ထူးခြားသတင်းများ - နိုင်ငံတကာ

ကရင်မလင်က ဆီးရီးယားရှိ အကြမ်းဖက်မှုများကို ထိန်းချုပ်ရန် အမြန်ဆုံးလုပ်ဆောင်ရေး တောင်းဆို

ဆီးရီးယား၌ မြင့်တက်လာနေသည့် အကြမ်းဖက်မှုဖြစ်စဉ်များအပေါ် နိုင်ငံတကာမှ အမြန်ဆုံးဝင်ရောက်ဖြေရှင်းရန် လိုအပ်နေကြောင်း ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က မတ်လ ၁၀ ရက်(တနင်္လာ)နေ့တွင် ပြောကြားခဲ့သည်။ သတင်းများအရ လာတာ ကီးယား (Latakia) နှင့် တာတူးစ် (Tartus) မြို့များတွင် သုံးရက်အတွင်း လူပေါင်း ၁,၃၀၀ ခန့် သေဆုံးခဲ့ပြီး ၎င်းတို့ထဲတွင် ပြည်သူ ၈၀၀ ကျော် ပါဝင်ကြောင်း သိရသည်။

ရုရှားနှင့် အမေရိကန်တို့က ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အရေးပေါ် အစည်းအဝေးတစ်ရပ်ခေါ်ယူရန် တောင်းဆိုခဲ့ပြီး အကြမ်းဖက်မှုများကို ဆွေးနွေးရန်ဖြစ်သည်။

ဆီးရီးယားအစိုးရသစ်၏မဟာမိတ် လက်နက်ကိုင်အဖွဲ့များ၏ တိုက်ခိုက်မှုများကို ရင်ဆိုင်နေရသည့် အချို့သောပြည်သူများသည် ရုရှားစစ်စခန်းအတွင်း ခိုလှုံနေကြသည်ဟု ဆိုသည့် အချက်အလက် များနှင့် ပတ်သက်၍ ရုရှားအရာရှိက မှတ်ချက်ပြုရန် ငြင်းဆိုခဲ့သည်။

ဆီးရီးယားအစိုးရသည် ၂၀၂၄ နှစ်ကုန်ပိုင်းတွင် ဖြုတ်ချခံခဲ့ရပြီး ထိုစဉ်က သမ္မတ Bashar Assad ကို ဆန့်ကျင်သည့် လက်နက်ကိုင်တပ်ဖွဲ့များက ဒမားစကတ်ကို ထိန်းချုပ်ခဲ့သည်။ အာဆာ့ဒ်မိသားစုသည် အစ္စလာမ် ဘာသာ၏ အလာဝီဂိုဏ်းဝင်ဖြစ်ပြီး အုပ်ချုပ်သူအသစ်ခေါင်းဆောင် Ahmed al-Sharaa ကို ထောက်ခံသည့် အစွန်းရောက် အစ္စလာမ် ဘာသာဝင်များက အလာဝီများနေထိုင်ရာဒေသရှိ ပြည်သူများကို အကြမ်းဖက်မှုများ ကျူးလွန်နေကြကြောင်း သိရှိရပါသည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

ယူကရိန်းသမ္မတ ဗလာဒီမာဇီလန်စကီး အမေရိကန်နှင့် ဆွေးနွေးပွဲများ မတိုင်မီ ဆော်ဒီအာရေဗျသို့ သွားရောက်မည်

ယူကရိန်းသမ္မတ ဗလာဒီမာဇီလန်စကီးသည် ရုရှားနှင့် စစ်ပွဲအဆုံးသတ်ရန် ယူကရိန်းနှင့် အမေရိကန် အရာရှိများအကြား ဆွေးနွေးပွဲမတိုင်မီ ဆော်ဒီ အာရေဗျ Crown Prince Mohammed bin Salman နှင့်တွေ့ဆုံရန် မတ်လ ၁၀ ရက်နေ့တွင် ဆော်ဒီအာရေဗျသို့ သွားရောက်မည် ဖြစ်သည်။

ယူကရိန်း၏ အဓိကမဟာမိတ်ဖြစ်ခဲ့သော အမေရိကန်သည် စစ်ပွဲ အမြန်အဆုံးသတ်ရန် ကြေညာချက်အရ ၎င်း၏ စစ်ပွဲကာလမူဝါဒများကို ပြောင်းလဲလိုက်ပြီး ကိယက်ဗ်အတွက် စစ်ရေးအကူအညီနှင့် ထောက်လှမ်းရေး မျှဝေမှုများကိုဖြတ်တောက်ကာ မော်စကိုနှင့် တိုက်ရိုက် ဆွေးနွေးနေကြောင်း သိရှိရသည်။

ဆော်ဒီအာရေဗျသည် ၂၀၂၂ ခုနှစ်တွင် ရုရှား-ယူကရိန်း ပဋိပက္ခ စတင်စဉ်ကတည်းက အကျဉ်းသားဖလှယ်ရေးကို ညှိနှိုင်းပေးခြင်းနှင့် လွန်ခဲ့သောလက ရုရှားနှင့် အမေရိကန်အကြား ဆွေးနွေးပွဲများကို အိမ်ရှင်အဖြစ်လုပ်ကိုင်ပေးခြင်းအပါအဝင် အမျိုးမျိုးသော ကြားဝင်ဖျန်ဖြေမှုများ လုပ်ဆောင်ခဲ့သည်။

အမေရိကန်နှင့် ယူကရိန်း အရာရှိများအကြား မတ်လ ၁၁ ရက်နေ့တွင် ကျင်းပမည့် ဆွေးနွေးပွဲသည် Zelenskyy နှင့် အမေရိကန်သမ္မတ Donald Trump တို့အကြား ဆက်ဆံရေးဆိုးရွားခဲ့ရသည့် Oval Office တွေ့ဆုံမှုအပြီး ပထမဆုံးသော တရားဝင် ဆွေးနွေးပွဲဖြစ်ပြီး နှစ်နိုင်ငံအကြား သတ္တုတူးဖော်ရေး သဘောတူညီချက်နှင့် စစ်ပွဲအဆုံးသတ်ရန် နည်းလမ်းများကို အဓိကထား ဆွေးနွေးမည်ဟု မျှော်မှန်းရသည်။

