မိုးရာသီနှင့် ကျန်းမာရေးစောင့်ရှောက်မှုအကြောင်း သိကောင်းစရာများ

Posted_Date

Image

မိုးရာသီနှင့် ကျန်းမာရေးစောင့်ရှောက်မှုအကြောင်း သိကောင်းစရာများ

Body

မိုးရာသီရောက်သည့်အခါ နွေရာသီ၏ပူပြင်းမှုမှ သက်သာရာရသည့် အပြင်လန်းဆန်းစိုပြည်သည့်မိုးရေနှင့်အတူမလိုချင်သော်လည်းရောက်ရှိလာတတ်သည့် ကျန်းမာရေးစိန်ခေါ်မှုများရှိနေသည်။ မိုးရာသီတွင်စိုထိုင်းမှုနှင့်ရေဝပ်မှုများကရောဂါပိုးမွှားများပေါက်ပွားရန်အကောင်းဆုံးအခြေအနေဖြစ်ပြီး အအေးမိ၊ တုပ်ကွေးနှင့် ရေမှတစ်ဆင့် ကူးစက်သည့်ရောဂါများ  ပိုမိုဖြစ်ပွားလေ့ရှိသည်။  သတိမထားမိပါက  အဆိုပါအခြေအနေများကြောင့်ခန္ဓာကိုယ်၏ခုခံအားစနစ်ကို  ထိခိုက် စေနိုင်သည်။ ထို့ကြောင့်  မိုးရာသီတွင် ကျန်းမာရေးကို  အထူးဂရုစိုက်ရန် အရေးကြီးသည်။

သန့်စင်သည့်ရေ (ရေသန့်) သောက်သင့်သည်။ မိုးရာသီတွင် ရေသန့် သောက်သုံးရန်အရေးကြီးသည်။ မိုးရေမှတစ်ဆင့် ကူးစက်ရောဂါများ ဖြစ်စေနိုင်သည်။ မိုးရာသီတွင် ရေကိုကျိုချက်သောက်ခြင်း သို့မဟုတ် ရေသန့်ကိုသာသောက်ခြင်းက အန္တရာယ်ရှိသောပိုးမွှားများကို ဖယ်ရှား ပစ်နိုင်သည်။ ယုံကြည်စိတ်ချရသည့်အရင်းအမြစ်ကမဟုတ်သော မသန့်စင်သည့်ရေနှင့် ရေခဲများကို ရှောင်ကြဉ်သင့်သည်။

တစ်ကိုယ်ရေသန့်ရှင်းမှုကိုအလေးထားသင့်သည်။ရောဂါပိုးများပျံ့နှံ့မှုမရှိစေရန် အထူးသဖြင့် အပြင်မှအိမ်ပြန်ရောက်တိုင်း  လက်ကို ရေ၊ ဆပ်ပြာဖြင့် စက္ကန့် ၂၀ ကျော်ကြာမကြာခဏဆေးကြောသင့်သည်။လက်သန့်ဆေးရည် (Hand Sanitizer)ကိုအမြဲဆောင်ထားသင့်သည်။ အဆိုပါအလေ့အကျင့်ကိုထိန်းသိမ်းကာ သန့်ရှင်းစွာနေထိုင်ခြင်းက ရေမှတစ်ဆင့်ကူးစက်တတ်သည့်ရောဂါများနှင့် မိုးရာသီတွင်ဖြစ်တတ်သော တခြားရောဂါများမဖြစ်စေရန် ကာကွယ်ပေးသည်။

လတ်ဆတ်ပြီး ပူနွေးသောအစားအစာများသာ စားသင့်သည်။ လတ်လတ်ဆတ်ဆတ်ချက်ပြုတ်ထားသည့်အစားအစာများကို ပူပူနွေးနွေး စားသုံးခြင်း၊ လမ်းဘေးအစားအစာများကိုရှောင်ခြင်းက မိုးရာသီအတွက် အရေးကြီးဆုံးကျန်းမာရေးအကြံပြုချက်တစ်ခုဖြစ်သည်။ မိုးရာသီတွင် လတ်ဆတ်သည့်အစားအစာများကိုစားသုံးခြင်းကမသန့်ရှင်းသည့် အစားအစာများထက် ပိုမိုစိတ်ချရသည်။ ပူနွေးသည့်အစားအစာများက အန္တရာယ်ရှိသည့်ဗက်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုးများကို သေစေနိုင်ပြီးအစားအစာမှတစ်ဆင့်ကူးစက်တတ်သည့်ရောဂါများ မဝင်ရောက်စေရန်ကာကွယ်ပေးသည်။  လတ်ဆတ်သည့်အစားအစာများက  ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးပြီး ရာသီအလိုက် ကူးစက်ရောဂါများ မကူးစက်နိုင်စေရန် အကူအညီပေးသည်။ ရေအိမ်သုံးပြီး၊ အစားအစာမပြင်ဆင်မီနှင့် အစာမစားမီ လက်ဆေးသင့်သည်။

