အာဒါလွတ်ဥ၏ အာဟာရတန်ဖိုးနှင့် ဆေးဖက်ဝင်အာနိသင်များ

Posted_Date

Image

အာဒါလွတ်ဥ၏ အာဟာရတန်ဖိုးနှင့် ဆေးဖက်ဝင်အာနိသင်များ

Body

အာဒါလွတ်သည်အပူပိုင်းဒေသများမှထွက်ရှိသော သစ်ဥသစ်ဖုဖြစ်သည်။ ယင်းကိုကြိတ်၍ ပုံမှန်စာ (Stable Food) အဖြစ် စားကြသည်။  မိုးသစ်တောတို့ တွင်ပေါက်သော  ရုက္ခဗေဒအမည် Maranta Arun-dinacea  ခေါ် ချုံပင်တစ်မျိုးမှထွက်သော  အာတာလွတ်ဥဖြစ်သည်။  အာဒါလွတ်ပင်သည်  Maranta မျိုးစုဝင်နှင့်   Marantaece   မျိုးရင်းဝင်ဖြစ်ပြီးလျှင် နှစ်ရှည်ခံပင်ပျော့မျိုးဖြစ်သည်။

အာဒါလွတ်ဥသည်  အစာကြေလွယ်သော Starch (ကစီ)ဖြစ်သဖြင့်ယင်းကိုကလေးနှင့်နာမကျန်း ဖြစ်နေသူများအတွက်အစားအစာအဖြစ်အသုံးပြုလေ့ရှိကြသည်။ သို့သော်စီးပွားရေးသမားများကအာဒါလွတ်မှုန့်များတွင်အာလူးမှုန့်၊ ဆန်မှုန့်၊ သို့မဟုတ် ရိုးရိုးဂျုံမှုန့်များဖြင့်ရော၍ အာဒါလွတ်မှုန့် အဖြစ်ရောင်းချလေ့ရှိကြသည်။

အာဒါလွတ်ဥစားသုံးမှုပုံစံ

မြန်မာနိုင်ငံ၏  တချို့အရပ်ဒေသများတွင်  အာဒါ လွတ်ဥကို ကလားဝါးဥ၊ သင်ဥ၊ ဝါးဥဟုအမျိုးမျိုးခေါ် ဝေါ်ကြသည်။   အာဒါလွတ်ဥကိုပြုတ်ပြီး  ဆီ၊ ဆား၊ နှမ်းတို့ဖြင့် စားကြပြီး  အရသာစိမ့်စိမ့်လေးနှင့် မြန်မာ့ အစားအစာများတွင် နေရာတစ်ခုယူထားသည့် အာဒါ လွတ်ဥက ဆေးဖက်ဝင်သည်။ အာဒါလွတ်ဥကို ပါးပါး လှီး၍ကြော်ခြင်း၊ ပြုတ်ထောင်းပြီး မုန့်နှစ်ဖြင့်လည်း အကြွပ်ကြော်စားလေ့ရှိကြောင်းနှင့်သက်သတ်လွတ်သမားများပိုမိုဝယ်ယူစားသုံးကြပြီး မုန့်ပဲ သရေစာအဖြစ်လည်း စားသုံးကြသည်။ အာဒါလွတ်ဥ တွင်ပါဝင်သည့်အာဟာရဓာတ်များနှင့် ဆေးဖက်ဝင်အာနိသင်များကို    သိပ္ပံပညာလေ့လာမှုအထောက်အထားများလည်း တွေ့ရှိထားသည်။