စစ်ပွဲကို အလျင်အမြန် အဆုံးသတ်လိုသည့် Trump ၏ ဖိအား ကြီးမားမှုကြောင့် Zelenskyy သည် အမေရိကန်မှ လုံခြုံရေးအာမခံချက်များ မရရှိသော်လည်း ၎င်းတို့နှစ်ဦးသည် တစ်သားတည်း ရှိနေကြောင်း ပြသရန်အားထုတ်နေရသည်။ ကိယက်ဗ်သည် မည်သည့် ငြိမ်းချမ်းရေး သဘောတူညီချက်အတွက်မဆို လုံခြုံရေးအာမခံချက်များသည် အရေးကြီးဆုံး ဖြစ်သည်ဟု မှတ်ယူထားသည်။

အမေရိကန်နှင့် အရေးပါသော ဆွေးနွေးပွဲများမတိုင်မီ ယူကရိန်းသမ္မတ Volodymyr Zelenskyy သည် ဆော်ဒီအာရေဗျသို့ သွားရောက်ခြင်းဖြင့် ရုရှားနှင့် ဖြစ်ပွားနေသော ပဋိပက္ခကာလအတွင်း နိုင်ငံတကာ ထောက်ခံမှုရရှိရန် ယူကရိန်း၏ ကြိုးပမ်းမှုများကို မီးမောင်းထိုးပြနေသည်။ အဆိုပါ ခရီးစဉ်သည် သံတမန်ရေးရာ ဆက်ဆံရေးများ ခိုင်မာစေရန်၊ စီးပွားရေး သို့မဟုတ် လူသားချင်းစာနာမှု အကူအညီများ ရှာဖွေရန်နှင့် ဆော်ဒီအာရေဗျနှင့် အခြားပင်လယ်ကွေ့နိုင်ငံများထံမှ ထောက်ခံမှုရရှိရန် ရည်ရွယ်ဟန်ရှိသည်။

ကိုးကား-CNA

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုဗိုစီဗစ်ဒေသ အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော် မတ် ၉

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်မြို့တွင် တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုဗိုစီဗစ်ဒေသ အုပ်ချုပ်ရေးမှူး မစ္စတာတရာ့ဗနီကော့ဗ် အန်ဒရေအလက်ဇန်ဒရိုဘစ်ချ်နှင့် ယနေ့ဒေသစံတော်ချိန် နံနက်ပိုင်းတွင် နိုဗိုစီဗစ်မြို့၊ Grand Autograph ဟိုတယ်ရှိအစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး နိုဗိုစီဗစ်ဒေသ အုပ်ချုပ်ရေးမှူးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာရုရှားနိုင်ငံ သံအမတ်ကြီးနှင့် နိုဗိုစီဗစ်ဒေသ အစိုးရအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် နိုဗိုစီဗစ်ဒေသတို့အကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှု၊ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းများ၊ ကုန်သွယ်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက်လာနိုင်မှု၊ မြန်မာနိုင်ငံမှ ပညာတော်သင်သင်တန်းသားအရာရှိများ နိုဗိုစီဗစ်မြို့ရှိ တက္ကသိုလ်များ၌ တက်ရောက်ပညာသင်ကြားလျက်ရှိမှု၊ မြန်မာနိုင်ငံနှင့် မန္တလေးမြို့တို့ကို တိုက်ရိုက်လေကြောင်း ပြေးဆွဲလျက်ရှိမှု၊ ထုတ်ကုန်များ အပြန်အလှန်တင်ပို့နိုင်မှု၊ မြန်မာနိုင်ငံနှင့် နိုဗိုစီဗစ်မြို့တို့အကြား ထိတွေ့ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ မန္တလေးမြို့နှင့် နိုဗိုစီဗစ်မြို့တို့အား Sister City များအဖြစ် ဆောင်ရွက်မည်ဆိုပါက ကျန်းမာရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍ၊ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ စက်မှုကဏ္ဍ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးကဏ္ဍများ ဖွံဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်မှုအခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် နိုဗိုစီဗစ်ဒေသ အုပ်ချုပ်ရေးမှူးတို့သည် လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Source: MOI

အမေရိကန် ဂြိုဟ်တု ပုံရိပ်များ အသုံးပြုခွင့် ယူကရိန်းကို ဖြတ်တောက်

ယူကရိန်းသည် အမေရိကန် ဂြိုဟ်တုပုံရိပ်များ အသုံးပြုခွင့်ကို ဆုံးရှုံးသွားပြီ ဖြစ်ပါသည်။ အမေရိကန်အခြေစိုက် အာကာသနည်းပညာ ကုမ္ပဏီ Maxar ကယူကရိန်းအား ဝန်ဆောင်မှုပေးထားသော အသုံးပြုခွင့် ကို ပိတ်သိမ်းလိုက်ခြင်း ဖြစ်သည်ဟု ဒေသခံ သတင်းဌာနတစ်ခုက သောကြာနေ့တွင် ဖော်ပြခဲ့သည်။

Maxar ၏ ဆုံးဖြတ်ချက်မှာ အမေရိကန်အစိုးရက ယူကရိန်းသို့ စစ်ရေး အကူအညီနှင့် စစ်ဘက်ထောက်လှမ်းရေးမျှဝေရေးကို ခေတ္တ ရပ်ဆိုင်းလိုက်ကြောင်း ဆုံးဖြတ်ချက်ချလိုက်ပြီးနောက်တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ယူကရိန်းသတင်းဌာန Militarnyi မှ အမည်မဖော်လိုသူ Maxar အသုံးပြုသူအချို့က ၎င်းတို့၏ ဝန်ဆောင်မှုအသုံးပြုခွင့် ပယ်ချခံရကြောင်း အတည်ပြုပြောကြားထားကြသည်။

