မိမိကိုယ်မိမိ ပျောက်ဆုံးမခံပါနှင့်

Posted_Date

Image

မိမိကိုယ်မိမိ ပျောက်ဆုံးမခံပါနှင့်

Body

လူတိုင်းလူတိုင်းတွင် အခက်အခဲများ၊ ပြဿနာများ၊  စိတ်ဓာတ်ကျဖွယ်အကြောင်းတရားများ များစွာ ရှိတတ်ကြစမြဲပင်။ ထိုသို့သော အကြောင်းအရာများနှင့် ဆက်တိုက်ဆိုသလို ကြုံတွေ့ခဲ့ရသူများအဖို့မူ မည်သို့သော အလုပ်ကိုမှ  ဆက်လက်လုပ်ကိုင်လိုစိတ်မရှိတော့ဘဲ အရာအားလုံးကို လွှတ်ချထား ခဲ့ချင်သောစိတ်တို့  တဖွားဖွား ပေါ်ပေါက်လာတတ်ပေသည်။ စိတ်ဓာတ်များကျဆင်းကာ လူသားတစ်ဦးအဖြစ်ပင် ရပ်တည်ရှင်သန် နေလိုစိတ်တို့ ကုန်ဆုံးသွားတတ်ပေသည်။ ထိုသို့စိတ်ဓာတ်ကျဆင်းမှုတို့သည် မကောင်းသော ခံစားမှုတို့ လွှမ်းမိုးခံထားရသောကြောင့်ပင် ဖြစ်သည်။ ထိုခံစားမှုကြီးသည် မိမိတွင်ရှိနေသော၊ ရှိနေခဲ့သော ကောင်းမွန်သည့် အရာအားလုံးတို့ကို မေ့လျော့သွားစေတတ်သည်။

အနာဂတ်မဲ့ အမှောင်ကမ္ဘာကြီးထဲတွင် ဆင်ကန်းတောတိုးနေရသည့်အလား၊ ကမ်းမမြင်လမ်းမမြင် ရွက်လွှင့်နေရသည့်အလား၊ သွားရမည့်လမ်းကြောင်း အစစ်အမှန်ကို   မတွေ့ရသေးဘဲ  စမ်းတဝါးဝါး လျှောက်လှမ်း နေရသကဲ့သို့ ဖြစ်ပေါ်နေသည့် စိတ်ခံစားမှုသည်   အင်မတန်မှဆိုးရွားလွန်းလှသည်။   မိမိဦးတည်ထားသော၊ မိမိလျှောက်လှမ်းလိုသောလမ်းကို ချမှတ်ထားပြီး အနာဂတ်အတွက် အစီအစဉ်များ စတင်ရေးဆွဲ အကောင်အထည်ဖော် ဆောင်နိုင်ရန် ကြိုးစားမှုပြုလုပ်နေသည့်အချိန်တွင်မှ ထင်မှတ်မထားသည့် ကံကြမ္မာအပြောင်းအလဲတို့၊ မုန်တိုင်းတို့၊ လှိုင်းဒဏ်တို့ကို အလစ်အငိုက်ခံလိုက်ကြရတတ်သည်။  ထိုအခြေအနေမျိုးတွင်  ရူးသွားမတတ် နာကျင်မှုတို့ကို ခံစားရပြန်ပေသည်။ “လဲလျှင်ပြန်ထ” ဆိုသည့်စကားသည်   စကားအရသာလွယ်ကူပြီး အမှန်တကယ် ကြုံတွေ့ဖြတ်သန်းရပြီဆိုလျှင်ကား ခက်ခဲကြမ်းတမ်းလွန်းလှသည်။

ထိုအခြေအနေမျိုးကို ရင်ဆိုင်ဖြတ်သန်းနေရပြီဆိုလျှင် အချို့သောလူများက ပိုမိုလဲကျစေရန် နာကျင်စေမည့် စကားတို့ကို ရွေးချယ်ပြောဆိုသူများလည်းရှိ၏။ အမှန်တကယ် စိတ်ရင်းကောင်းမွန်စွာ ဖေးမမှုပြုသူများလည်း ရှိကြ၏။  ကြုံတွေ့ရသည့်  အခြေအနေဆိုးကြီးထဲတွင်  တွေ့ကြုံလာရသမျှသော လူတို့၏ကောင်းခြင်း တရားများကိုသာ မိမိမှရယူလက်ခံတတ်စေရန်    မိမိစိတ်ကို မိမိပြင်ဆင်ဖန်တီးမှုပြုရပေမည်။ ကောင်းခြင်းတရားများ၊ ဆိုးခြင်းတရားများ များစွာတို့ကို မိမိ၏ အသိဉာဏ်ပညာရေစစ်ဖြင့်စစ်ယူကာ ကောင်းမွန်သည့် အရာတို့သာ တင်ကျန်ခဲ့စေရန်ဂရုပြု၍  မိမိဘဝခရီးအတွက် မှန်ကန်ဖြောင့်တန်းသော လမ်းဆီသို့ သယ်ဆောင်သွားရန် လိုအပ်ပါပေသည်။