အာဒါလွတ်ဥတွင်ပါဝင်သောအာဟာရဓာတ်များ

အာဒါလွတ်ဥတွင်  အမျှင်ဓာတ်၊  ပရိုတင်းဓာတ်၊ သံဓာတ်နှင့်  ဖောလစ်အက်စစ်တို့ပါဝင်သည့်အပြင် ကာဗိုဟိုက်ဒရိတ်၊ ဗီတာမင်-B အုပ်စုကဲ့သို့ အာဟာရ ဓာတ်များပြည့်စုံစွာပါဝင်ပြီး  ကယ်လ်စီယမ်၊ ပိုတက် စီယမ်၊   မဂ္ဂနီဆီယမ်၊   ဆိုဒီယမ်၊  ဖော့စဖရပ်စ်ကဲ့သို့  သတ္တုဓာတ်များကြွယ်ဝသည်။အာဒါလွတ်ဥတွင်အာဟာရဓာတ်များနှင့်  သတ္တုဓာတ်များပါဝင်သည့် အတွက်    အစာခြေစနစ်ကောင်းမွန်ခြင်း၊   အရိုးကို သန်မာစေခြင်း၊ သွေးလှည့်ပတ်မှုနှင့် နှလုံးကျန်းမာ ရေးကို ကောင်းမွန်စေခြင်း စသည့်ကျန်းမာရေးအကျိုး ကျေးဇူးများရရှိနိုင်သည်။  အာဒါလွတ်ဥ   ၁၀၀   ဂရမ် တွင်    ကာဗိုဟိုက်ဒရိုတ် ၁၃ ဂရမ် (၄ ရာခိုင်နှုန်း)၊ ပရိုတင်း ၄ ဒသမ ၂ ဂရမ်  (၈ ရာခိုင်နှုန်း)၊ အဆီ သုည  ဒသမ ၂   ဂရမ် (သုည ရာခိုင်နှုန်း)၊ ကိုလက်စထရော သုည  ဒသမ သုည ဂရမ် ( သုည ရာခိုင်နှုန်း)၊ ဆိုဒီယမ် ၂၆ ဂရမ် (၁ ရာခိုင်နှုန်း) နှင့် ပိုတက်ဆီယမ်  ၄၅၄ ဂရမ် (၁၂ ရာခိုင်နှုန်း) ပါဝင်သည်။

အာဒါလွတ်ဥ၏ဆေးဖက်ဝင်အကျိုးကျေးဇူးများ

အာဒါလွတ်ဥသည် မဂ္ဂနီဆီယမ်ပါဝင်မှုမြင့်မားသောကြောင့် နှစ်ခြိုက်စွာအိပ်ပျော်စေနိုင်သည်။

ခန္ဓာကိုယ်၏အစာခြေစနစ်တွင်အမျှင်ဓာတ်ကအရေးပါဆုံးဖြစ်ပြီးအာဒါလွတ်ဥအမျှင်ဓာတ်က အူလမ်းကြောင်းအတွင်း၌အစားအစာရွေ့လျားမှု ကောင်းမွန်စေပြီးအာဟာရဓာတ်များစုပ်ယူနိုင်အောင် နှိုးဆွပေးကာ ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်းတို့ကိုသက်သာပျောက်ကင်းစေပြီး သွေးတွင်းသကြား ဓာတ်ကိုလည်း ထိန်းညှိပေးပါသည်။ အဆိုပါ  အမျှင် ဓာတ်ကြောင့် ပိုလျှံနေသော ကိုလက်စထရောများကို ရှင်းလင်းပေးပြီးနှလုံးသွေးကြောကျန်းမာရေးကို ကောင်းမွန်စေသည်။

အာဒါလွတ်ဥတွင်   Gluten    ဓာတ်မပါဝင်သောကြောင့်အစာအိမ်နာခြင်း၊ အစာအိမ်နှင့်အူလမ်းကြောင်းမအီမသာဖြစ်ခြင်းတို့ကိုကာကွယ်ပေးနိုင်သည်။

အာဒါလွတ်ဥတွင်ပိုတက်ဆီယမ်ပါဝင်မှုပမာဏ များသောကြောင့်နှလုံးနှင့်ပတ်သက်သည့့်ရောဂါများကို ကာကွယ်ပေးသည်။ ပိုတက်ဆီယမ်က  နှလုံး သွေးလွှတ်ကြောများနှင့်  သွေးပြန်ကြောများကိုပြေလျော့စေပြီး သွေးဖိအားကိုကျစေသဖြင့်   နှလုံး ရောဂါနှင့်  လေဖြတ်ခြင်းအန္တရာယ်ကို လျော့နည်းစေ ပါသည်။ အာဒါလွတ်ဥတွင်ပိုတက်ဆီယမ်နှင့်  ဆိုဒီယမ်ပါဝင်မှုများသောကြောင့်သွေးအားကိုထိန်းညှိပေးနိုင်ပါသည်။သွေးတိုးရောဂါရှိသူများ မဖြစ်မနေစားသုံးပေးသင့်သည့် အစားအစာတစ်ခု ဖြစ်ပါသည်။အာဒါလွတ်ဥထဲတွင်ပါဝင်သည့် ဖောလိတ်ဓာတ်သည်နှလုံးရောဂါဖြစ်စေသည့်   Homocysteine    ဓာတ်ကိုလျှော့ချပေးသည်။ 