Maxar ကုမ္ပဏီသည် အဆိုပါ ကန့်သတ်မှုကို “အမေရိကန်အစိုးရ၏ အုပ်ချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်တစ်ခုအရ မဖြစ်မနေ ပြုလုပ်လိုက်ရခြင်းဖြစ်သည်” ဟု ရှင်းလင်းဖော်ပြထားပါသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

ဂျာမနီရှိ အမေရိကန်တပ်များကို ပြန်လည်ရုတ်သိမ်းပြီး ဟန်ဂေရီသို့ ပြောင်းရွှေ့ရန် ထရမ့် စဉ်းစားနေကြောင်း The Daily Telegraph ပြောကြား

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်သည် မဟာဗျူဟာရေး အရ ဂျာမနီရှိ အမေရိကန်တပ်များကို ပြန်လည်ရုတ်သိမ်းပြီး ဟန်ဂေရီသို့ ပြောင်းရွှေ့ရန် စဉ်းစားနေကြောင်းThe Daily Telegraph သတင်းစာက ဒေါ်နယ်ထရမ့် အစိုးရနှင့် နီးစပ်သည့် အရင်းအမြစ်များကို ကိုးကား၍ ဖော်ပြထား ပါသည်။

လက်ရှိတွင် ဂျာမနီတွင် အမေရိကန်တပ်ဖွဲ့ ၃၅,၀၀၀ ဦးခန့်  တာဝန်ထမ်း ဆောင်လျက်ရှိသည်။

သမ္မတ ဒေါ်နယ်ထရမ့်က “ဥရောပတိုက်သည် စစ်ပွဲကို ရှေးရှု လိုလားနေကြကြောင်း  ယူဆထားပြီး တဖြည်းဖြည်း မကျေနပ်တော့သည့် အခြေအနေ ရှိလာသည်” ဟု သတင်းစာ၏ အရင်းအမြစ်အရ ဆိုထားပါသည်။

ကိုးကား- TASS

Photo: Report.az

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

တရုတ်၊ ရုရှားနှင့် အီရန် ပူးတွဲစစ်ရေးလေ့ကျင့်မည် , တရုတ်၊ ရုရှားနှင့် အီရန် ပူးတွဲစစ်ရေးလေ့ကျင့်မည်

တရုတ်၊ ရုရှားနှင့် အီရန် ရေတပ်တို့သည် Security Belt-2025 စစ်ရေးလေ့ကျင့်မှုကို ၂၀၂၅ ခုနှစ်၊ မတ်လအတွင်း အီရန်နိုင်ငံ၏ ပင်လယ်ထဲတွင် ပြုလုပ်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၏ WeChat စာမျက်နှာတွင် ထုတ်ပြန်ထားပါသည်။

“မတ်လအစောပိုင်း သို့မဟုတ် မတ်လလယ်ပိုင်းတွင် တရုတ်၊ အီရန်နှင့် ရုရှား ရေတပ်များသည် Security Belt-2025 စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်မည်။

အဆိုပါ လေ့ကျင့်မှုများကို အီရန်နိုင်ငံ Chabahar ဆိပ်ကမ်းအနီးရှိ ပင်လယ်ပြင်တွင် ပြုလုပ်မည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကိုးကား- TASS

Photo: Global Times

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

ဆက်စပ်သတင်း ဖတ်ရှုရန်- https://myawady.net.mm/node/66017

 

ယူကရိန်းက အမေရိကန်ထုတ် HIMARS ဒုံးကျည်ဖြင့် ရုရှားမြို့တစ်မြို့ရှိ ဈေးကိုတိုက်ခိုက်ခဲ့

ရုရှားနိုင်ငံ၊ Kherson ဒေသ၊ Veliky Kopani မြို့ရှိ ဈေးတစ်ခုကို ယူကရိန်းစစ်တပ်မှ HIMARS ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ပြီး ပြည်သူများ သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး Vladimir Saldo က ပြောကြားခဲ့သည်။

ယူကရိန်းစစ်တပ်သည် မတ်လ ၉ ရက် တွင် ရုရှားနိုင်ငံ၊ Kherson ဒေသ၊ Veliky Kopani မြို့ရှိ ဈေးတစ်ခုကို HIMARS ဒုံးကျည် နှစ်စင်းဖြင့် တိုက်ခိုက်ခဲ့ပြီး ပြည်သူများ သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး Vladimir Saldo က ပြောကြားခဲ့သည်။ Saldo ၏ အဆိုအရ ဤတိုက်ခိုက်မှုတွင် ပြည်သူများသေဆုံးပြီး များစွာ ဒဏ်ရာ ရရှိ ခဲ့သည်ဟု ဆိုသည်။

Saldo ၏ Telegram ပို့စ်တွင် ဖော်ပြချက်အရ အမေရိကန်မှ ထောက်ပံ့ထားသော M142 HIMARS ဒုံးကျည်များဖြင့် တိုက်ခိုက်ခံရချိန်တွင် ဈေးအတွင်း ပြည်သူများစွာ ရှိနေခဲ့ကြောင်း ဖော်ပြထားသည်။

ဒေသဆိုင်ရာ ကျန်းမာရေးဝန်ကြီး Elena Borchaninova က TASS သတင်းဌာနအား ပြောကြားရာတွင် ဒေသခံ အရေးပေါ် ကျန်းမာရေး ဝန်ဆောင်မှုမှ ဆေးဘက်ဆိုင်ရာဝန်ထမ်းနှင့် ယာဉ်မောင်းတစ်ဦးလည်း ဤတိုက်ခိုက်မှုတွင် ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။ ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ဤတိုက်ခိုက်မှုတွင် ပြည်သူအနည်းဆုံး ခုနစ်ဦး ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာဒဏ်ရာဒဏ်ချက်များကြောင့် သေဆုံးခဲ့ကြောင်း ဖော်ပြခဲ့သည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

တောင်ကိုရီးယားသမ္မတ Yoon အချုပ်မှ လွတ်မြောက်လာ၊ ၎င်းအပေါ်စွပ်စွဲပြစ်တင်ချက်နှင့် ပတ်သက်၍ မကြာမီတွင် တရားရုံး ဆုံးဖြတ်ချက်ချရန်ရှိ

