အဂတိပယ်ခွာ ပြည်သာယာ
Posted_Date
Image
Body
ခိုးစား၍ တိုးပွားခြင်းသည် တစ်ခဏ၊
ရိုးရိုးသားသား ကြိုးစားခြင်းသည် တစ်ဘဝ။
အဂတိလိုက်စားခြင်းသည် နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးစီးပွားကို မသမာသောနည်းဖြင့် ခိုးယူခြင်းပင်ဖြစ်၍ စံစားရလျှင် တစ်ခဏသာ ဖြစ်ပေလိမ့်မည်။
အဂတိလိုက်စားခြင်းနှင့်စပ်လျဉ်း၍ ကဏ္ဍအသီးသီးက သက်ဆိုင်ရာလုပ်ငန်းစဉ်များအလိုက် အနက်အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုကြပါသည်။ ဆိုလိုရင်းများကို ပေါင်းချုပ်တင်ပြရလျှင် အဂတိ လိုက်စားမှု ဆိုသည်မှာ တရားမဝင် အခွင့်အရေးနှင့် အကျိုးစီးပွားအတွက် အမှန်တရားကို မျက်ကွယ် ပြု၍ မလိုက်သင့်သည့်ဘက်ကိုလိုက်ခြင်း၊ မပြုသင့်သည်များကို အလွဲသုံးပြုလုပ်ခြင်းပင် ဖြစ်ပါသည်။
အဂတိလိုက်စားခြင်းသည် စောင့်ထိန်းအပ်သော လူ့ကျင့်ဝတ်များကို ချိုးဖောက်၍ မတရား ပြုကျင့်မှုဖြစ်သောကြောင့် စက်ဆုပ်ရွံရှာဖွယ်လုပ်ရပ်အဖြစ် သိမြင်ကြသော်လည်း လောကဓံတရား၏ စေစားမှုကြောင့် ဤမတရားပြုကျင့်မှုကြီးကိုပင် လက်ခံကျင့်သုံးလျက် ကိုယ်တိုင်အဂတိလိုက်စားခြင်း၊ ကိုယ့်အကျိုးစီးပွားအတွက် အဂတိလိုက်စားရန် အားပေးအားမြှောက်ပြုခြင်းတို့ဖြင့် အဂတိအမှောင်အတွင်း သက်ဆင်းကြရရှာသည်။ ဤသို့ဖြင့် အဂတိလိုက်စားမှုမှာ ရှေးပဝေသဏီမှသည် မျက်မှောက် ခေတ်ကာလဆီသို့တိုင်အောင် အမြစ်တွယ်လှိုက်စားလာခဲ့ခြင်းဖြစ်ပေသည်။
အဂတိလိုက်စားမှုသည် ကူးစက်လွယ်သောဗိုင်းရပ်စ်ပိုးသဖွယ် ပျံ့နှံ့နေသည်မှာ မှန်သော်လည်း ကုသရန်ဆေးစွမ်းများ၊ ကာကွယ်ရန်နည်းလမ်းများ မရှိသည်ကား မဟုတ်ပေ။ အဂတိလိုက်စားမှုကို ကာကွယ်တိုက်ဖျက်ရန် ကမ္ဘာ့နိုင်ငံတိုင်း၊ အဖွဲ့အစည်းတိုင်းက ကိုယ့်နည်းကိုယ့်ဟန်နှင့် ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများ ပေါင်းစည်း၍ လက်တွဲကြိုးပမ်းမှုများလည်းရှိပါ သည်။ ၃၁-၁၀-၂၀၀၃ ရက်နေ့တွင် ကျင်းပသော ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက် ၅၈/၄ အရ ကုလသမဂ္ဂ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်း (UNCAC) ပေါ်ပေါက်လာခဲ့ပါသည်။ ကမ္ဘာတစ်ဝန်း အဂတိလိုက်စားမှုနှင့် ဆက်စပ်နေသည့် နိုင်ငံဖြတ်ကျော် လူကုန်ကူးမှု၊ ငွေကြေးခဝါချမှု တို့ကို တားဆီးကာကွယ်ရန်၊ အရေးယူအပြစ်ပေးရန်နှင့် ပူးပေါင်းဆောင်ရွက်ရန် အဆိုပါကွန်ဗင်းရှင်းကို ကုလသမဂ္ဂက အတည်ပြုခဲ့ခြင်း ဖြစ်ပါသည်။ အဂတိလိုက်စားမှုကို ဆန့်ကျင်တိုက်ဖျက်ရာတွင် ကုလသမဂ္ဂ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်း၏ အရေးပါသော အခန်းကဏ္ဍကို မြှင့်တင် နိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည့် ဒီဇင်ဘာလ ၉ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့အဖြစ် နှစ်စဉ် သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ကြပါသည်။