မဂ္ဂနီဆီယမ်ပါဝင်မှုမြင့်မားပြီး  သတ္တုဓာတ်ကြွယ်ဝသောကြောင့် သွေးလှည့်ပတ်မှုအားကောင်းစေသည်။ အာဒါလွတ်ဥတွင် ဗီတာမင်-B အုပ်စုကြွယ်ဝစွာ ပါဝင်ပြီး ကောင်းမွန်သည့်ကိုလက်စထရောများ ပါဝင်သောကြောင့်  နှလုံးသွေးကြောနှင့်ပတ်သက်သည့်ရောဂါများကိုကာကွယ်ပေးပါသည်။ သွေးအားနည်း ရောဂါအပြင်  မူးမော်ခြင်းမဖြစ်အောင်ကာကွယ်ပေးပါသည်။

အာဒါလွတ်ဥထဲတွင်ပါဝင်သည့်သံဓာတ်ကသွေးလှည့်ပတ်မှုအားကောင်းစေသဖြင့် ဦးနှောက်ထဲကိုအောက်ဆီဂျင်လုံလောက်စွာရောက်ရှိစေသည့်အတွက် ဉာဏ်ကောင်းစေပါသည်။   သတိမေ့ရောဂါမဖြစ်အောင်လည်း ကာကွယ်ပေးသည်။

အာဒါလွတ်ဥတွင်ပရိုတင်းဓာတ်နှင့်သံဓာတ်ကြွယ်ဝစွာပါဝင်သောကြောင့်အရိုးများကိုသန်မာစေပါသည်။အာဒါလွတ်ဥတွင် ကြေးနီဓာတ်နှင့်သံဓာတ်ပါဝင် သောကြောင့်သွေးနီဆဲလ်များကိုတိုးပွားစေပြီးပင်ပန်းနွမ်းနယ်ခြင်း၊ အားနည်းခြင်းမှ ကာကွယ်ပေးသည်။ အဆိုပါဓာတ်များကြောင့်သွေးလှည့်ပတ်မှုကိုကောင်းမွန်စေသဖြင့်    ခန္ဓာကိုယ်ကျန်းမာရေးအတွက် အထူးကောင်းမွန်သည်။

အာဒါလွတ်ဥတွင်ဖောလိတ်ဓာတ်ပါဝင်မှုများသည့်အတွက် ကိုယ်ဝန်ဆောင်မိခင်များစားသုံးပါက  ကျန်းမာစွာဖြင့် မွေးဖွားလာမည့်ကလေးတွင် ချို့ယွင်း ချက်ပါလာနိုင်ခြေနည်းစေပါသည်။ ဖောလိတ်ဓာတ်က ဒီအင်န်အေဖြစ်တည်မှုနှင့် ဆဲလ်ကျန်းမာရေးများတွင် အရေးကြီးသောဓာတ်ဖြစ်ပြီးဖွံ့ဖြိုးမှုကိုလည်း မြှင့်တင်ပေးသည်။

အသားမှရသောပရိုတင်းများထက်    အသီးအနှံနှင့် သစ်ဥသစ်ဖုကရသောပရိုတင်းကို ခန္ဓာကိုယ်ကစုပ်ယူမှုလုပ်ရတာပိုမိုလွယ်ကူသောကြောင့် ပရိုတင်း အသင့်အတင့်ပါဝင်သော အာဒါလွတ်ဥကို စားပေးခြင်းဖြင့်ကျန်းမာသည့်ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကို ရရှိနိုင်မည်ဖြစ်သည်။အာလူး၊ပီလောပီနံတို့ကဲ့သို့   တခြားဥတွေထက် ကယ်လိုရီနည်းသည့်အာဒါလွတ်ဥက ကိုယ်အလေး ချိန်လျှော့ချရာတွင်  ပိုသင့်တော်ပါသည်။  အာဟာရဓာတ်များနှင့်အမျှင်ဓာတ်ပါသည့်    အာဒါလွတ်ဥကို တွဲစားလျှင်ကိုယ်အလေးချိန်လျှော့ခြင်းအတွက် ပိုအကျိုးထူးနိုင်ပါသည်။  အဆာပြေအနေဖြင့်လည်း စားသုံးနိုင်ပါသည်။