တောင်ကိုရီးယားသမ္မတ Yoon သည် မတ်လ ၈ ရက်(စနေ)နေ့တွင် အချုပ်မှ လွတ်မြောက်လာခဲ့ပြီး ရာဇ၀တ်မှုဆိုင်ရာ ရုံးတင်စစ်ဆေးမှုနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။ သီးခြားဖြစ်သည့် ၎င်းအပေါ်စွပ်စွဲပြစ်တင်မှု ဆိုင်ရာ ရုံးတင်စစ်ဆေးမှုတွင် တောင်ကိုရီးယား အခြေခံဥပဒေ တရားရုံး သည် Yoon အား ရာထူးမှဖယ်ရှားရန် သင့်၊ မသင့် ကိစ္စကို မတ်လလယ်၌ အစောဆုံး ဆုံးဖြတ်ချက်ချမည်ဟု မျှော်လင့်ရသည်။

Yoon သည် အချိန်အနည်းငယ်သာကြာမြင့်သည့် စစ်အုပ်ချုပ်ရေးကို ဒီဇင်ဘာလ၌ ချမှတ်ကျင့်သုံးခဲ့ပြီးနောက် နိုင်ငံတော်ပုန်ကန်မှုကို ဦးဆောင်ခဲ့မှုနှင့် ဇန်န၀ါရီလတွင် ဖမ်းဆီးတရားစွဲဆိုခံခဲ့ရပြီး ဆိုးလ်မြို့ အနီးရှိ ထိန်းသိမ်းရေးစခန်း၌ ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။

မတ်လ ၇ ရက်(သောကြာ)နေ့၌ ဆိုးလ်ခရိုင်တရားရုံးက Yoon ကို ထိန်းသိမ်းထားခြင်းအပေါ် ဥပဒေလမ်းကြောင်းအရ အကျုံးဝင်ဝင်မှု ရှိ၊ မရှိ ပြန်လည်သုံးသပ်ကာ ၎င်းအား ထိန်းသိမ်းထားမှုကို အဆုံးသတ်ရန် ဆုံးဖြတ်ခဲ့ပါသည်။

၎င်းအား ပြန်လွှတ်ပေးခဲ့ပြီးနောက် ဇန်န၀ါရီလ ၁၅ ရက်နေ့နောက်ပိုင်း သမ္မတနေအိမ်ကို ပထမဆုံးအကြိမ် ပြန်ရောက်လာခဲ့ခြင်းဖြစ်ပြီး ၎င်းအနေဖြင့် ရာဇ၀တ်မှုဆိုင်ရာ ရုံးတင်စစ်ဆေးမှုများကို ရင်ဆိုင်ရမည် ဟု ယူဆရသည်။

သီးခြားအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးသည် ၎င်းအပေါ် စွပ်စွဲ ပြစ်တင်မှုဆိုင်ရာ ၁၁ ကြိမ်မြောက်နှင့် နောက်ဆုံးအကြိမ်ကြားနာမှုကို ဖေဖော်ဝါရီလနှောင်းပိုင်းတွင် ပြုလုပ်ခဲ့သည်။ တရားရုံးသည် လာမည့် သီတင်းပတ်အစောပိုင်းတွင် ယင်းအမှုကို စီရင်ဆုံးဖြတ်နိုင်လိမ့်မည်ဟု တောင်ကိုရီးယားမီဒီယာများ၌ ဖော်ပြခဲ့ကြသည်။

တရားရုံးက စွပ်စွဲပြစ်တင်မှုကို အတည်ပြုခဲ့မည်ဆိုပါက Yoon ကို ရာထူးမှ ချက်ချင်းဖယ်ရှားနိုင်မည်ဖြစ်ပြီး စွပ်စွဲချက်ကိုပယ်ချခဲ့ပါက Yoon သည် ၎င်း၏ သမ္မတ ရာထူးတာဝန်များကို ပြန်လည် ထမ်းဆောင်နိုင်မည်ဖြစ်ပါသည်။

ကိုးကား-NHK World

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘယ်လာရုစ်နိုင်ငံမှပြန်လည်ထွက်ခွာ၊ ရုရှားနိုင်ငံ ဆာမားရားမြို့ရှိ Roscosmos အာကာသကော်ပိုရေးရှင်းသို့ သွားရောက်ကြည့်ရှုလေ့လာ , နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘယ်လာရုစ်နိုင်ငံမှပြန်လည်ထွက်ခွာ၊ ရုရှားနိုင်ငံ ဆာမားရားမြို့ရှိ Roscosmos အာကာသကော်ပိုရေးရှင်းသို့ သွားရောက်ကြည့်ရှုလေ့လာ

ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ မစ္စတာလူကာရှန်းကော့၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့သို့ နိုင်ငံတော်အဆင့် (Offical State Visit) ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ဒေသစံတော်ချိန် နံနက်ပိုင်းတွင် မင့်စ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ထွက်ခွာရာ ဘယ်လာရုစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီး H.E. Mr. Maxim Ryzhenkov၊ မြန်မာကောင်စစ်ဝန်ချုပ် ဦးမိုးကျော်သူနှင့်တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် မင့်စ်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှထွက်ခွာစဉ် ဘယ်လာရုစ်နိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူခဲ့သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဦးဆောင်သည့် မြန်မာချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံ ဆာမားရားမြို့ Kurumoch အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိရာ ဆာမားရားမြို့ ဒေသအစိုးရအဖွဲ့အကြီးအကဲ Mr. A.V Fedor-ishchev ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။

ကြိုဆိုနှုတ်ဆက်

ထို့နောက် ဆာမားရားမြို့ရှိ Roscosmos အာကာသကော်ပိုရေးရှင်း JSC Progress စက်ရုံသို့ ရောက်ရှိကြရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ State Space Corporation “Roscosmos” ညွှန်ကြားရေးမှူးချုပ် Mr. Dmitry Bakanov နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