မကြာခဏထိတွေ့မိသည့်နေရာများကို ပုံမှန်သန့်ရှင်းရေးပြုလုပ်ပေးသင့်သည်။ တံခါးလက်ကိုင်၊ မီးခလုတ်၊ စားပွဲမျက်နှာပြင်စသည့်နေရာများက ပိုးမွှားများပေါက်ပွားလွယ်သည့်နေရာများဖြစ်သည်။ မိသားစုဝင်တစ်ဦးနေမကောင်းဖြစ်နေစဉ် ၎င်းထိတွေ့မိသည့်နေရာများမှ အလွယ် တကူရောဂါကူးစက်နိုင်သည်ထို့ကြောင့်  မကြာခဏထိတွေ့မိသည့် နေရာများကို ပိုးသတ်ဆေးဖြင့် သန့်ရှင်းရေးပြုလုပ်ခြင်းက မိုးရာသီတွင် လိုက်နာရမည့်အရေးကြီးသောအလေ့အထတစ်ခုဖြစ်သည်။ ဖုန်း၊ ကီးဘုတ်၊  ကွန်ပျူတာနှင့် နေ့စဉ်သုံးပစ္စည်းများကို  ပုံမှန်သန့်စင်ခြင်းဖြင့်  ရောဂါပိုးများပျံ့နှံ့ခြင်းမှကာကွယ်နိုင်သည်။ရာသီတုပ်ကွေးမှ ကာကွယ်နိုင်ရန်  ပါးစပ်နှင့်နှာခေါင်းစည်းတပ်ဆင်ပေးခြင်းက  မိမိမှ တခြားသူထံသို့၊ တခြားသူမှမိမိထံသို့ တုပ်ကွေးကူးစက်မှုကို  ကာကွယ် ပြီးသားဖြစ်စေသည်။

ခြင်အန္တရာယ်ကာကွယ်သင့်သည်။ ခြင်များသည် ငှက်ဖျား၊ သွေးလွန် တုပ်ကွေးကဲ့သို့   ရောဂါများသယ်ဆောင်နိုင်သည်။ခြင်ကိုက်ခြင်းမှကာကွယ်ရန် ခြင်မကိုက်လိမ်းဆေး(Mosquito Repellent)များ အသုံးပြုနိုင်သည်။အရေပြားကိုမပေါ်အောင်ဖုံးအုပ်ရန်အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် စသည့်အဝတ်အစားများကို ဝတ်ဆင်သင့်သည်။ ခြင်အများဆုံးထွက်သည့် ညနေပိုင်းတွင် တံခါးနှင့်ပြတင်းပေါက်များပိတ်ထားသင့်သည်။ ခြင်များမပေါက်ပွားစေရန် ပတ်ဝန်းကျင်ကို သန့်ရှင်း ထားသင့်သည်။

မိုးရာသီတွင်  သွေးလွန်တုပ်ကွေးဖြစ်ပွားမှုများလာ၍   သွေးလွန်တုပ်ကွေးဖြစ်စေသောခြင်များမပေါက်ပွားရန် သိုလှောင်ထားသည့်ရေ၊ ပန်းအိုးများဖုံးအုပ်ခြင်း၊ သွန်ပစ်ခြင်း၊လဲလှယ်ခြင်း၊ရေစစ်ဖြင့်စစ်ခြင်းတို့ ပြုလုပ်သင့်သည်။  ခြင်များကိုနှိမ်နင်းရေးအတွက်  ခြင်ဖျန်းဆေးဒီဒီတီ (DDT)၊ မာလာသီယွန်(Malathion) သုံးသင့်သည်။

ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း နေ့စဉ်ပြုလုပ်သင့်သည်။ မိုးရာသီ တွင် နာမကျန်းဖြစ်ခြင်းမှကာကွယ်ရန် နေ့စဉ် နာရီဝက်မှ  တစ်နာရီ ကြာ အပြေး၊ ရွရွပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး၊  ရေကူးပြုလုပ်သင့်သည်။ မိုးရွာသောကြောင့်အိမ်အပြင်မထွက်ဖြစ်ခဲ့သော်အိမ်တွင်း လေ့ကျင့်ခန်းများ ပြုလုပ်နိုင်သည်။ ယောဂကျင့်ခြင်း၊ တိုက်ချိကစားခြင်း၊ ကြွက်သားဆွဲဆန့်လေ့ကျင့်ခန်း၊ အေရိုးဗစ်နှင့်  ကခုန်ခြင်း  စသည့် လှုပ်ရှားမှုများ ပြုလုပ်နိုင်သည်။ ပုံမှန်လေ့ကျင့်ခန်းကြောင့် ရောဂါပိုးမွှား များကိုတိုက်ထုတ်နိုင်ပြီးမိုးရာသီတွင်ခံစားရနိုင်သည့်စိတ်ဖိစီးမှုကို လျော့ကျစေကာ စိတ်ခံစားမှုသက်သာကောင်းမွန်စေနိုင်သည်။

