“မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများထုတ်လုပ်ရာတွင်အသုံးပြုနိုင်သည့် ထိန်းချုပ်ဓာတုပစ္စည်းများ ကုန်သွယ်မှု၊ အသုံးပြုမှုနှင့် ထိန်းသိမ်းဆောင်ရွက်မှုများ”အပိုင်း(၁)
Posted_Date
Image

Body
မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများနှင့် စိတ်ကြွဆေးများဖမ်းဆီးရမှုအခြေအနေ နိုင်ငံတစ်ဝန်း၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ၊ စိတ်ကြွဆေးများ အများအပြား ဖမ်းဆီးရမှုသတင်းများကို နိုင်ငံပိုင်သတင်းစာများ၌ နေ့စဉ်နှင့်အမျှ ဖတ်ရှုမြင်တွေ့နေရ သည်။ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ၂၀၂၄ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာအရ နိုင်ငံတစ်ဝန်း၌ မူးယစ်ဆေးဝါးအမှုပေါင်း ၅၅၉၃ မှု၊ တရားခံ ၇၈၂၈ ဦးနှင့် စုစုပေါင်း တန်ဖိုးငွေကျပ် ၉၉၈ ဒသမ ၆၀၄ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၂၉၉ ဒသမ ၈၈၁ သန်း) တန်ဖိုးခန့် ဖမ်းဆီးရမိသည်။ ရှမ်းပြည်နယ်ရှိ ခရိုင်လေးခုမှ အဓိကပါဝင်နေပြီး စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမှုမှာ အများဆုံးဖြစ်ကြောင်းသိရှိရသည်။ ရှမ်းပြည်နယ်ဘက်မှထုတ်လုပ်သည့် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများနှင့် စိတ်ကြွဆေးများကို ရခိုင်ပြည်နယ်သို့ ကုန်းလမ်းမှသယ်ယူပို့ဆောင်ပြီး ပြည်ပသို့ ရေလမ်းခရီးဖြင့်ပို့ဆောင်၍ ဖြန့်ဖြူးရောင်းချနေမှုများကိုဖမ်းဆီးရမိမှုဖြစ်စဉ်များလည်း ပါဝင်သည်။
လူမသိသည့် သာမန်မီးဖိုချောင်တစ်ခုမှအစပြု၍ ဓာတုဆေးဝါးပစ္စည်းမျိုးစုံနှင့် ရောစပ်ပြီး ဆေးပြားရိုက်စက်ကိုအသုံးပြုကာ စိတ်ကြွဆေးများ အလွယ်တကူထုတ်လုပ်ဖြန့်ဖြူးရောင်းချနေကြောင်းများလည်း ကြားသိနေရသောကြောင့် နိုင်ငံတော်လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို များစွာထိခိုက်စေပြီး သုံးစွဲသူနှင့် မိသားစုအသိုင်းအဝိုင်းကိုပါ ဘဝပျက်လောက်အောင် ဆိုးရွားစေသည့် မူးယစ်ဆေးဝါးအမျိုးမျိုးနှင့် ယင်းတို့ကိုပြုလုပ်နိုင်သည့် ပရီကာဆာဟုခေါ်သည့် အစပျိုးဓာတုပစ္စည်းများ (Precursors)၏ အန္တရာယ်များကို အများပြည်သူသိရှိရှောင်ရှားနိုင်စေရန်အတွက် ၂၀၂၅ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် (၃၈) နှစ်မြောက် “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့” အထိမ်းအမှတ်အခမ်းအနားနေ့ကို ဂုဏ်ပြုကြိုဆိုလျက် ဤဆောင်းပါးကို အကျယ်တဝင့် ရေးသားဖော်ပြရခြင်းဖြစ်သည်။
အဓိကဦးတည်ချက်ဖြစ်သည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ၊ စိတ်ကြွဆေးများအကြောင်း