မြန်မာနိုင်ငံသည် ၈-၁၁-၁၉၄၈ ရက်နေ့တွင် အဂတိလိုက်စားမှု တားမြစ်ရေးအက်ဥပဒေကို ပြဋ္ဌာန်း၍ အဂတိလိုက်စားမှုကို ထိန်းချုပ်ကာကွယ်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ကမ္ဘာ့နိုင်ငံများက ကုလသမဂ္ဂ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကွန်ဗင်းရှင်းအား လက်မှတ်ရေးထိုး၍ အဖွဲ့ဝင်နိုင်ငံများ အဖြစ် အသိအမှတ်မပြုမီကပင် မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို အစိုးရအဆက်ဆက်က ဆောင်ရွက်နေခဲ့ကြပြီ ဖြစ်ပါသည်။ ကုလသမဂ္ဂ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်းပေါ်ပေါက်လာသောအခါ မြန်မာနိုင်ငံသည် အဖွဲ့ဝင်နိုင်ငံအမှတ်စဉ် (၁၆၅) အဖြစ် ၂-၁၂-၂၀၀၅ ရက်နေ့တွင် လက်မှတ်ရေးထိုးပြီး ၂၀-၁၂-၂၀၁၂ ရက်နေ့တွင် အတည်ပြုဝင်ရောက် ခဲ့ပါသည်။အဂတိလိုက်စားမှုတိုက်ဖျက်ရေးကိုအမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန်နှင့် အဂတိလိုက်စားမှု ကျူးလွန်သူများကို ထိရောက်စွာ အရေးယူရန် ၇-၈-၂၀၁၃ ရက်နေ့တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို အတည်ပြုပြဋ္ဌာန်းပြီး ၂၀၁၄ ခုနှစ်တွင် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို ဖွဲ့စည်းလျက် အဂတိလိုက်စားမှုများကိုတားဆီးကာကွယ်ခြင်း၊ အသိပညာပေးခြင်းနှင့် ကျူးလွန်သူများကို ဖော်ထုတ်အရေးယူခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံအနေဖြင့် သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ဖြစ်ထွန်းစေရန် ရည်ရွယ်လျက် အဂတိလိုက်စားမှုများကို ဖော်ထုတ်တိုက်ဖျက်ရာတွင် ပိုမို ထိရောက်စွာ အရေးယူ ဆောင်ရွက်နိုင်ရန်နှင့် ပြောင်းလဲတိုးတက်နေသော ခေတ်စနစ်နှင့်အညီဖြစ်စေရန် ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကိုအကြိမ်ကြိမ်ပြင်ဆင်မွမ်းမံခဲ့ရာ ၂-၈-၂၀၂၃ ရက်နေ့တွင် ပဉ္စမအကြိမ် အထိ ပြင်ဆင်ပြဋ္ဌာန်းခဲ့ပါသည်။ ပိုမိုကျယ်ဝန်းသော အဓိပ္ပာယ်ဖွင့်ဆိုမှုများနှင့် ပိုမို တိကျ ခိုင်မာသော ပြဋ္ဌာန်းချက်များကို အခြေခံ၍ အဂတိလိုက်စားမှုများကို မျက်ခြည်မပြတ် စောင့်ကြည့်ကာ ဟန့်တား ထိန်းချုပ်လျက်ရှိကြောင်း သတိပြုနိုင်ပါသည်။ ယင်းဥပဒေအရ တံစိုးလက်ဆောင် တောင်းယူသူကို သာမက တံစိုးလက်ဆောင် ပေးသူကိုပါ ထိရောက်ဟန့်တားသော ပြစ်ဒဏ်များ ချမှတ်နိုင်ကြောင်း တွေ့ရသည်။ လာဘ်ပေးလာဘ်ယူပြုလုပ်ခြင်း သာမက ဥပဒေကို ဖောက်ဖျက်လျက် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းဉစ္စာနှင့် ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာစေခြင်းသည်လည်း အဂတိလိုက်စားမှုပင်ဖြစ်ကြောင်း သတ်မှတ်ပြဋ္ဌာန်းထားသည်။