အမြင်ချင်းဖလှယ် ဆွေးနွေး

ယင်းနောက် အစည်းအဝေးခန်းမတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ State Space Corporation “Roscosmos” ညွှန်ကြားရေးမှူးချုပ် Mr. Dmitry Bakanov နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံအကြား အာကာသနည်းပညာကို ငြိမ်းချမ်းစွာအသုံးချရေး ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံနှင့် ပြည်သူအတွက် အကျိုးရှိမည့် ဂြိုဟ်တုလွှတ်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အာကာသနည်းပညာသင်တန်းများ တက်ရောက်နိုင်ရန်အတွက် မြန်မာနိုင်ငံမှ ပညာတော်သင်များ ပိုမိုစေလွှတ်နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံနှင့် ဆာမားရားမြို့တို့အကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှုများတိုးတက်အောင် ဆောင်ရွက်သွားမည့် အခြေအနေများနှင့် အခြားပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

ရှင်းလင်းတင်ပြ

၎င်းနောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ State Space Corporation “Roscosmos” ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက State Space Corporation မှ ဂြိုဟ်တုများအားအသုံးပြု၍ သဘာဝဘေးအန္တရာယ်များစောင့်ကြည့်ခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်စေရေး သုတေသနပြုဆောင်ရွက်နိုင်မှု အခြေအနေများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မှု အခြေအနေများ၊ ဂြိုဟ်တုဓာတ်ပုံရိုက်ကူးရေးနှင့် ဂြိုဟ်တုဆက်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဂြိုဟ်တုလွှတ်တင်မှုဆိုင်ရာကိစ္စရပ်များ၊ ဒုံးပျံတပ်ဆင်ထုတ်လုပ်မှုဆိုင်ရာကိစ္စရပ်များ၊ အာကာသစခန်းတည်ဆောက်မှုဆိုင်ရာကိစ္စရပ်များနှင့် မြန်မာနိုင်ငံတွင် အာကာသပြတိုက် အဆင့်မြှင့်တင် ဖွင့်လှစ်နိုင်ရေးအတွက် ရုရှားနိုင်ငံမှ ကူညီဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

လှည့်လည်ကြည့်ရှု

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် Roscosmos အာကာသကော်ပိုရေးရှင်း JSC Progress စက်ရုံအတွင်း ဂြိုဟ်တုများ တပ်ဆင်ထုတ်လုပ်မှုနှင့် ဒုံးပျံထုတ်လုပ်မှုများအား လှည့်လည်ကြည့်ရှုကြပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် သိရှိလိုသည်များ ဖြည့်စွက်ဆွေးနွေးခဲ့သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များအား ရုရှားဖက်ဒရေးရှင်းနိုင်ငံ State Space Corporation “Roscosmos” ညွှန်ကြားရေးမှူးချုပ်က နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။

လက်ဆောင်ပစ္စည်း အပြန်အလှန်ပေးအပ်

နေ့လယ်စာသုံးဆောင်အပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ State Space Corporation “Roscosmos” ညွှန်ကြားရေးမှူးချုပ်နှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြသည်။

အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ခရီးစဉ်တွင် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင်များအဖြစ် လိုက်ပါသွားသည့် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေ ဦးဆောင်သည့်အဖွဲ့ဝင်များသည် ဆာမားရားဒေသဆိုင်ရာအစိုးရ ဒုတိယအကြီးအကဲ၊ ဒေသဆိုင်ရာပညာရေးဝန်ကြီး၊ စက်မှုစီးပွားရေးဇုန်များမှဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ Space Rocket ဆိုင်ရာ Progress မှ တာဝန်ရှိသူများနှင့် သီးခြားတွေ့ဆုံ၍ မြန်မာနိုင်ငံနှင့်ရုရှားနိုင်ငံ ဆာမားရားဒေသနှင့် တာလီကာတီ ဒေသတို့အကြား စက်မှုကဏ္ဍ၊ ဓာတ်မြေဩဇာထုတ်လုပ်မှုကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ဆေးဝါးထုတ်လုပ်မှုကဏ္ဍ၊ ပညာရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့် နှစ်နိုင်ငံအကြား အကျိုးတူပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ပြန်လည်ဖြေကြား

ဆွေးနွေးပွဲအပြီးတွင် ဆာမားရားမြို့မှမီဒီယာများက ချစ်ကြည်ရေးခရီးစဉ်နှင့်ပတ်သက်၍ မေးမြန်းမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြန်လည်ဖြေကြားခဲ့သည်။

ကြိုဆိုနှုတ်ဆက်

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဆာမားရားမြို့ Kurumoch အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ထွက်ခွာခဲ့ကြပြီး ဒေသစံတော်ချိန်ညပိုင်းတွင် နိုဗာစီဗစ်မြို့ သာမာရှဲဗာလေဆိပ်သို့ရောက်ရှိကြရာ နိုဗိုစီဗစ်ဒေသ အစိုးရအဖွဲ့အကြီးအကဲ၊ မြန်မာကောင်စစ်ဝန်ချုပ်နှင့် တာဝန်ရှိသူများက လေဆိပ်တွင် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Source:  MOI

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ H.E. Mr. Alexander Gregoryevich Lukashenko တို့ မီဒီယာများနှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံအပြန်အလှန်ပူးတွဲကြေညာချက်များနှင့် ပြောကြားချက်များ

ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ H.E. Mr.Alexander Gregoryevich Lukashenko