ယခင်က မိမိလုပ်ဆောင်ခဲ့သည့် အရာတို့ကိုလည်း မလုပ်ဆောင်နိုင်တော့ဘဲ အခက်အခဲ အသေးအမွှားလေးများကိုပင်  ရင်မဆိုင်နိုင်လောက်တော့သည်အထိ  အားအင်များလျော့ကျကာ  အရာရာကို လွှတ်ချထားပြီး ဖြစ်လာသမျှအရာအားလုံးတို့ကို လည်စင်းခံရန်အတွက်သာ  အသင့်ဖြစ်နေလျှင်  မိမိစိတ်ကိုမိမိ သတိပြုရမည်ဖြစ်သည်။ ယခင်အချိန်များစွာတို့တွင်လည်း အလားတူအခက်အခဲများကို ရင်ဆိုင်ရ၊  ကြုံတွေ့ရ၊  ဖြတ်ကျော်ခဲ့ရသည်တို့ကို သတိရကာ ယခင်ကမိမိကိုယ်ကို ပြန်လည်ရှာဖွေရန် လိုအပ်သည်။  မိမိဝါသနာ၊  မိမိလုပ်ဆောင်ခဲ့သော အကြောင်းအရာများ၊    မိမိရင်ဆိုင်ကျော်လွှားခဲ့ရသော အခက်အခဲများကို ပြန်လည်တွေးတော သတိရကာ ယခင်ကမိမိအဖြစ် ပြန်လည်ရရှိနိုင်စေရန်အတွက် စွမ်းအင်တို့ကို ပြန်လည်ရယူရမည်ဖြစ်သည်။

ထိုကဲ့သို့စွမ်းအင်များကို ပြန်လည်ရရှိနိုင်စေရန်ကိုမူ  မိမိ၏အနီးအနား မိမိပတ်ဝန်းကျင်တွင် Negative Vibes များပေးနေသည့်လူများ၊ အပေါင်းအသင်းများ၊ အရာများကို‌ ရှောင်ရှားနိုင်ရန် အဓိကကျလှသည်ဟုဆိုချင်သည်။ လူသားတို့တွင် စိတ်၏စွမ်းအင်များသည်  လွန်စွာအရေးပါလှပေသည်။ “စိတ်ဆောင်တော့အောင်”၊   “စိတ်ထောင်းတော့ ကိုယ်ကြေ”၊   “စိတ်ပျိုကိုယ်နု”၊   “စိတ်အစဉ်က အရိပ်ထင်” စသည်ဖြင့် စိတ်၏အရေးပါမှုတို့ကို သိရှိနိုင်ပါပေသည်။ ထိုကဲ့သို့ အ‌ရေးကြီးလှသည့် စိတ်ကလေးသည် နေ့စဉ်နှင့်အမျှ ကြည်လင်ဖြူစင်နေပါမှ   နေ့စဉ်နှင့်အမျှ လုပ်ဆောင်နေရသည့် အရာများ၊  ပြောဆိုနေရသည့်အပြောအဆိုများ၊ ကြံစည်နေရသည့် အကြံအစည်များသည် ကောင်းမွန်မှုကို ရရှိလာမည်ဖြစ်သည်။ အတွေးကောင်း၊ အပြောကောင်း၊ အကြံအစည်ကောင်း၊ လုပ်ဆောင်မှုကောင်းများရှိမှသာ ကောင်းမွန်သော လူ့အဖွဲ့အစည်းကို   တည်ဆောက်နိုင်မည်ဖြစ်သည်။   ထိုသို့ရရှိစေရန်အတွက် Positive Energy များကို ပေးစွမ်းသော လူပုဂ္ဂိုလ်များနှင့် ပေါင်းသင်း၊ ပြောဆို၊ နေထိုင်ရန် လိုအပ်သကဲ့သို့  မိမိကိုယ်တိုင်လည်း  Positive Energy များ ရရှိနိုင်စေရန်အတွက် မိမိ၏စိတ်ကိုမိမိ ပြုပြင်နေထိုင်ရန် လိုအပ်လှသည်။