နိုင်ငံတော်ကြီး ရေရှည်တည်တံ့ခိုင်မြဲသောတိုးတက်မှုများရရှိစေရန် စဉ်ဆက်မပြတ်ချိတ်ဆက် လည်ပတ်နေသော စီးပွားရေး၊ လူမှုရေးနှင့် အုပ်ချုပ်ရေးယန္တရားများတွင် အဂတိလိုက်စားမှုများ ကြားညှပ်ပါဝင်လာခြင်းသည် နိုင်ငံတော်ကို သာမက အများပြည်သူတို့၏ လူမှုစီးပွားရေး အခြေအနေ များကိုပါ များစွာထိခိုက်နစ်နာစေပါသည်။ ထို့အပြင် နိုင်ငံတကာနှင့် ချိတ်ဆက် ဆောင်ရွက်နေရသော စီးပွားရေးလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများကို ပျက်စီးဆုံးရှုံးစေနိုင်သည်။ အဂတိလိုက်စားမှုသည် နိုင်ငံတော်၏မျက်နှာကို အိုးမဲသုတ်ရုံသာမက အက်ဆစ်နှင့်လောင်းပက်မည့် ရန်သူသဖွယ် ဖြစ်လာနိုင် ပါသည်။ ယင်းအန္တရာယ် ရန်စွယ်ကို အမြစ်ပြတ် ချေမှုန်း သုတ်သင်နိုင်မှသာ နိုင်ငံတော်နှင့် နိုင်ငံသား တို့၏ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကို ပိုမိုမြင့်မားစေနိုင်မည်ဖြစ်ပေသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က “လူမှုအဖွဲ့အစည်းအတွင်း အဂတိလိုက်စားမှုကိုလက်မခံသည့် ဖြောင့်မတ်တည်ကြည်မှုရှိသည့်ယဉ်ကျေးမှုတစ်ရပ် ဖြစ်ထွန်းလာ စေရန်အတွက် ပြည်သူလူထုတစ်ဦးချင်းစီက အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းတွေမှာ ပါဝင် မှသာ မိမိလုပ်ငန်းခွင်၊ မိမိနေထိုင်ရာလူမှုပတ်ဝန်းကျင်ကို ရိုးသားဖြောင့်မတ်မှုနှင့် အဂတိကင်းစင်သောလူမှုအသိုက်အဝန်းတစ်ခုတည်ဆောက်နိုင်မည်။”ဟု ၂၀၂၁ ခုနှစ် အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် လမ်းညွှန် မိန့်ကြားခဲ့ပါသည်။ အဂတိလိုက်စားမှု ကင်းစင်သောနိုင်ငံတော်တစ်ရပ်ဖြစ်စေရေးအတွက်တာဝန်ရှိပုဂ္ဂိုလ်များနှင့်ပြည်သူလူထုတစ်ရပ်လုံးက တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြရန် အလေးအနက်ထား တိုက်တွန်းခဲ့ခြင်း ဖြစ်ပါသည်။
အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်က “မြန်မာ နိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ “အဂတိပယ်ခွာ ပြည်သာယာ”ဆိုသော ဆောင်ပုဒ် နှင့်အညီ နိုင်ငံတော်ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်စေရေးအတွက် တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူ့ဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ သတင်းမီဒီယာများနှင့် ပြည်သူလူထုအားလုံးက အဂတိလိုက်စားမှု အကျင့်ဆိုးကို လုံးဝလက်မခံ ဝိုင်းဝန်း တိုက်ဖျက်သည့် မူဝါဒ Zero Tolerance Policy ချမှတ်ပြီး အဂတိကင်းစင်သည့် လူဘောင်ကို အတူတကွ ထူထောင် ကြပါစို့” ဟု ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် နှိုးဆော်မိန့်ကြားခဲ့ပါသည်။ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေဖြင့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာစီမံချက် (၂၀၂၂-၂၀၂၅) ကို တစ်ဆင့်ပြီးတစ်ဆင့် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် အဂတိလိုက်စားမှုကို လုံးဝလက်သင့်မခံသည့် လူမှု အသိုက်အဝန်းကို ထူထောင်နိုင်သည်အထိ အောင်မြင်အောင် စွမ်းဆောင်နိုင်မည်ဟု ယုံကြည်ပါသည်။
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ကို တည်ဆောက်ရာတွင် နိုင်ငံတော်အစိုးရနှင့် နိုင်ငံ့ဝန်ထမ်းများသည် အဓိကအရေးပါသောအခန်းကဏ္ဍများတွင် ပါဝင်နေသည်။ နိုင်ငံတော်အစိုးရက ချမှတ်သော မူဝါဒ၊ ဦးတည်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရသော နိုင်ငံ့ဝန်ထမ်းများသည် စိတ်ဓာတ်နှင့် ကိုယ်ကျင့်တရားများ ခိုင်မာ ကောင်းမွန်ရန် လိုအပ်သည်။ “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်” ဟူသော ဆိုရိုးစကား ဆောင်ပုဒ်သည် နိုင်ငံတော်အတွက် ရိုးသားကြိုးစား၍ ဖြောင့်မတ်တည်ကြည်သော ဝန်ထမ်းကောင်းများ လိုအပ်ခြင်းကို ညွှန်ပြနေသည်။ ထိုဝန်ထမ်းကောင်းများ မွေးထုတ်ပေးရန် စီမံခန့်ခွဲအုပ်ချုပ်သူ ခေါင်းဆောင်များတွင် တာဝန်ရှိသည်။ ဘက်လိုက်မှု၊ ခွဲခြားဆက်ဆံမှု၊ အငြိုးတရားဖြင့် မုန်းတီးမှုတို့ ကင်းရှင်းပြီး သမာသမတ်ကျကျ၊ အဂတိ တရားကင်းကင်းဖြင့် လူမှန်နေရာမှန် စနစ်တကျ ဆောင်ရွက်နိုင်ရန် စီမံခန့်ခွဲပေးရန် လိုအပ်ပါသည်။ သို့မှသာ သာယာပျော်ရွှင်ဖွယ်ရာအတိဖြစ်သော လုပ်ငန်းခွင်အတွင်း အပြန်အလှန်ယုံကြည်လေးစားမှုအပြည့်ဖြင့် အူမ မတောင့်သော်လည်း သီလစောင့်နိုင်သော ဝန်ထမ်းကောင်းများအဖြစ် ဂုဏ်ယူ ဝင့်ကြွားစွာ ရပ်တည်နိုင်ကြပေလိမ့်မည်။
ထိုကဲ့သို့ နိုင်ငံ့ဝန်ထမ်းများ ဖြောင့်မတ်တည်ကြည်မှုရှိစေရေး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးတို့တွင် ပူးပေါင်းပါဝင်လာစေရေးနှင့် ထုတ်ပြန်ထားသည့် နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ်များကို လိုက်နာမှုရှိ စေရေးတို့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က “ပြည်သူ့ ဝန်ထမ်းများနဲ့ နိုင်ငံ့ဝန်ထမ်းများဟာ နိုင်ငံတော်အစိုးရနဲ့ ပြည်သူများအကြား ပေါင်းကူးတံတားများ သဖွယ် ဆက်သွယ်ဆက်ဆံပြီး ယုံကြည်မှု တည်ဆောက်ပေးရသူများ ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးကို ပုံဖော်ရာမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များသည် အရေးပါသလို ပြည်သူ့ဝန်ထမ်း၊ နိုင်ငံ့ဝန်ထမ်းများရဲ့ စည်းကမ်းလိုက်နာမှု၊ ဖြောင့်မတ်တည်ကြည်မှုနဲ့ ကျင့်ဝတ် စောင့်ထိန်းမှုတွေကနေ လမ်းချော် လွဲမှားသွားစေတဲ့ အဓိက အချက်ကတော့ အဂတိလိုက်စားမှုပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံ့ဝန်ထမ်းများအနေနဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံး လုပ်နည်း၊ ကျင့်ဝတ်များနဲ့အညီ လိုက်နာဆောင်ရွက်ကြမယ်ဆိုရင် ပြည်သူများရဲ့ ယုံကြည်မှုကိုရရှိပြီး ကောင်းမွန်တဲ့ အုပ်ချုပ်မှုစနစ်ကို ဖြစ်ပေါ်စေပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။” ဟု ၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် အလေးအနက် လမ်းညွှန်မိန့်ကြားခဲ့ပါသည်။
အဂတိလိုက်စားမှုသည် စီးပွားရေးကဏ္ဍများတွင်လည်း မွှေနှောက် နေရာယူတတ်သည်ကို သတိပြုအပ်ပေသည်။ ဝိသမလောဘသမားနှင့် အဂတိလိုက်စားသူများကြောင့် တရားမဝင် ကုန်သွယ် မှုများ အင်အားကြီးမားစွာပေါ်ပေါက်လာလျှင် တရားဝင်ကုန်သွယ်ရေးလုပ်ငန်းများ လျော့နည်းလာကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးစွာသော အဟန့်အတားကို ဖြစ်ပေါ်စေလိမ့်မည်။ နိုင်ငံတော်၏ စီးပွားရေးမောင်းနှင်အားကျဆင်းယုတ်လျော့သည်နှင့် ၎င်းနှင့်ဆက်နွယ်နေသောလူမှုရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံရေးကဏ္ဍများကို ထိခိုက်စေကာ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေမည်ဖြစ်ပေသည်။ သာဓက အားဖြင့် အစိုးရဌာန၊ အဖွဲ့အစည်းများတွင် လုပ်ငန်းတင်ဒါခေါ်ယူရာ၌ အဂတိလိုက်စားမှုဖြင့် တင်ဒါကို တစ်ဦးတစ်ယောက်ကဖြစ်စေ၊ အစုအဖွဲ့တစ်ခုကဖြစ်စေ လက်ဝါးကြီးအုပ် ရယူလုပ်ကိုင်ခြင်းများ ဖြစ်ပေါ်လာပါက နိုင်ငံတော်က ဌာနအတွက် ခွင့်ပြုပေးလိုက်သော ငွေပမာဏနှင့် မလျော်ညီသည့်အရည်အသွေးနိမ့်ကျသည့် လုပ်ငန်းကိုသာ ဌာနအတွက်ရရှိခြင်းမျိုးဖြစ်ပေလိမ့်မည်။ အဂတိတရား ကင်းစင်မှသာ မှန်ကန်မျှတသော ယှဉ်ပြိုင်မှု၊ ပွင့်လင်းမြင်သာသော တာဝန်ယူမှု၊ တာဝန်ခံမှုတို့ ဖွံ့ဖြိုး တိုးတက်လာပြီး ထိုက်တန်ကောင်းမွန်သော ရလဒ်ကောင်းများ ပေါ်ထွက်လာမည်ဖြစ်ပေသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို့၌ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့မှ ၆ ရက်နေ့အထိ ကျင်းပသည့် (၉) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်တွင် မြန်မာနိုင်ငံ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌက “အဂတိ လိုက်စားမှုသည် မျှတစွာ ယှဉ်ပြိုင်နိုင်သည့် ဈေးကွက်စီးပွားရေးစနစ်၏ အဓိကပြဿနာတစ်ရပ်ဖြစ်ကြောင်း၊ ယင်းပြဿနာကို ဖြေရှင်းရန် စွန့်ဦး တီထွင်သူများနှင့် ရင်းနှီးမြှုပ်နှံသူများကို အပြည့်အဝအကာအကွယ်ပေးရန်လိုအပ်ကြောင်း၊ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုများကို လုံးဝလက်မခံသည့် လူမှုအသိုက်အဝန်းပေါ်ပေါက်လာစေရန်ရည်ရွယ်၍ မဟာဗျူဟာစီမံချက်များ ချမှတ်ဆောင်ရွက်နေကြောင်း” ဆွေးနွေးပြောကြားခဲ့သည်ကို တွေ့ရှိရပါသည်။