အဝတ်နှင့်ဖိနပ်များကို သေချာစွာအခြောက်ခံသင့်သည်။ မိုးရာသီတွင်  အဝတ်နှင့်ဖိနပ်များစိုထိုင်းလွယ်ပြီး  ဗက်တီးရီးယားနှင့်မှိုပိုးများပေါက်ပွားစေနိုင်သည်။ အရေပြားရောဂါနှင့်အနံ့ဆိုးများကို ဖြစ်‌စေနိုင်သောကြောင့် အဝတ်များကိုပြန်မဝတ်မီ အခြောက်ခံပြီးမှသာ ဝတ်သင့်သည်။ အဝတ်ခြောက်ရန် ကြိုးတန်း သို့မဟုတ် အဝတ်အခြောက်ခံစက်ကို အသုံးပြုသင့်သည်။ ဖိနပ်များကို  လေဝင်လေထွက်ကောင်းသော နေရာ၌ထားရှိခြင်းဖြင့် စိုထိုင်းမှုကိုဖယ်ရှားနိုင်သည်။

ကျန်းမာရေးဆိုင်ရာသတိပေးချက်များကိုသတိထားသင့်သည်။ ကျန်းမာရေးဌာနနှင့် အစိုးရအဖွဲ့အစည်းများက မိုးရာသီတွင်ဖြစ်ပွားနိုင်သောရောဂါများနှင့်  ကာကွယ်ရေးနည်းလမ်းများကိုအသိပေးချက်ထုတ်ပြန်လေ့ရှိသည်။မိမိနေရာဒေသ၌ကျန်းမာရေးအခြေအနေများနှင့်ပတ်သက်သောUpdateသတင်းများကိုအမြဲသတိထားသင့်သည်။   ခြင်များမ‌ပေါက်ပွားစေရန် ပတ်ဝန်းကျင်ကို ပိုးသတ်ဆေးဖျန်းခြင်းအပြင် ရောဂါလက္ခဏာများ စသည့်ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်များကို လိုက်နာသင့်သည်။

ရေဝပ်မှုမရှိစေရန်ဂရုပြုသင့်သည်။ရေဝပ်သောနေရာများသည် ခြင်ပေါက်ပွားရာနေရာဖြစ်ပြီး ငှက်ဖျား၊ သွေးလွန်တုပ်ကွေး၊ ဆင်ခြေ ထောက်စသောရောဂါများကိုဖြစ်စေနိုင်သည်။ထို့ကြောင့်မိမိပတ်ဝန်းကျင်အနီးတစ်ဝိုက်တွင်ရေဝပ်သောနေရာများမရှိစေရန်  သတိပြုသင့်သည်။ အကြောင်းတစ်စုံတစ်ခုကြောင့်ရေသိုလှောင်ထားရပါက သန့်ရှင်းသောရေအိုး၊ ရေပုံးများအတွင်း ရေထည့်ပြီးပါက အဖုံးဖြင့်လုံအောင်အုပ်ထားသင့်သည်။

ဗီတာမင်-C ဓာတ်ကို ပို၍စားသုံးသင့်သည်။ မိုးရာသီတွင် ဗီတာမင်-C ဓာတ် များများစားခြင်းက ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသည်။ ဗီတာမင်-C သည် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ရောဂါပိုးမွှားများကို ကောင်းစွာတိုက်ထုတ်ပေးနိုင်သည်။ လိမ္မော်သီး၊ ဂရိတ် ဖရုသီး၊ သံပရိုသီး၊ ရှောက်သီးကဲ့သို့သော အချဉ်ဓာတ်ပါသည့်အသီးအနှံ များစားသင့်သည်။ ထို့ပြင် ပိန္နဲသီး၊ ဂေါ်ဖီထုပ်၊ ငရုတ်ပွသီး၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်များတွင်လည်း   ဗီတာမင်-C   ကြွယ်ဝစွာပါဝင်၍ အသားနှင့်ဟင်းသီးဟင်းရွက်မျှတစွာ၊ အာဟာရပြည့်ဝစွာ စားသုံးသင့်ပါကြောင်း အကြံပြုရေးသား လိုက်ရပါသည်။             ။         

MWD Web Portal

Photo - Prime View Magazine