လေးစားအပ်ပါသော အဆွေတော်နိုင်ငံတော်ဝန်ကြီးချုပ်နှင့်တကွ တက်ရောက်လာကြသော ဧည့်သည်တော်များခင်ဗျာ၊ ကျွန်တော်ဒီနေ့ နှစ်နိုင်ငံတွေ့ဆုံမှုနှင့်ပတ်သက်ပြီးတော့ စီးပွားရေးအခန်းကဏ္ဍ၊ အခြားကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်ပြီးတော့ များစွာဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ဒီနေ့တွေ့ဆုံပွဲမှာဆိုရင်တော့ ကျွန်တော်တို့ စီးပွားရေးနှင့်ပတ်သက်ပြီးတော့ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းတွေကို တိတိကျကျဆွေးနွေးခဲ့တာရှိပါတယ်။ လူသားချင်းစာနာ ထောက်ထားရေးဆိုင်ရာ အခန်းကဏ္ဍရပ်များနှင့် ပတ်သက်လို့လည်း၊ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အခန်းကဏ္ဍများနဲ့ပတ်သက်လို့လည်း ဆွေးနွေးခဲ့တာရှိပါတယ်။ စီးပွားရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်တွေကို အောင်အောင်မြင်မြင်လုပ်နိုင်ဖို့အတွက် ဒီနေ့နှစ်နိုင်ငံကျွန်တော်တို့ မဟာဗျူဟာကျကျ အစီအစဉ်ရေးဆွဲဖို့လည်း သဘောတူညီမှုရခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံမှာထွက်ရှိတဲ့ စားသောက်ကုန်လုပ်ငန်းတွေက ကမ္ဘာမှာစားနပ်ရိက္ခာဖူလုံရေးနှင့် ပတ်သက်ပြီးတော့ အထောက်အကူပြုနိုင်ဖို့အတွက် ကျွန်တော်တို့ဘက်ကလည်း နည်းပညာနှင့် ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းတွေမှာ စိုက်ပျိုးရေးအခန်းကဏ္ဍ၊ ဆေးဝါးအခန်းကဏ္ဍနဲ့ စားနပ်ရိက္ခာထုတ်လုပ်ရေးအခန်းကဏ္ဍများနှင့် ပတ်သက်ပြီးတော့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့မနေ့က Business Forum မှာ အဆိုပါကိစ္စရပ်နဲ့ အဆိုပါအခန်းကဏ္ဍတွေနဲ့ ပတ်သက်ပြီးတော့လည်း နှစ်နိုင်ငံနှစ်ဦးနှစ်ဖက်တာဝန်ရှိသူတွေကလည်း တိတိကျကျ ဆွေးနွေးပြီးဖြစ်ပါတယ်။ ဒီဆွေးနွေးမှုတွေနှင့်ပတ်သက်လို့၊ ဒီကဏ္ဍတွေနဲ့ပတ်သက်လို့လည်း ဘယ်လာရုစ်နိုင်ငံမှာ နည်းပညာနဲ့ပတ်သက်ပြီး မြင့်မားတဲ့ နည်းပညာတွေလည်းရှိပါတယ်။ ဒီနှစ်အတွင်းမှာ ကျွန်တော်တို့ နှစ်နိုင်ငံစီးပွားရေးဆိုင်ရာကော်မရှင်ကိုလည်း ပြန်လည်ပြီးတော့ အစည်းအဝေးလုပ်နိုင်ဖို့ကို ကျင်းပသွားမှာ ဖြစ်ပါတယ်။ နှစ်နိုင်ငံသိပ္ပံနှင့် နည်းပညာအခန်းကဏ္ဍများနဲ့ ပတ်သက်လို့လည်း ကော်မတီဖွဲ့ပြီးတော့ ဆောင်ရွက်သွားဖို့ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံနဲ့ ဘယ်လာရုစ်နိုင်ငံ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းတွေကို မြှင့်တင်ဖို့အတွက် မြန်မာနိုင်ငံက ကျောင်းသားတွေ လာရောက်ပညာသင်ကြားတဲ့အချိန်မှာ အစစအရာရာအဆင်ပြေဖို့ ဘယ်လာရုစ်နိုင်ငံကလည်း အတတ်နိုင်ဆုံးကူညီဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ယခုနှစ်မှာ မြန်မာနိုင်ငံကနေပြီးတော့ ပထမဆုံးကလေးသူငယ်တွေပါဝင်တဲ့ Group တစ်ခုကို ဘယ်လာရုစ်နိုင်ငံ ဆူးပရူးနော့အပန်းဖြေစခန်းကို လာရောက်ဖို့အတွက်လည်း ဖိတ်ခေါ်ထားပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ မကြာမီအချိန်အတွင်းမှာ ဘယ်လာရုစ်နိုင်ငံက ဝန်ကြီးများ၊ တာဝန်ရှိတဲ့အဆင့်မြင့် ပုဂ္ဂိုလ်များက မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံကနေပြီးတော့လည်း Specialists တွေ၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဘယ်လာရုစ်နိုင်ငံကို လာရောက်မှာဖြစ်ပါတယ်။ ဒီလိုမျိုးခရီးစဉ်တွေ အပြန်အလှန်သွားရောက်ပြီးတော့ တစ်နိုင်ငံလုံးမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရနိုင်တဲ့အခွင့်အလမ်းတွေကို လေ့လာပြီး အကောင်အထည်ဖော်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ သိပ်မကြာခင်က ကျွန်တော်နဲ့ အဆွေတော်ဝန်ကြီးချုပ်နဲ့ နှစ်ယောက်တည်းထိုင်တဲ့ အချိန်မှာလည်း ကျွန်တော်တို့ဆွေးနွေးခဲ့တဲ့ အချက်တွေရှိပါတယ်။ ကျွန်တော်မြင်တာကတော့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့အနေနဲ့ ပိတ်ပင်တားဆီးထားတဲ့ ဒီအချက်တွေမရှိပါဘူး။ အားလုံးက အမြဲတမ်းနှစ်ဦးနှစ်ဖက်လုံး တံခါးဖွင့်ပြီးတော့ ပွင့်ပွင့်လင်းလင်းရင်းရင်းနှီးနှီးနဲ့ စီးပွားရေးအခန်းကဏ္ဍကို အကောင်းဆုံးအကောင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့လည်း မျှော်လင့်ပါတယ်။ ကျွန်တော်တို့အနေနဲ့၊ ဘယ်လာရုစ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီးတော့ ယခုဒီနေ့ဆွေနွေးမှုမှာ ဆွေးနွေးခဲ့တဲ့ အချက်အလက်တွေအများကြီးရှိသလို မနေ့က Business ဖိုရမ်မှာလည်း ဆွေးနွေးခဲ့တဲ့အချက်အလက်တွေလည်းရှိပါတယ်။ ဒီအချက်အလက်တွေနဲ့ ပတ်သက်ပြီးတော့ ပူးပေါင်းဆောင်ရွက်ရေးနဲ့ ပတ်သက်ပြီးတော့ နားလည်မှုစာချွန်လွှာတွေ၊ စာချုပ်တွေကိုလည်း အမြန်ဆုံးချုပ်ဆိုနိုင်ဖို့အတွက် အမြန်ဆုံးကြိုးစားသွားမှာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ကျွန်တော့်ရဲ့မိတ်ဆွေ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယခုခရီးစဉ်မှာ ပွင့်ပွင့်လင်းလင်းနဲ့ ဆွေးနွေးသွားတဲ့အတွက်ရော စိတ်ဆန္ဒရှိတဲ့အတိုင်းအားလုံးကို ပွင့်ပွင့်လင်းလင်းပြောသွားတဲ့အတွက်လည်း ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော့်အနေနဲ့ အဆွေတော်ကို ထပ်လောင်းကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ အဲဒါကတော့ ကျွန်တော့်ကို မြန်မာနိုင်ငံကို ဖိတ်ခေါ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ မကြာမီအချိန်အတွင်းမှာ အဆွေတော်နဲ့ကျွန်တော် အဆွေတော်ရဲ့နိုင်ငံမှာ တွေ့ဆုံနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။ ကျွန်တော်တို့အနေနဲ့ နှစ်ဦးနှစ်ဖက်က ဒီလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ရာမှာ အကောင်းဆုံးနဲ့ ပံ့ပိုးမယ်ဆိုလို့ရှိရင် နှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့ လုပ်ငန်းတွေကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ အခုလိုမျိုးဒီနေ့တွေ့ဆုံပွဲမှာ အချိန်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း အမြဲတမ်းအဆွေတော်ကို ဝမ်းပန်းတသာကြိုဆိုနေကြောင်းလည်း ပြောကြားလိုပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