သို့ဖြစ်၍ ဌာနဆိုင်ရာများတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များ (Corruption Prevention Units) ဖွဲ့စည်းလျက် အဂတိလိုက်စားမှုပြဿနာများ မဖြစ်ပေါ်စေရေးအတွက် အဂတိ လိုက်စားမှုဖြစ်နိုင်ခြေရှိသော နယ်ပယ်များကို ဆန်းစစ်လေ့လာသုံးသပ်၍ အသိပညာပေးခြင်း၊ အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ တည်မြဲလုပ်ထုံးလုပ်နည်းများနှင့် လုပ်ငန်းလမ်းညွှန်များ ရေးဆွဲခြင်း၊ စီမံခန့်ခွဲရေးနည်းလမ်းဖြင့် တားဆီးကာကွယ်ခြင်း၊ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများ နှင့်အညီ စနစ်တကျ ကိုင်တွယ်ဖြေရှင်းခြင်း စသည့် ဌာနအလိုက် အဂတိလိုက်စားမှု ဖြစ်နိုင်ခြေ အန္တရာယ်ရှိမှု ဆန်းစစ်ခြင်းလုပ်ငန်းစဉ် Corruption Risk Assessment (CRA) တို့ကို ကြီးကြပ် ဆောင်ရွက်လျက်ရှိရာ ပိုမိုကောင်းမွန်သော အစီအမံများ စဉ်ဆက်မပြတ် ချမှတ်၍ ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားရန် လိုအပ်ပါသည်။ လုပ်ငန်းဆောင်တာများဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ မိမိဌာနတွင်းတွင် သာမက ပြည်သူများနှင့် သက်ဆိုင်သော၊ ပြည်သူများ သိသင့်သိထိုက်သော ကိစ္စရပ် များကို ပွင့်လင်းမြင်သာစွာ ဖော်ထုတ်တင်ပြလျက် ပြည်သူတို့၏အသံကို အလေးဂရုပြု နားထောင် ရမည်ဖြစ်ပါသည်။ အများပြည်သူနှင့် တိုက်ရိုက် ဆက်ဆံရသော ပညာရေး၊ ကျန်းမာရေး စသည့် လူမှုရေးကဏ္ဍများတွင် အဂတိလိုက်စားမှု ကင်းစင်လျက် ပြည်သူများထံ ကောင်းမွန်သော ဝန်ဆောင် မှုများ ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူများ၏ ယုံကြည်လေးစားအားထားမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုကို အပြည့်အဝရရှိပြီး တိုင်းပြည်သာယာဝပြောရေးတွင် တက်ညီလက်ညီဆောင်ရွက်နိုင် ကြမည်ဖြစ်ပါသည်။
အဂတိလိုက်စားမှုသည် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ခြိမ်းခြောက်လျက်ရှိနေသည်။ တရားဥပဒေစိုးမိုးရေးအတွက် တာဝန်ယူ ဆောင်ရွက် ရသော တရားစွဲအဖွဲ့အစည်းများနှင့် တရားစီရင်ရေးအဖွဲ့အစည်းများသည် မိမိတို့၏ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဂတိတရားကင်းရှင်းလျက် ပြည်သူကိုမျက်နှာမူ၍ တရားမျှတစွာ ဆောင်ရွက် ကြရန်လိုသည်။ ဥပဒေနှင့်အညီ သမာသမတ်ကျကျ ဆောင်ရွက်ခြင်းဖြင့် တရားဥပဒေ စိုးမိုးရေး ပိုမို အားကောင်းလာစေရန် ကြိုးပမ်းဆောင်ရွက်သင့်သည်။ ချိန်ခွင်လျှာ ဘယ်ညာ မတိမ်းစေရန် ကိုင်ထား သောလက်များ တည်ငြိမ်ခိုင်မြဲနေရပေမည်။ စိတ်မနောကို ဖြူစင်ဖြောင့်မတ်အောင်ထိန်း၍ မှန်ကန် မျှတစွာ ရှုမြင်ဆင်ခြင်နိုင်ရန်လိုသည်။ ထိုသို့မဟုတ်ဘဲ ငွေကြေး၊ တံစိုးလက်ဆောင်၏ စေခိုင်းကြိုးဆွဲ ရာသို့ လိုက်ပါမည်ဆိုပါက “ငွေများ တရားနိုင်” ဟူသော ဆိုစကားများ ပျောက်ကွယ်ပြီ ဆိုသော်လည်း “ငွေမရှိ တရားရှုံး” ဟူသော ပြည်သူများ၏ ညည်းတွားသံများ ပေါ်ထွက်ပျံ့နှံ့လာဦးမည်ဖြစ်ပေသည်။
