မိုးရွာတာကို ထီးဆောင်းပြီး ကာပါ
Posted_Date
Image

Body
မိုးတွင်းမှာမိုးရွာတာ ဘာဆန်းလို့လဲ။ မိုးရွာရင် ထီးဆောင်းတာ ပုံမှန်ပါပဲ။ မိုးရွာတာကို ထီးဆောင်းပြီး ကာပါဆိုတာက ဥပမာအနေနဲ့ တင်စားထားတာပါ။မိုးရွာတာကို ကိုဗစ်-၁၉ ရောဂါပိုး၊ တုပ်ကွေးရောဂါပိုး အနေနဲ့မြင်ပြီး ထီးဆောင်းတာကို ကာကွယ်ဆေး(VACCINE) ထိုးတာလို့ မြင်စေလိုပါတယ်။
ပုံမှန်ကျန်းမာသူလူငယ်တစ်ဦးအတွက်ကတော့ တုပ်ကွေးရောဂါဖြစ်ပြီဆိုရင်ဖျားနာတာ၊ နှာစေးတာ၊ ချောင်းဆိုးတာ၊အဆစ်အမျက်ကိုက်တာလောက်ပဲဖြစ်တာပါ။ အစားအသောက်မပျက်ဘူး၊ အလုပ် အကိုင်မပျက်ဘူး။
အသက်အရွယ်ကြီးသူတွေ အသက် ၆၀ ကျော် တွေဆိုရင်တော့ အိပ်ရာထဲလဲသွားတဲ့အထိ နေထိုင် မကောင်းဖြစ်နိုင်ပါတယ်။ ဆောင်းဝင်စဆိုရင် တုပ်ကွေးကာကွယ်ဆေးထိုးဖို့လိုပါတယ်။ အဆုတ်ပွ ရောဂါ၊ ပန်းနာရင်ကျပ်ရောဂါ၊ နှလုံးအားနည်းရောဂါ၊ ကျောက်ကပ်အားနည်းရောဂါ၊ လေဖြတ် ရောဂါရှိသူတွေဆိုရင် ပြင်းထန်တုပ်ကွေးဖြစ်တတ်ကြပါတယ်။
ဒါကြောင့် တုပ်ကွေးကာကွယ်ဆေးကို နှစ်စဉ် မှန်မှန်ထိုးသင့်ပါတယ်။ တုပ်ကွေးပိုးက အင်မတန် ဉာဏ် ကောင်းပါတယ်။ကျွန်မတို့လူသားတွေက တုပ်ကွေးကာကွယ်ဆေးတီထွင်လိုက်တာနဲ့ တုပ်ကွေးပိုး ကလည်း ဒီကာကွယ်ဆေးကို ဘယ်လိုလွတ်အောင်ရှောင်ရမလဲဆိုတာ အမြဲတမ်း ကြိုးစား ပါတယ်။
ဥပမာ ဒီနှစ်မှာ တုပ်ကွေးပိုးက ကုတ်အင်္ကျီအနက် ဝတ်ဆင်ရင် ကျွန်မတို့လူသားတွေကလည်း ကုတ်အင်္ကျီအနက်ဝတ်တဲ့ တုပ်ကွေးပိုးကို ဦးတည်ပြီး ကာကွယ်ဆေးထုတ်ကြတယ်။ ဒါကို အကင်း ပါးတဲ့ တုပ်ကွေးပိုးက နောက်နှစ်မှာ ကုတ်အင်္ကျီအနီရောင်ပြောင်းဝတ်လိုက်တယ်။ ဒီတော့ ကျွန်မတို့ က ကာကွယ်ဆေးကို အနီရောင်ကုတ်အင်္ကျီဝတ်တဲ့ပိုးကို ရည်ရွယ်ပြီးထုတ်တယ်။ ဒါဆိုရင် နောက်တစ် နှစ်ကြာရင် သူက ကုတ်အင်္ကျီအဝါရောင်ပြောင်းဝတ်တာပေါ့။
ဒီတော့ မိုးရွာတာနဲ့ ဥပမာပေးထားတဲ့ တုပ်ကွေး ပိုးက ပုံစံအမျိုးမျိုးပြောင်းနေတော့ ကာကွယ်ဆေး (VACCINE) ဆိုတဲ့ ထီးကလည်း အမြဲတမ်းလုံအောင် ဘယ်ကာနိုင်ပါ့မလဲ။
မိုးရွာထဲမှာ ထီးမဆောင်းဘူးဆိုရင် အအေးမိမှာတော့ ရာနှုန်းပြည့်သေချာပါတယ်။ ဒါကြောင့် ကျွန်မတို့အားလုံး ရတဲ့ထီးဆောင်းပြီး မိုးကို ကာရပါမယ်။ မိုးသဲကြီးမဲကြီးရွာရင် ဘယ်ထီးမှ မလုံပါဘူး၊ဆိုလိုတာက တုပ်ကွေးပိုးက အားပြင်းရင် ကာကွယ်နိုင်စွမ်းအား လျော့သွားပါတယ်။ ဒီသဘောတရားကို ကျွန်မတို့အားလုံး မြင်ကြရပါမယ်။
တုပ်ကွေးပိုးလိုမျိုး အလားသဏ္ဌာန်တူတာက တော့ ကိုဗစ်-၁၉ ရောဂါပိုးဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကလည်း ကျွန်မတို့ကို ဒုက္ခပေးလာတာ ငါးနှစ်နီးနီးရှိပြီလေ။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမပေါ်မီက ကျွန်မတို့တွေ နေမကောင်းဖြစ်ကြရတာလည်း အတုံးအရုံးပဲလေ။ ကာကွယ်ဆေးပေါ်လာတော့မှ ကိုဗစ်-၁၉ ရောဂါဖြစ်နှုန်းက အရမ်းလျော့ပါးသွားတာပါ။ ကျွန်မတို့တွေရဲ့ ကိုယ်ပိုင်ကိုယ်ခံစွမ်းအား တက်လာ တာလည်း ပါတာပေါ့။
ကိုဗစ်-၁၉ ရောဂါပိုးကလည်း တုပ်ကွေးပိုးလိုပဲ မျိုးကွဲဗီဇတွေ ပြောင်းပြောင်းလာတော့ အသစ်အသစ် တွေက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို နည်းမျိုးစုံနဲ့ ယဉ်ပါးလာကြတယ်။ ကိုဗစ်-၁၉ ရောဂါပိုးသတ် ဆေးကိုလည်း ယဉ်ပါးလာကြတယ်။ ကျွန်မတို့လူသားတွေရဲ့ ကိုဗစ်နဲ့ဆိုင်တဲ့ ကိုယ်ခံစွမ်းအားကလည်း သိပ်မဆိုးတာမို့ ကိုဗစ်-၁၉ ရောဂါ ဆိုးဆိုးဝါးဝါးဖြစ်နှုန်းက အရင်နှစ်တွေကနဲ့ယှဉ်ရင် အလွန်နည်းပါး တယ်လို့ ပြောလို့ရပါတယ်။ အိမ်နီးချင်းနိုင်ငံတွေမှာတော့ အခုဖြစ်နေတဲ့ ကိုဗစ်-၁၉ ရောဂါရဲ့ အဖိတ်အစဉ်နှုန်း အနည်းငယ်ရှိကြောင်း သတင်းမှာဖော်ပြထားပါတယ်။
အနှစ်ချုပ်ရရင် မိုးရာသီနဲ့ မိုးရွာတာက အမြဲရှိနေမှာပါ။ တုပ်ကွေးရောဂါလိုမျိုး၊ ကိုဗစ်-၁၉ရောဂါလို မျိုးကလည်း အမြဲရှိနေမှာပါ။ ကျွန်မတို့အဘိုးအဘွားလက်ထက်ကတည်းကရှိနေတဲ့ တုပ်ကွေးရောဂါကလည်း အခုချိန်အထိ လူသားတွေနဲ့ နှလုံးရည်ပြိုင်ဆိုင်ပြီး လူသားတွေကို ဒုက္ခပေးနေဆဲဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါကလည်း ဒီသဘောတရားပဲဆောင်ပါတယ်။ ဒါကြောင့် ကျွန်မတို့အားလုံး ကာကွယ်ဆေးပုံမှန်ထိုးရင်း ရောဂါကို ခုခံကာကွယ်နိုင်ကြပါစေကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ ။
MWD Web Portal
Photo - presse.inserm