ဒီအခမ်းအနားကို ကြွရောက်လာကြတဲ့ ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတကြီး H.E. Mr. Alexander Gregoryevich Lukashenko နဲ့ နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မီဒီယာအဖွဲ့ဝင်များအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သလိုက်ပါတယ်။ သမ္မတကြီးနဲ့ အစိုးရအဖွဲ့ဝင်များကိုလည်း ကျွန်တော့်ရဲ့ ဒုတိယခရီးစဉ်မှာ ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေးခွင့်ရခဲ့ပါတယ်။ ဒီအတွက်လည်း အောင်မြင်တဲ့ခရီးစဉ် တစ်ခုဖြစ်ကြောင်းပြောလိုပါတယ်။ ဒီလိုဘယ်လာရုစ်-မြန်မာ ချစ်ကြည်ရေးပိုမိုတိုးတက်ခိုင်မာစေဖို့၊ ပူးပေါင်းဆောင်ရွက်မှုအားကောင်းစေဖို့၊ အထူးအားပေးဆောင်ရွက်ခဲ့တဲ့ အဆွေတော်သမ္မတကြီးနှင့် တာဝန်ရှိသူများ၊ ဘယ်လာရုစ်ပြည်သူများ၊ ပြည်သားများအားလုံး ယခုထက်ပိုမိုအင်အားတောင့်တင်း ခေတ်မီဖွံ့ဖြိုးတိုးတက်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပါတယ်။ ဒီနေ့နှစ်ဦးနှစ်ဖက်တွေ့ဆုံဆွေးနွေးမှုမှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့တဲ့အတိုင်းပဲ နှစ်နိုင်ငံစီးပွားရေး၊ စိုက်ပျိုးရေး၊ စက်မှု၊ ပညာရေး၊ သိပ္ပံနဲ့နည်းပညာ၊ ယဉ်ကျေးမှု၊ ကာကွယ်ရေး စတဲ့ကဏ္ဍပေါင်းစုံ ဆက်ဆံရေးကိုလည်း ဆက်လက်မြှင့်တင်ဆောင်ရွက်သွားပါမယ်။ အစိုးရအချင်းချင်းဆက်ဆံရေးသာမက ပြည်သူချင်းဆက်ဆံရေးကိုလည်း တိုးချဲ့ဆောင်ရွက်သွားပါမယ်။ ဒီနှစ်နိုင်ငံနှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုတွေကို ဆောင်ရွက်နိုင်ဖို့အတွက် အစိုးရတာဝန်ရှိသူများသာမက တက်ရောက်နေကြတဲ့ မီဒီယာများရဲ့ကဏ္ဍကလည်း အရေးကြီးပါတယ်။ ဒါ့ကြောင့် ဒါကိုလည်း ပူးပေါင်းဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံလိုပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ အရှေ့တောင်အာရှထဲမှာ ကုန်းတွင်းနိုင်ငံထဲမှာ အကြီးဆုံးနိုင်ငံတစ်ခုဖြစ်ပါတယ်။ ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံကြီးနှစ်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံကြားမှာ ဆက်စပ်ပြီးတည်ရှိနေတဲ့ နိုင်ငံဖြစ်သလို အရှေ့တောင်အာရှနဲ့တောင်အာရှအကြားမှာလည်း ပေါင်းကူးတံတားသဖွယ်ရှိနေတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ လမ်းပန်းဆက်သွယ်ရေးအတွက်ကောင်းမွန်တဲ့ ရေ၊ မြေ၊ ရာသီဥတုကို ပိုင်ဆိုင်ထားတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။ ကမ္ဘာမှာဆန်တင်ပို့မှု အဓိကတင်ပို့တဲ့ ထိပ်တန်းနိုင်ငံအထဲမှာပါသလို ကမ္ဘာမှာ ပဲတင်ပို့မှုမှာ ဒုတိယအမြင့် ဆုံးနိုင်ငံတစ်ခုဖြစ်ပါတယ်။ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းလုပ်ဖို့လည်း မြေပမာဏများစွာ ကျယ်ဝန်းတဲ့ နိုင်ငံဖြစ်တဲ့အတွက်ကြောင့် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးနဲ့ လုံခြုံရေးအတွက် ပံ့ပိုးနိုင်တဲ့နိုင်ငံဖြစ်အောင် ကြိုးစားဆောင်ရွက်နေပါတယ်။ ဒါကြောင့် ဘယ်လာရုစ်နိုင်ငံရဲ့ ခေတ်မီတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ နည်းစနစ်တွေ၊ ယန္တရားတွေ၊ အထောက်အကူပြုစနစ်တွေနဲ့ လက်တွေ့ပေါင်းစပ်ကျင့်သုံးသွားမယ်ဆိုရင် မြန်မာနိုင်ငံအတွက်သာမက နှစ်ဖက်စလုံးမှာ အကျိုးရှိတဲ့ရလဒ်တွေ ခံစားရမယ်လို့ ကျွန်တော်အပြည့်အဝယုံကြည်ပါတယ်။ မိုင်ပေါင်း ၁၃၀၀ ကျော်လောက်ရှည်တဲ့ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်မှာလည်း အဓိကကျတဲ့ရေနက်ဆိပ်ကမ်းတွေလည်း ကျွန်တော်တို့ရှိပါတယ်။ အထူးသဖြင့် ထားဝယ်၊ သီလဝါနဲ့ကျောက်ဖြူရေနက်ဆိပ်ကမ်း သုံးခုတို့မှာလည်း ရင်းနှီးမြှုပ်နှံဖို့အတွက် အခွင့်အလမ်းကောင်းတွေရှိတဲ့အကြောင်း ပြောလိုပါတယ်။ ဒါကြောင့် ဘယ်လာရုစ်နိုင်ငံက နယ်ပယ်ကဏ္ဍစုံနဲ့ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ပါကြောင်း ပြောလိုပါတယ်။ ကျွန်တော်တို့နှစ်နိုင်ငံဟာ နိုင်ငံချင်းဆက်ဆံရေးသာမက နိုင်ငံတကာ မျက်နှာစာမှာလည်း ပူးပေါင်းဆောင်ရွက်မှုတွေ တိုးချဲ့ဆောင်ရွက်သွားပါမယ်။ နိုင်ငံတကာမျက်နှာစာမှာ ဘယ်လာရုစ်နိုင်ငံ၊ ဘယ်လာရုစ်ပြည်သူတွေက ကျွန်တော်တို့နိုင်ငံအပေါ်မှာလည်း ရပ်တည်ပေးတဲ့အတွက်ကြောင့် ကျေးဇူးတင်ရှိကြောင်း ပြောလိုပါတယ်။ ကျွန်တော်တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲမသမာမှုဖြစ်ခဲ့တဲ့အတွက်ကြောင့် ကျွန်တော်တို့ နိုင်ငံတော်ကို အရေးပေါ်ကြေညာပြီး ခေတ္တတာဝန်ယူထားတာဖြစ်ပါတယ်။ ဒါ့ကြောင့် မကြာခင်မှာလည်း ဥပဒေနဲ့အညီ ရွေးကောက်ပွဲကျင်းပသွားဖို့ရှိပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ(သို့မဟုတ်)၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ အစောဆုံးကျင်းပသွားဖို့ စီစဉ်ထားကြောင်း ပြောလိုပါတယ်။