မတင်ပြမီ အဆိုပါကိစ္စများကို အဓိကကိုင်တွယ်ထိန်းသိမ်းဖြေရှင်းဆောင်ရွက်နေရသော တာဝန်အရှိဆုံး အဖွဲ့အစည်းဖြစ်သည့် ပြည်ထဲရေးဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဖြစ်ပေါ်လာပုံနှင့် ဖွဲ့စည်းတည်ဆောက်ထားရှိမှုအခြေအနေများကို ဦးစွာတင်ပြလိုသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့သမိုင်းကြောင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနကို လက်ရှိတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အပါအဝင် ဦးစီးဌာန လေးခုဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ဖြင့် ဖွဲ့စည်းထားရှိပြီး ၁၉၆၄ ခုနှစ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်၌ ပြည်သူ့ရဲတပ်ဖွဲ့အမည်ဖြင့် လွတ်လပ်သောအဖွဲ့ တစ်ခုအနေဖြင့် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ၁၉၉၅ ခုနှစ် စက်တင်ဘာလ ၁၃ ရက်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့မှ အမိန့်အမှတ် ၁/၉၅ ကို ထုတ်ပြန်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ (Myanmar Police Force)ဟု အမည်ပြောင်းလဲခဲ့ပြီး နှစ်စဉ် အောက်တိုဘာလ ၁ ရက်နေ့ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ဟု သတ်မှတ်ခဲ့သည်။ ယူနီဖောင်းမှာ ယခင်က ကာကီရောင်ဖြစ်သော်လည်း ၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၈ ရက်မှစ၍ နက်ပြာရောင်သို့ ပြောင်းလဲသတ်မှတ်ဝတ်ဆင်စခဲ့သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါးချုပ်ငြိမ်းရေးရည်မှန်းချက်တာဝန်ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်တွင်ရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ လုံခြုံရေးကွပ်ကဲမှုအဖွဲ့၊ နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့၊ တပ်ဖွဲ့များ၊ တိုင်းဒေသကြီး/ ပြည်နယ်ရဲတပ်ဖွဲ့များနှင့် ရဲလေ့ကျင့်ရေးကျောင်းများဖြင့် ဖွဲ့စည်းထားရှိသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးနှိမ်နင်းရေးအပါအဝင် ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ရေးတို့ကို ရည်မှန်းချက်တာဝန်များအဖြစ် ချမှတ်ထားရှိပြီး ပြစ်မှုမဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရေး၊ ဖြစ်ပွားသောပြစ်မှုများကို စုံစမ်းစစ်ဆေးဖော်ထုတ်တရားစွဲတင်ရေး၊ နိုင်ငံတော်အတွင်း စည်းကမ်းသေဝပ်တည်ငြိမ်ရေး၊ ပြည်သူလူထုလုံခြုံရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ရေး အစရှိသည့် ပြည်သူလူထုနှင့်တိုက်ရိုက်ဆက်စပ်လျက်ရှိသော ကြီးလေးသည့်လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတာဝန်များ
မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် အဆိုပါလုပ်ငန်းများအနက် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဆိုင်ရာကိစ္စရပ်များကို မဟာဗျူဟာနှစ်ရပ်၊ နည်းဗျူဟာ သုံးရပ်၊ နည်းနာနိဿယ သုံးရပ်တို့ဖြင့် ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် မဟာဗျူဟာ နှစ်ရပ်ဖြစ်သည့် မူးယစ်ဆေးဝါး ပပျောက်ရေးကို အမျိုးသားရေးတာဝန်အဖြစ်သတ်မှတ်၍ ဘက်ပေါင်းစုံမှ တိုက်ဖျက်ချေမှုန်းရေးနှင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘိန်းစိုက်ပျိုးမှု လုံးဝချုပ်ငြိမ်းပပျောက်ရေးတို့ကို နည်းဗျူဟာသုံးရပ်ဖြစ်သည့် ထုတ်လုပ်မှုပပျောက်ရေး၊ သုံးစွဲမှုပပျောက်ရေးနှင့် တားဆီးနှိမ်နင်းရေးတို့ကို ပူးတွဲအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ယင်းတို့ကို အကောင်အထည်ဖော်ရာတွင် မူးယစ်ဆေးဝါးစိုက်ပျိုး၊ ထုတ်လုပ်၊ သုံးစွဲသူများ၏ ယုံကြည်ချက်၊ ခံယူချက်နှင့် စိတ်ဓာတ်မြင့်မားတိုးတက်ပြောင်းလဲရေး၊ တောင်ပေါ်မြေပြန့် တိုင်းရင်းသားအချင်းချင်း လွယ်ကူစွာကူးလူးဆက်ဆံနိုင်ရေးနှင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားများ၏ စီးပွားရေးနှင့် လူနေမှုဘဝတိုးတက်မြင့်မားရေးဟူသည့် နည်းနာနိဿယသုံးရပ်ကို အသုံးပြုဆောင်ရွက်နေခြင်းဖြစ်သည်။
မူးယစ်ဆေးဝါးပြဿနာချုပ်ငြိမ်းရေးနှင့် ထိန်းချုပ်နိုင်ရေးဆိုင်ရာ အမျိုးသားရေးတာဝန်ခေတ်အဆက်ဆက် နိုင်ငံတော်တာဝန်ကို မလွဲမသွေထမ်းဆောင်ကြရသော အစိုးရတို့အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းသာယာရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတို့ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေရသကဲ့သို့ အခြားတစ်ဖက်မှလည်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို အနှောင့်အယှက် အဟန့်အတားဖြစ်စေသည့် ပြည်သူလူထုတစ်ရပ်လုံးကို ခြိမ်းခြောက်နေသည့် မူးယစ်ဆေးဝါးပြဿနာ ချုပ်ငြိမ်းရေးနှင့် ထိန်းချုပ်နိုင်ရေးတို့အတွက်လည်း အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဘက်ပေါင်းစုံမှ အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ယနေ့အချိန်အထိ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုမှာ ကျဆင်းလာခဲ့သော်လည်း ဓာတုပစ္စည်းများနှင့် ထုတ်လုပ်ထားသည့် စိတ်ကြွရူးသွပ်ဆေးများ၊ မက်အဖက်တမင်း (Ices)၊ ကက်တမင်း (Ketamin) နှင့် စိတ်ပျော်ဆေးရည်(Happy Water)ကဲ့သို့ လူလုပ်မူးယစ်ဆေးဝါးများ (Synthetic Drugs) ပြဿနာများမှာ ပိုမိုကြီးထွားလာသောကြောင့် ယခုကာလသည် အဆိုးရွားဆုံးအခြေအနေတွင်ရှိနေသည်ဟု တွက်ဆရသည်။
မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးဆိုင်ရာစာချုပ်များနှင့် ဥပဒေပြဋ္ဌာန်းချက်များ
မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးပပျောက်ရေးလုပ်ငန်းများကို နည်းမျိုးစုံဖြင့် အစိုးရအဆက်ဆက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ၁၉၆၁ ခုနှစ် တစ်ခုတည်းသော မူးယစ်ဆေးဝါးများကွန်ဗင်းရှင်း (Single convention on Narcotic Drugs)၊ ၁၉၇၁ ခုနှစ် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာကွန်ဗင်းရှင်း(Convention on Psychotropic Substances) နှင့် ၁၉၈၈ ခုနှစ်မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ခြင်းကို ဆန့်ကျင်တိုက်ဖျက်ရေးဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂကွန်ဗင်းရှင်း (United Nations Convention Against Illicit Traffic in Narcotic Drugs and Psychotropic Substances) တို့ကို လက်မှတ်ရေးထိုးခြင်း၊ ၁၉၇၆ ခုနှစ်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ကိုဖွဲ့စည်းခြင်း၊ ၁၉၉၃ ခုနှစ်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေကိုပြဋ္ဌာန်းခြင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာနည်းဥပဒေများကိုပြဋ္ဌာန်းခြင်း၊ ၁၉၉၈ ခုနှစ်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများချက်လုပ်ရာတွင်အသုံးပြုသော ဓာတုပစ္စည်းကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းခြင်း၊ ၁၉၉၉ ခုနှစ်တွင် မူးယစ်ဆေးဝါးပပျောက်ရေး ၁၅ နှစ်စီမံကိန်းကိုဆောင်ရွက်ခြင်း၊ ၂၀၀၄ ခုနှစ်တွင် ထိန်းချုပ်ဓာတုပစ္စည်းကြီးကြပ်ရေးဆိုင်ရာနည်းဥပဒေပြဋ္ဌာန်းခြင်း စသည်ဖြင့် လိုအပ်သောဥပဒေ၊ နည်းဥပဒေများ ရေးဆွဲပြဋ္ဌာန်းထုတ်ပြန်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
လုပ်ငန်းစီမံချက်များရေးဆွဲအကောင်အထည်ဖော်မှုများ
အဆိုပါဆောင်ရွက်ချက်များအပေါ် ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် အခါအားလျော်စွာဖြည့်စွက်ခြင်း၊ ပြုပြင်မွမ်းမံခြင်းတို့ကိုလည်း အချိန်နှင့်တစ်ပြေးညီ နှစ်စဉ်ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးပြဿနာဖြေရှင်းနိုင်ရေးအတွက် ဘက်ပေါင်းစုံချဉ်းကပ်မှုများပါဝင်သည့် အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒတစ်ရပ်ကိုရေးဆွဲထုတ်ပြန်ပြီး မူဝါဒအား အထောက်အကူပြုစေမည့် အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ကို လမ်းညွှန်မှုမူဘောင်တစ်ခုအနေဖြင့် သတ်မှတ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် လုပ်ငန်းစီမံချက် (Action Plan) များ ရေးဆွဲအကောင်အထည်ဖော်လျက်ရှိသည်။ မူးယစ်ဆေးဝါးထိန်းချုပ်နိုင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများ၏ ဦးဆောင်မှုကဏ္ဍသည် အမှန်တကယ် အရေးပါသည့်လုပ်ငန်းလိုအပ်ချက်ဖြစ်ပြီး ဒေသဆိုင်ရာအဖွဲ့အစည်းများမှ ဦးဆောင်၍ ပြည်သူလူထုအပါအဝင် အရပ်ဘက်လူမှုအဖွဲ့အစည်းတို့၏ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် အရှိန်အဟုန်ဖြင့် ဟန်ချက်ညီညီ ဆက်လက်ဆောင်ရွက်သွားကြရန်လိုအပ်သည်။
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းမှာ ရင်ဆိုင်တွေ့ကြုံနေရသည့် မူးယစ်ဆေးဝါးပြဿနာမှာ လူသားမျိုးနွယ်စုတစ်ခုလုံးအပေါ် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို ဆုတ်ယုတ်ပျက်စီးစေသည်သာမက နိုင်ငံတော်လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုပါ များစွာထိခိုက်စေသည်။ ထို့ကြောင့် တစ်ကမ္ဘာလုံးတွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးလုပ်ငန်းများကိုဆောင်ရွက်နိုင်ရန်အတွက် ၁၉၈၇ ခုနှစ်တွင် ကျင်းပခဲ့သော ကုလသမဂ္ဂညီလာခံမှ ဇွန်လ ၂၆ ရက်နေ့ကို “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့” အထိမ်းအမှတ်အခမ်းအနားအဖြစ် သတ်မှတ်ခဲ့သည့်အချိန်မှစ၍ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီးတွင် နှစ်စဉ်ကျင်းပလာရာ ယခုဆိုလျှင် (၃၈)ကြိမ်မြောက်သို့ ရောက်ရှိလာပြီဖြစ်သည်။
ဆက်လက်ဖော်ပြပါမည်။
MWD Web Portal