အာဒါလွတ်ဥ၏ ဆေးဖက်ဝင်အာနိသင်ကြောင့် ဆီးအိမ်ပိုးဝင်ခြင်းနှင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်းကိုကုသပေးနိုင်သည်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းမကြာခဏဖြစ်တတ်သည့်အမျိုးသမီးများ အာဒါလွတ်ဥစားပေးသင့်သည်။ အာဒါလွတ်ဥတွင်ပါဝင်သည့်သတ္တုဓာတ်များက အားနည်းခြင်း၊နွမ်းနယ်ခြင်းနှင့် ဦးနှောက်ဉာဏ်ရည်ဆိုင်ရာပြဿနာများကို တွန်းလှန်ရာတွင်အများဆုံးအကျိုးပြုသည်။ ကိုယ်တွင်းအင်္ဂါစနစ်များအတွင်းအောက်ဆီဂျင်ပေးပို့မှုပိုကောင်းစေပြီး ခွန်အားလည်း မြင့်တက်စေသည်။

အာဒါလွတ်တွင် ဗီတာမင်-B ပါဝင်မှုမြင့်မားသောကြောင့် အင်ဇိုင်းနှင့်ဇီဝကမ္မဖြစ်စဉ်အတွက်အရေးပါလှသည်။  ဗီတာမင်-B  အုပ်စုသည်  ဟော်မုန်းများမှ အစနှလုံးခုန်နှုန်းအထိခန္ဓာကိုယ်အနှံ့လုပ်ဆောင်ချက်ဖြစ်စဉ်များကိုထိန်းညှိရာတွင်အရေးပါသည်။ ကယ်လ်စီယမ်ကြွယ်ဝမှုကြောင့်လည်း ခန္ဓာကိုယ်ထဲ က အယ်ကာလိုင်းအက်စစ်ထိန်းညှိမှုအတွက် အရေးပါသည်။အာဒါလွတ်ဥတွင်  ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝစွာ ပါဝင်သောကြောင့်ကျောက်ကပ်ကိုသန့်စင်ပေးပြီး ကျောက်ကပ်ထဲကအဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်သည်။

သတိပြုရန်အချက်များ

အာဒါလွတ်ဥသည်  ချောကလက်၊  နို့အေးချောင်း (ရေခဲချောင်း)၊  ဂွေးသီးတို့နှင့် တွဲဖက်စားသုံးခြင်းကို ရှောင်ကြဉ်သင့်သည်။  ဂေါက်ရောဂါရှိသူများစားသုံး ပါက  ခြေဆစ်လက်ဆစ်များနာတတ်ပါသည်။

အချုပ်အားဖြင့်ဆိုရသော်အာဒါလွတ်ဥတွင် ပရိုတင်းဓာတ်၊သံဓာတ်နှင့် ဖောလစ်အက်စစ်၊မဂ္ဂနီစီယမ်၊ ဖော့စဖရပ်စ်တို့ပါဝင်သည့်အပြင် တခြား ဗီတာမင်များနှင့်သတ္တုဓာတ်များလည်းပါဝင်သည့်အတွက် ဝမ်းချုပ်ခြင်း၊  ဝမ်းလျှောခြင်း၊  အစာခြေစနစ်ကောင်းမွန်စေခြင်း၊အစာအိမ်ရောဂါဖြစ်ပွားမှုမှကာကွယ်ပေးခြင်း၊ အရိုးကိုသန်မာစေခြင်း၊ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှုအတွက်ကူညီပေးခြင်း၊သွေးအား နည်းခြင်းကိုကာကွယ်ပေးပြီးသွေးလှည့်ပတ်မှု ကောင်းမွန်စေခြင်း၊နှလုံးကျန်းမာရေးအတွက်ကောင်းခြင်း၊ဆီးချိုရောဂါအတွက်အထောက်အကူပြုခြင်း၊ကိုယ်ဝန်ဆောင်မိခင်များအတွက်သန္ဓေသားဖွံ့ဖြိုးစေခြင်း စသည့်ကျန်းမာရေးအကျိုးအာနိသင်များကို ပေးစွမ်းနိုင်ကြောင်းနှင့် ဗီတာမင်-B အုပ်စုကြွယ်ဝစွာပါဝင်သောကြောင့်ခန္ဓာကိုယ် တစ်ခုလုံး၏လုပ်ငန်းလုပ်ဆောင်ချက်များကိုထိန်းချုပ်ပေးနိုင်ကြောင်း ရေးသားတင်ပြလိုက်ရပါ သည်။

MWD Web Portal