတ်ဆေးများထုတ်ယူသည့် ဓာတုပစ္စည်းများဖြစ်သည်။ ခြင်ဆေးမီးလောင်နေစဉ်အတွင်း Pyrethroid ဓာတ်တိုးခြင်းမှကာကွယ်ရန် အသုံးပြုနိုင်သော စိတ်ကြိုက်ထည့်နိုင်သည့် ပေါင်းထည့်ပစ္စည်း၏ ထိရောက်မှုကို မြှင့်တင်ရန် ရွေးချယ်နိုင်သောဖြည့်စွက်ဆေးတို့ကို တွေ့ရှိရပါသည်။
ခြင်ဆေးခွေတွင် အများဆုံးသုံးသောဓာတုပစ္စည်းအကြောင်း
ခြင်ဆေးခွေတွင် ခြင်ပြေးစေရန်သုံးသော ဓာတုပစ္စည်းတစ်မျိုးမှာ Pyrethrin ဖြစ်ပြီး ယင်းကို Pyrethrum Flower မှထုတ်လုပ်ပါသည်။ သို့သော် ယခုအခါတွင် Synthetic ဓာတုဓာတ်ပေါင်းဖြစ်သော အယ်လ်ကာလီ ဓာတ်ပေါင်း (Pyrethrin Base) များဖြစ်သည့် Allethrin ၊ Tetramethrin ၊ Permethrin၊ Cyphenothrin ၊ Cypermethrin ၊ Cyfluthrin တို့ကို WHO ၏ သတ်မှတ်ချက်အတိုင်း ထည့်သွင်းအသုံးပြုကြပါသည်။ ခြင်ပေါများသော မြန်မာနိုင်ငံ၌ ခြင်ဆေးခွေတံဆိပ်အမျိုးမျိုးကို စျေးကွက်တွင် ကျယ်ပြန့်စွာ တွေ့ရှိရပါသည်။ ထိုခြင်ဆေးခွေများတွင် ခြင်ပြေးစေရန်အသုံးပြုသော ဓာတုပစ္စည်းမှာ Active Ingredients အနေဖြင့် D-allethrin ကို ၀.၁ ရာခိုင်နှုန်းမှ ၀.၃ ရာခိုင်နှုန်းအထိ အသုံးပြုကြပါသည်။
တခြားဓာတုပစ္စည်းအနေဖြင့် မီးလောင်လွယ်စေရန် အများအားဖြင့် Potassium Nitrate ကို အသုံးပြုပြီး တခြားပါဝင်သော ပစ္စည်းများမှာ မီးလောင်စေရန် လောင်စာအဖြစ် လွှစာမှုန့်၊ ကော်အဖြစ် ပီလောပီနံမှုန့် စသည်တို့ကို အသုံးပြုကြပါသည်။
ခြင်ဆေးငွေ့တွင်ပါဝင်သောအဆိပ်ငွေ့များခြင်ဆေးခွေကို မီးရှို့သောအခါတွင် ခြင်ပြေးစေရန် ထည့်ထားသည့် Active Ingredients များမှ ထွက်လာသော အငွေ့များသည် လေထဲတွင်ပျံ့လွင့်ပြီး ရှူမိသူများမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများသာမက ကင်ဆာရောဂါများအထိ ဖြစ်ပွား စေနိုင်သည်။ နိုင်ငံတကာမှ သုတေသနပညာရှင်များ၏ စမ်းသပ်ချက်များအရ ခြင်ဆေးခွေတစ်ခွေကို မီးရှို့ပါက ခြင်ဆေးအငွေ့ထဲ၌ Volatile Organic ဒြပ်ပေါင်း ၇၀ ကျော်ပါဝင်ပြီး ယင်းတို့ထဲတွင် အလွန် သေးငယ်သည့် အမှုန်လေးများ၊ သတ္တုလေးများ စသည်တို့ထွက်ပေါ်လာပြီး လေထဲတွင်ပျံ့နှံ့နေပါက လေထုတွင်ရှိရမည့် စံချိန်စံညွှန်းများနှင့် မကိုက်ညီတော့ဘဲ လူတို့၏ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေပါသည်။ လေထုထဲတွင် ခြင်ဆေးခွေတစ်ခွေ၏ အငွေ့များသည် ဆေးလိပ် ၅၅ လိပ်မှ ၁၃၇ လိပ်ကို မီးရှို့သည်နှင့်ညီမျှပြီး ဆေးလိပ်မသောက်သော်လည်း ဆေးလိပ်ကြောင့်ဖြစ်သည့်ရောဂါများ ဖြစ်ပွားစေနိုင်ကြောင်း သိရှိရပါသည်။ ထိုအချက်များအပြင် ခြင်ဆေးခွေအသုံးပြုမှုကြောင့် မတော်တဆ မီးလောင်မှုဖြစ်ပွားသည့် မီးဘေးအန္တရာယ်များလည်း ရှိနိုင်ပါသေးသည်။
ခြင်ဆေးခွေသုံး ဓာတုပစ္စည်းများနှင့် GHS စနစ်ဖြင့်အန္တရာယ်ခွဲခြားခြင်း
ခြင်ဆေးခွေတချို့တွင် WHO မှသုံးစွဲခွင့်မပြုသည့်အစွမ်းထက် ဓာတုပစ္စည်း S-2(Octachlorodipropyl Ether) ကိုထည့်သွင်းအသုံးပြုနေကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ထို S-2 ပါဝင်ပါက ခြင်ဆေးအငွေ့တွင် Bis Chloro Methyl Ether (BCME) ဆိုသည့် ဓာတ်ပေါင်းတစ်မျိုး ထွက်ပေါ်လာပါသည်။ ထို BCME ကို ဓာတုပစ္စည်းများ၏ အန္တရာယ်ကိုဆန်းစစ်ရာတွင် လက်ရှိတစ်ကမ္ဘာလုံးတွင် တူညီစွာကျင့်သုံးလျက်ရှိသည့် ဓာတုပစ္စည်းများ၏ အဆင့်အား အမျိုးအစားခွဲခြား၍ အမှတ်တံဆိပ်ကပ်သည့် (Globally Harmo-nized System of Classifications and Labeling of Chemicals-GHS) စနစ်ဖြင့် အမျိုးအစား ခွဲကြည့်သောအခါ Category 1 ဖြစ်သည့်အတွက် အန္တရာယ်အမြင့်ဆုံး အနေအထားတွင်ရှိနေပြီး အဆုတ်ကင်ဆာဖြစ်ပွားနိုင်ကြောင်း တွေ့ရှိရပါသည်။ စျေးကွက်တွင် တရားဝင်မှတ်ပုံတင်ထားခြင်း မရှိသည့် ခြင်ဆေးခွေများ၌ အန္တရာယ်ရှိဓာတုပစ္စည်း တစ်မျိုးဖြစ်သည့် Meper Fluthrin ပမာဏမှာ WHO ၏ အမြင့်ဆုံးသတ်မှတ်ချက်ကို ကျော်လွန်၍ ပါဝင်နေကြောင်း လေ့လာမှတ်သားဖူးပါသည်။
ခြင်ဆေးသုံးဓာတုပစ္စည်းနှင့် ယင်း၏အန္တရာယ်ဖော်ပြချက်များ
အဆိုပါခြင်ဆေးခွေများတွင် ထည့်သွင်းထားသော ဓာတုပစ္စည်းများသည် တိုက်ရိုက်ထိတွေ့လျှင်သော် လည်းကောင်း၊ ခြင်ဆေးကိုမီးရှို့၍ ထွက်လာသောအငွေ့များကို ကြာရှည်ရှူရှိုက်မိလျှင်သော် လည်းကောင်း သက်ရှိများအတွက် အန္တရာယ်များစွာ ရှိပါသည်။ အထက်ပါ GHS စနစ်အရ ခြင်ဆေးခွေတွင် ထည့်သွင်းထားသောဓာတုပစ္စည်းတော်တော်များများကို အမျိုးအစားခွဲခြား၍ အန္တရာယ်အမှတ် တံဆိပ်ကပ်ရာတွင် တွေ့ရှိရသော အန္တရာယ်အကြောင်းအရာ ဖော်ပြချက်များကို ခြင်ဆေးသုံးစွဲသူများ သတိထားမိစေရန် ဖော်ပြလိုပါသည်။ ခြင်ဆေးကိုမျိုချမိပါက အဆိပ်ဖြစ်နိုင်ပြီး ထိမိလျှင်အရေပြားကို ယားယံစေသည်။ ရှူမိလျှင်ဓာတ်မတဲ့မှု သို့မဟုတ် ရင်ကျပ်လက္ခဏာ သို့မဟုတ် အသက်ရှူရခက်ခြင်းများဖြစ်နိုင်သည့်အပြင် ကင်ဆာဖြစ်စေနိုင်သည်။အဆိုပါဓာတုပစ္စည်းသည် လူကိုသာမက သက်ရှိရေနေသတ္တဝါများ အတွင်း အချိန်ကြာမြင့်စွာ ပြင်းထန်သော အဆိပ်ဖြစ်စေပါသည်။
ကြိုတင်သတိထားရမည့်ဖော်ပြချက်များ
ဓာတုခြင်ဆေးခွေများ အသုံးပြုမှုကြောင့် လူတို့၏ ကျန်းမာရေးကို အနည်းနှင့်အများ ထိခိုက်စေသဖြင့် ကာကွယ်ရန် Precaution နည်းလမ်းများထဲမှ အရေးကြီးသည့် အချက်များကို ဖော်ပြလိုပါသည်။ ခြင်ဆေးသည် အသားအရေကို ယားယံစေသဖြင့် ယင်းကိုကိုင်တွယ်ရာတွင် လက်အိတ်နှင့် ကိုင်တွယ်ရပါမည်။ ကိုင်တွယ်ပြီးတိုင်း ဆပ်ပြာ၊ ရေတို့နှင့် စင်ကြယ်စွာ ဆေးကြောသင့်ပါသည်။ အစားအသောက်များနှင့် ထိတွေ့ခြင်းမရှိစေရန်နှင့် အသုံးပြုနေစဉ် အစာစားခြင်း၊ ရေသောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း မပြုလုပ်ရန် လိုအပ်ပါသည်။ ခြင်ဆေးခွေကို ကလေးများ လက်လှမ်းမီသောနေရာများတွင် မထားသင့်ပါ။ ခြင်ဆေးခွေကိုအသုံးပြုလိုပါက လူမရှိသောအခန်းတွင် ထွန်းထားပြီး အငွေ့သေသော အချိန်မှသာ ဝင်ရောက်နေထိုင်သင့်ပါသည်။ အလုံပိတ်အခန်းတွင် ထွန်းညှိပြီး လူများနေထိုင်ခြင်း မပြုလုပ်သင့်ပါ။ ပန်းနာရင်ကျပ်ရှိသူများ၊ နှလုံးရောဂါရှိသူများ ခြင်ဆေးအငွေ့ကို ရှောင်ရှားသင့်ပါသည်အငွေ့များ ပတ်ဝန်းကျင်သို့ လွတ်ထွက်မသွားအောင် ထားသိုရန်နှင့် ကြာရှည်စွာ မရှူရှိုက်မိစေရန် ဆက်တိုက် ထွန်းညှိခြင်းကို ရှောင်ကြဉ်ရန် လိုအပ်ပါသည်။
အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရမည့်အချက်များ
ဓာတုပစ္စည်းပါဝင်သည့် ခြင်ဆေးခွေများကြောင့် အရေးပေါ် အခြေအနေများ ဖြစ်ပေါ်လာခဲ့လျှင် တုံ့ပြန်ဆောင်ရွက်ရမည့် အချက်များကိုလည်း သတိထားဆောင်ရွက်နိုင်ရန် ဆက်လက်ဖော်ပြအပ်ပါသည်။