ပတ်ဝန်းကျင်သည် အဘယ်မျှပင်အရေးပါသည်ဟု ဆိုစေကာမူ  မိမိကိုယ်တိုင်သည်သာ  အခရာဖြစ်သည်။     မိမိ၏စိတ်ကို မိမိဂရုပြု၍   ဖြောင့်မှန်စေရန်အတွက် ကြိုးစားကာထိန်းညှိရမည်ဖြစ်သည်။ “ယခင်ကမိမိ”အားပျောက်ဆုံးကာယခုလက်ရှိတွင် ဘာမှအသုံးမဝင်သော၊ ဘယ်အရာကိုမှ မလုပ်ဆောင်နိုင်သောလူတုံး၊ လူညံ့သဏ္ဌာန် ဖြစ်ချင်သလိုဖြစ်၊နေချင်သလိုနေမည်ဆိုသည့် ကြိုးစားချင်လိုစိတ်တို့ ကုန်ဆုံးယုတ်လျော့ သွားလျှင် ရှေ့အနာဂတ်ခရီးသည်ကား ပိုမိုကြမ်းတမ်းမှုတို့ကို ဖြတ်သန်းရတော့မည်ဟု ဂရုပြုမိရမည်ဖြစ်သည်။ မည်သူမဆို ကြမ်းတမ်းသော ခရီးကိုမသွားလိုကြပေ။ 

ပန်းခင်းသောလမ်းကိုသာ  လျှောက်လှမ်းရင်းဖြင့် ဘဝအမောများကို    ပြေလိုတတ်ကြသည်ပင်။ ထို့ကြောင့်  သာယာဖြောင့်ဖြူးသော လမ်းကို ရရှိနိုင်စေရန်အတွက် ဖြစ်သလိုမနေတတ်စေရန် အရေးကြီးသည်။ စိတ်တို့မွန်းကျပ်လေတိုင်း ဖြစ်ချင်ရာ ဖြစ်နေပစ်လိုက်လျှင်မူ ခက်ခဲပင်ပန်းပေလိမ့်မည်။ ထို့ကြောင့် ရံခါတွင် အခက်အခဲများ၊ အကျပ်အတည်းများကို   ရင်ဆိုင်ရရှိချိန်ရှိတတ်သဖြင့်   ထိုကဲ့သို့သောအချိန်ကလေးများကို  ဖြတ်သန်းရချိန်တွင် မိမိကိုယ်ကို   ပျောက်ဆုံးသွားတတ်သည်။ ပျောက်ဆုံးမခံပါနှင့်။ပြန်၍တွေ့အောင်ရှာပါ။ မိမိကိုယ်မိမိတွေ့အောင် ပြန်ရှာလိုစိတ်ရှိခြင်းသည်ပင် ပထမဆုံးခြေလှမ်း ဖြစ်နေပေသည်။