အဂတိလိုက်စားသူများအနေဖြင့် အဂတိလိုက်စားမှုကြောင့် ရရှိလာသော ငွေကြေးဥစ္စာ များကြောင့် တဒင်္ဂကြွယ်ဝလာပြီဟု ထင်မှတ်ရသော်လည်း အဂတိလိုက်စားမှုဖြင့် ရရှိလာသော ငွေကြေးနှင့် ပစ္စည်းဥစ္စာများဖြစ်ကြောင်း သက်သေထင်ရှား ပေါ်ပေါက်ပါက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည်ယင်းငွေကြေးနှင့်ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသည့် အမိန့်ချမှတ်မည်ဖြစ်၍ တဒင်္ဂသာယာကြည်နူးခဲ့ရသော ငွေကြေး၊ပစ္စည်းတို့သည် အဂတိကျူးလွန်သူ၏ ဂုဏ်သိက္ခာနှင့်အတူ ပျက်စီးဆုံးရှုံးကြရမည်သာ ဖြစ်ပေသည်။ အဂတိလိုက်စားမှုဖြင့် ကြွယ်ဝချမ်းသာ လာခြင်းနှင့် စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံမှန်ကန်စွာ တိုင်ကြားနိုင်သည့် နည်းလမ်းများကို နိုင်ငံပိုင် သတင်းစာများတွင်လည်းကောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ Website နှင့် Facebook Page များတွင်လည်းကောင်း ဖော်ပြထားသဖြင့် အဂတိလိုက်စားသူများ၏ နယ်ပယ်သည် ကျဉ်းမြောင်းသည်ထက် ကျဉ်းမြောင်းလာပြီကို သတိပြုသင့်လှပေသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သည် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး၊ အသိပညာပေးရေးတို့ကို မဟာဗျူဟာစီမံချက် ရေးဆွဲချမှတ် ဆောင်ရွက်ရာတွင် နိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံခန့်ရှိသည့် ကျောင်းသားကျောင်းသူများအတွင်း အသိပညာပေးရေး နည်းလမ်းကို ပိုမို ကျယ်ပြန့်စွာ ဦးတည် ဆောင်ရွက်သင့်ပါသည်။ အဂတိလိုက်စားမှုသည် လူ့အသိုင်းအဝိုင်းက လက်မခံသည့် ရွံရှာစက်ဆုပ်ဖွယ်၊ ရှက်ရွံကြောက်မက်ဖွယ်ရာ အကျင့်စာရိတ္တ ပျက်ယွင်းမှုကြီး ဖြစ်ကြောင်း ငယ်ရွယ်နုနယ်သော ကလေးငယ်များ၏ နှလုံးသားတွင် စွဲမြဲမှတ်ထင်နေပါက နိုင်ငံ့ တာဝန်ကို ပခုံးပြောင်း တာဝန်ယူမည့် မျိုးဆက်တစ်ခုတွင် အဂတိလိုက်စားမှုသည် ပပျောက်သွားမည်ဟု ယုံကြည်မိပါသည်။ ငယ်စဉ်က ဖတ်ရှုသင်ကြားခဲ့ဖူးသော တံခါးမှူးဒတ္ထအကြောင်းသည် ကြီးပြင်းလာသည့်တိုင် ရင်ထဲတွင် ကျန်ရစ်နေဆဲဖြစ်သည့် သာဓကကို ထောက်ရှုသင့်ပါသည်။