ခြင်ဆေးကိုမျိုချမိလျှင် ဆရာဝန်ထံ ချက်ချင်းပြသရပါမည်။ ပါးစပ်ကိုရေဖြင့် ပလုတ်ကျင်းခြင်း၊ အော့အန်ခြင်းမပြုလုပ်ရပါ။ ခြင်ဆေးအရေပြားပေါ်ကျလျှင် ဆပ်ပြာနှင့်ရေများများဖြင့် ဆေးကြောရပြီး အရေပြားယားယံလျှင် သို့မဟုတ် အဖုအပိမ့်ထွက်လာလျှင် ဆေးဖက်ဆိုင်ရာ အကြံဉာဏ်နှင့် ကုသမှုကိုခံယူရပါမည်။ ခြင်ဆေးရှူမိ၍ အသက်ရှူရခက်ခဲလျှင် လေကောင်းလေသန့် ရသောနေရာသို့ပြောင်းရွှေ့ပြီး သက်သောင့်သက်သာ အသက်ရှူနိုင်သော အနေအထားဖြင့် အနားယူရပါမည်။ မသက်သာပါက ဆရာဝန်ကိုချက်ချင်းခေါ်၍ ကုသမှုကို ဆောလျင်စွာ ခံယူဆောင်ရွက်သင့်ပါသည်။
အစားထိုးအသုံးပြုနိုင်သော အဆီအမျိုးမျိုး
ခြင်ဆေးထုတ်လုပ်သူများဘက်မှလည်း ထည့်သွင်းအသုံးပြုသည့် Active Ingredient များကို WHO မှ သတ်မှတ်ထားသော အချိုးအစားများအတိုင်းသာ ထည့်သွင်းအသုံးပြုရန်၊ ခွင့်မပြုဓာတုပစ္စည်းများကို ထည့်သွင်းအသုံးမပြုကြရန်နှင့် လေးစားလိုက်နာကြရန် အထူးလိုအပ်ပါသည်။ ဖြစ်နိုင်ပါက ဓာတုပစ္စည်းများအစား သဘာဝမှရရှိနိုင်သော သစ်ကြံပိုးခေါက်ဆီ၊ တမာဆီ၊ ရှောက်သီးဆီ၊ ယူကလစ်ဆီ အစရှိသည်တို့ကို အစားထိုး အသုံးပြုလျှင် ပိုမိုသင့်လျော်ပါသည်။
ပြည်သူလူထု၏တာဝန်ဝတ္တရားများ
ခြင်ဆေးတွင်ပါဝင်သော ဓာတုပစ္စည်းများ၏ အန္တရာယ်နှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို သိပ္ပံနည်းကျဖော်ပြပြီးသည်နှင့်အညီ ပြည်သူလူထုမှ မိမိတို့၏အသိစိတ်ဓာတ်နှင့် ကြိုတင်ကာကွယ်ရမည့် အချက်များကိုလည်း ဆက်လက်တင်ပြအပ်ပါသည်။ တစ်ဖန် ပြည်သူလူထုဘက်မှလည်း မိမိတို့၏အသိ စိတ်ဓာတ်နှင့် အလွယ်တကူ ဆောင်ရွက်နိုင်သော ကြိုတင်ကာကွယ်ရမည့် အချက်များဖြစ်သည့် ခြင် မပေါက်ပွားစေရန် ခြင်ပေါက်ပွားနိုင်သော ရေမြောင်းများကို ရေစီးရေလာကောင်းမွန်အောင် ပြုပြင်ခြင်း၊ ရေမြောင်းများအား စနစ်တကျဖုံးအုပ်ထားခြင်း၊ ရေမြောင်းများကို တစ်ပတ်တစ်ခါ ခြင်ဆေးဖျန်းပေးခြင်း၊ အမှိုက်များအားစနစ်တကျစွန့်ပစ်ခြင်းနှင့်ဖုံး၊ သွန်၊လဲ၊စစ်စနစ်ကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခြင်းတို့ကို ပြည်သူလူထုတစ်ရပ်လုံးမှ ဝိုင်းဝန်းဆောင်ရွက်ကြမည်ဆိုလျှင် ခြင်အန္တရာယ်နှင့် ဓာတုပစ္စည်းသုံး ခြင်ဆေးခွေများ၏ အန္တရာယ်မှ ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
MWD Web Portal