မိမိကိုယ်မိမိ    ပျောက်ဆုံးနေချိန်တို့တွင် စိတ်တည်ငြိမ်မှု ရရှိစေရန်အတွက် တရားထိုင်ခြင်းများ၊ အာနာပါနရှု မှတ်ခြင်းများ၊ စိတ်ခွန်အားတိုးစေသည့် စာအုပ်စာပေတို့ကို ဖတ်ရှုခြင်းများ၊ ဝါသနာပါရာလုပ်ငန်းတို့ကို တစိုက်မတ်မတ် စိတ်နှစ်ထားကာ လုပ်ဆောင်နေခြင်းများ၊ မိတ်ကောင်းဆွေကောင်းများဖြင့် စကားပြောဆိုခြင်းများ၊ ယုံကြည်စိတ်ချရသော မိတ်ဆွေသူငယ်ချင်းကောင်းများဖြင့် အကြံဉာဏ်ကောင်းများ တောင်းခံခြင်းများ၊ မကောင်းမြင်စိတ်ရှိသူတို့နှင့် ရှောင်ကြဉ်နေထိုင်ခြင်းများ၊ ကိုယ်စိတ်နှလုံးဖြူစင်စေရန် ကြိုးစားနေထိုင်ခြင်းများ၊ ကာယဆိုင်ရာလေ့ကျင့်ခန်းများပြုလုပ်ခြင်းများ၊ စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းများ စသည်တို့ကိုပြုလုပ်သင့်သည်။   ထိုသို့ပြုလုပ်နေရင်းဖြင့် မိမိတွင်ခံစားနေရသော မကောင်းသည့် ခံစားမှုကြီး၊ ဝမ်းနည်းမှုကြီးမှ   လွတ်မြောက်လာနိုင်မည်ဖြစ်သည်။   မိမိစိတ်အတွင်းထဲရှိ   မကောင်းသော ဝမ်းနည်းအားငယ်ဖွယ်ရာ   အဖြစ်ဆိုးကြီးအား ပြန်လည်ကုစားနိုင်ခြင်းသည် မိမိ၏အတွင်းစိတ်ထဲ  နက်နက် ရှိုင်းရှိုင်းထိ ကုစားမှုပြုနိုင်မှသာ ထိုအဖြစ်ဆိုးကြီး၏ ဒဏ်ရာဒဏ်ချက်တို့ သက်သာနိုင်မည်ဖြစ်သည်။  ထို့ကြောင့် မိမိကိုယ်မိမိ ပျောက်ဆုံးနေပါလျှင် ပြန်လည်ရှာဖွေနိုင်ရန်ကြိုးစားပြီး ဘဝခရီးကို ဆက်လက်လျှောက်လှမ်းမှု ပြုကြရမည်ဖြစ်သည်။

မည်သို့ပင် အခက်အခဲများကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပါစေ ဘဝခရီးကိုကား ဆက်လက်လျှောက်လှမ်းနေရမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။ အခက်အခဲရှိ၍ မလျှောက်ချင်ပါ၊   ရပ်တန့်ချင်ပါသည်ဟု  မည်မျှတားတားမရနိုင်ပါချေ။ မဖြစ်မနေဆက်ကာဆက်ကာ လျှောက်လှမ်းမှုပြုနေရမည့်အတူတူ စိတ်ဓာတ်ကျကာ လွှတ်ချ ထားလိုက်ခြင်းသည် ပြဿနာ၏အဖြေမဟုတ်ချေ။ ထို့ကြောင့် လျှောက်လှမ်းရမည့်အတူတူ ယခင်က မိမိကိုယ်မိမိ ပြန်ရှာဖွေရမည်ဖြစ်သည်။ 

“ယခင်ကကိုယ်”ကို ပြန်ရှာဖွေပြီး ယခု “ဘဝသင်ခန်းစာများ” ဖြင့် ပြုပြင်ကာ “ပိုမိုကောင်းမွန်သောကိုယ်” ဖြစ်လာစေရန်   ပြုပြင်နေထိုင်ရမည်ဖြစ်သည်။

မည်မျှခက်ခဲနေပါစေ မိမိကိုယ်မိမိတော့ ပျောက်ဆုံးမသွားစေရန် အထူးဂရုပြုရမည်ဖြစ်သည်။

လောကလူ့ဘဝကြီးတွင်   မည်သည့်အရာမှ တည်မြဲမနေနိုင်ပါ။ ယနေ့မိမိပိုင်ဆိုင်ထားသည်ဟု ထင်နေသော ပစ္စည်းများ၊ ဥစ္စာများ၊ ရာထူးဂုဏ်သိန်များ၊  လက်ဝတ်ရတနာများ  စသည်စသည်ဖြင့် အရာအားလုံးတို့သည် မနက်ဖြန်တွင် ဆုံးရှုံးသွားရတတ်သည်။ သာ၍အရေးကြီးသည်မှာ ယနေ့ မိမိရှင်သန်နေထိုင်ပြီး   သွားလာလှုပ်ရှား ပြောဆိုလုပ်ကိုင်နေခြင်းသည်ပင်  မနက်ဖြန်အတွက် တည်မြဲပါမည်ဟု တပ်အပ်ပြော မရပါပေ။ ထို့ကြောင့် ရှင်သန်နေရသောအခိုက်အတန့်ကလေးတွင် ကောင်းမွန်သောစိတ်နှလုံးဖြင့်  ကောင်းမွန်သော စကားတို့ကိုဆိုကာ ကောင်းမွန်သောအလုပ်တို့ကို လုပ်ကိုင်နိုင်စေရန်အတွက်မိမိနှင့် Energy မကိုက်ညီသော၊ မိမိအတွက် Toxic ဖြစ်စေသော အရာအားလုံးတို့ကို မိမိနှင့်ဝေးစွာ (ဝေးစွာ) သော အကွာအဝေးသို့ ရောက်ရှိစေရန်ထားရှိကာ မိမိကိုယ်မိမိ ကောင်းမွန်စေရန် ပြုပြင်နေထိုင်ရင်းလူထုအကျိုးပြုသည့် လုပ်ငန်းများကို တစ်နေ့ထက်တစ်နေ့ ပိုမိုလုပ်ကိုင်နိုင်စေရန် ကြိုးစားရမည်ဖြစ်သည်။ 