ထို့အပြင် ဥပဒေကို ပြည်သူများက နားလည်သိရှိလာစေရန် ဥပဒေပညာဗဟုသုတများ ပြန့်ပွား စေရေးနှင့် တရားမျှတမှုကို ပြည်သူများ လက်လှမ်းမီစေရန် သက်ဆိုင်ရာ တရားဥပဒေစိုးမိုးရေးအဖွဲ့ အစည်းများနှင့်ပူးပေါင်း၍ အခါအားလျော်စွာအသိပညာပေးရေးလုပ်ငန်းကို ထပ်မံအားဖြည့်ဆောင်ရွက် သင့်ပါသည်။ အဂတိလိုက်စားမှုသည် လူမှုဘဝ ရှင်သန်ဖွံ့ဖြိုးခြင်းအတွက် နတ်ဆိုးတစ်ပါးပင်ဖြစ်ပြီး လူတော်လူကောင်းတို့ကို သွေးဆောင်သိမ်းသွင်း၍ လူညံ့လူဆိုးများ ဖြစ်စေသည်။ အရည်အသွေး၊ စွမ်းရည်ကောင်းများကို အတ္တမှိုင်းတိုက်၍ အဆိပ်အတောက်များအဖြစ်ပြောင်းလဲပစ်သည်။ယင်းအဂတိ နတ်ဆိုးကို ကြံ့ခိုင်သော ကိုယ်ကျင့်သိက္ခာ၊ စာရိတ္တလက်နက်ဖြင့် နှိမ်နင်းမှသာ အောင်မြင်ရာသည်။ အသိဉာဏ်နှင့်ယှဉ်သော ကိုယ်ကျင့်တရားများ လူတိုင်းထားရှိ ထိန်းသိမ်းကြရန် နှိုးဆော် အသိပညာ ပေးခြင်းသည် အဂတိနတ်ဆိုး၏ အရှိန်တန်ခိုးကို ဖျက်ချိုးကာကွယ်ခြင်းပင် ဖြစ်ပေသည်။
အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိရေးအဖွဲ့ (TI) က ၃၀-၁-၂၀၂၄ ရက်နေ့တွင် ထုတ်ပြန် ခဲ့သည့် ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့နိုင်ငံများ၏ အဂတိလိုက်စားမှု အညွှန်းကိန်း (Corruption Perceptions Index, CPI 2023) ၌ နိုင်ငံပေါင်း ၁၈၀ နိုင်ငံအနက် ဒိန်းမတ်နိုင်ငံသည် ရမှတ် ၉၀ ဖြင့် အဆင့် ၁ ရရှိခဲ့ပြီး ဆိုမာလီယာနိုင်ငံသည် ရမှတ် ၁၁ ဖြင့် အဆင့် ၁၈၀ ရရှိခဲ့ပါသည်။ မြန်မာနိုင်ငံအနေဖြင့် ရမှတ် ၂၀ ဖြင့် အဆင့် ၁၆၂ နေရာတွင် တည်ရှိနေပါသည်။ TI အညွှန်းကိန်းပါ ရမှတ်များအရ ရမှတ် “၁၀၀” အပြည့် ရရှိသည့်နိုင်ငံများ မတွေ့ရှိရသဖြင့် ကမ္ဘာ့နိုင်ငံများတွင် “အဂတိလိုက်စားမှု လုံးဝကင်းစင်သည့်နိုင်ငံ” ဟူ၍ မရှိသေးကြောင်း လေ့လာတွေ့ရှိရပါသည်။ မြန်မာနိုင်ငံအနေဖြင့် ညွှန်းကိန်းရမှတ်များ တိုးတက်ကောင်းမွန်လာပြီး ကမ္ဘာ့အလယ်တွင် ဝင့်ထည်နိုင်ရန် ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းရပေဦးမည်။
အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၊ အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများ အပါအဝင် ပြည်သူလူထုတစ်ရပ်လုံး အတူတကွ တက်ညီလက်ညီ ပူးပေါင်းပါဝင်မှုဖြင့် အဂတိကင်းစင်သည့် လူမှုအသိုက်အဝန်း ယဉ်ကျေးမှုတစ်ရပ် ပေါ်ထွန်းလာနိုင်ပါစေကြောင်းနှင့် အဂတိပယ်ခွာခြင်းဖြင့် ချမ်းမြေ့သာယာသော “ပြည်မြန်မာ” အဖြစ် ကမ္ဘာ့အလယ်တွင် ခံ့ထည်စွာ ရပ်တည်နိုင်ပါစေကြောင်း ဆန္ဒပြုလျက် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကျရောက်မည့် (၂၁) ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာအဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုအပ်ပါသည်။
ရည်ညွှန်းကိုးကားစာရင်း -
(၁) ကုလသမဂ္ဂအဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း(United Nations Convention Against Corruption – UNCAC)
(၃) https://www.transparency.org/en/cpi/2023
(၄) အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ
(၅) နိုင်ငံပိုင်သတင်းစာများ