“ပစ္စည်းသင်္ခါရ၊ လူသင်္ခါရ” ဆိုသည့်အတိုင်း မည်သို့သောအရာမှ   တည်မြဲမနေသည်ဖြစ်ရာ ကုသိုလ်တရား၊ အကုသိုလ်တရားတို့ကိုသာ နောင်တမလွန်ဘဝအထိ   သယ်ဆောင်သွားရမည်ဖြစ်သောကြောင့် နေ့စဉ်နှင့်အမျှ  ကုသိုလ်တရားများကို နည်းနည်းချင်းစီ၊ ဖြည်းဖြည်းချင်းစီ စုဆောင်းသွားရမည်ဖြစ်သည်။ လူသားတို့ကို အကျိုးပြုစေသည့် အပြုအမူ၊ အပြောအဆို၊ လုပ်ငန်းများသည် ကုသိုလ်တရားများကို ရရှိစေသည်။ လူသားတို့ကို အကျိုးယုတ်စေသော   အပြုအမူ၊ အပြောအဆို၊ လုပ်ငန်းတို့သည် အကုသိုလ်တရားတို့ကို ရရှိစေသည်။ မိမိသည် ကုသိုလ်ကိုစု၍ အထုပ်အပိုးအဖြစ် ပြင်ဆင်နေပါစေ၊ အကုသိုလ်ကိုစု၍ အထုပ်အပိုးအဖြစ် ပြင်ဆင်နေပါစေ    မိမိပြင်ဆင်ထုပ်ပိုးထားသည့် အထုပ်အပိုးဖြင့်သာ သံသရာခရီးကို တစ်ဦးတည်း ခရီးဆက်လက်နှင် နေရမည် ဖြစ်သည်။

စိတ်ဓာတ်ကျစရာများ ကြုံတွေ့ရ၍ စိတ်ဓာတ်ကျကာ မည်သည့်အရာမှ မသိချင်ဖြစ်ပြီး မောဟတရားတို့ လွှမ်းမိုးနေမည်ဆိုပါက ယခင်ကမိမိပျောက်ဆုံးသွားပြီး မောဟတရားတို့၏ နောက်ဆက်တွဲ အကျိုးဆက်မှ ရရှိလာသည့် အရာများကိုသာ မိမိအထုပ်အပိုးထဲတွင် ထည့်သွင်းထားမိချေလိမ့်မည်ဖြစ်သည်။  သို့အတွက်ကြောင့်  မသိခြင်းအမိုက်မှောင်မောဟတရားတို့ကို ရှင်းလင်းဖယ်ရှားပစ်ပြီး အသိပညာ ဉာဏ်အလင်းဖြင့်   ထိုးဖောက်ပစ်ကာ မိမိကိုယ်မိမိ ပျောက်ဆုံးမခံမိစေရန်  အရေးကြီးသည်။ မိမိကိုယ်မိမိ  ပြန်လည်တွေ့ရှိခြင်းသည် မိမိဘယ်လမ်းကိုသွားနေသည်၊ ဘယ်မျှခရီးရောက်နေသည်၊လမ်းမှားနေသည်၊  လမ်းမှန်နေသည်၊ မသွားဘဲရပ်တန့်နေမိသည် စသည်တို့ကို သတိပြုမိ၊ မြင်ယောင်မိလာမည်ဖြစ်သည်။

ထို့ကြောင့် တွေ့ကြုံနေရသော ဘဝခရီးလမ်းတွင် မိမိကိုယ်မိမိပျောက်ဆုံးမခံဘဲ Positive Energy များဖြင့်အမြဲ ရှင်သန်နေနိုင်စေရန်  ကြိုးစားမှုပြုရမည်ဟု ရေးသားလိုက်ရပါတော့သည်။      ။

Source- Myawady Webportal

Image- Pinterest