ရွေးကောက်ပွဲဝင်ဖို့အတွက်လည်း ပါတီပေါင်း ၅၃ ခုက စာရင်းပေးသွင်းထားပြီးဖြစ်ပါတယ်။ ရွေးကောက်ပွဲကျင်းပမှုနဲ့ပတ်သက်ပြီး ဘယ်လာရုစ်နိုင်ငံရဲ့ လေ့လာရေးအဖွဲ့များကိုလည်း လာရောက်ကြည့်ရှုနိုင်ဖို့အတွက် ဖိတ်ကြားလိုပါတယ်။ ဒီမှာတစ်ဆက်တည်းမှာပဲ အဆွေတော်သမ္မတကြီးရဲ့ ဘယ်လာရုစ်နိုင်ငံအပေါ်မှာ အစစအရာရာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနိုင်မှုများအတွက်လည်း အထူးပဲဂုဏ်ပြုကြောင်း ပြောလိုပါတယ်။ အဆွေတော်ရဲ့ဦးဆောင်မှုနဲ့ ဘယ်လာရုစ်နိုင်ငံဟာ ကမ္ဘာ့ထိပ်တန်းနိုင်ငံတစ်ခုဖြစ်မယ်လို့လည်း ကျွန်တော်ယုံကြည်ထားပါတယ်။ အဆွေတော်သမ္မတကြီးကို မြန်မာနိုင်ငံမှာလည်း ထပ်မံတွေ့ဆုံဖို့လည်း ကျွန်တော်အပြည့်အဝ မျှော်လင့်ထားပါတယ်။ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနယ်ပယ်အားလုံး ခိုင်ခိုင်မာမာနဲ့ ပြည့်ပြည့်စုံစုံ အောင်မြင်တိုးတက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။

ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ H.E. Mr.Alexander Gregoryevich Lukashenko

ကျွန်တော့်အနေနဲ့ အခုလိုမျိုးဖိတ်ကြားတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံကိုလည်း လာရောက်မှာဖြစ်ပါတယ်။ အဆွေတော်အဆိုပြုသွားတဲ့အတိုင်းပဲ ရွေးကောက်ပွဲမှာလည်း လေ့လာရေးစောင့်ကြည့်သူတွေကို ကျွန်တော်တို့ လွှတ်ပေးမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တစ်ခုလေးအကြံပြုလိုတာကတော့ အဆွေတော်ကို အကြံပြုစရာလေးတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ အဆွေတော်အနေနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ မိမိနိုင်ငံသားတွေအတွက် အဆွေတော်အနေနဲ့ ကောင်းမယ်ထင်တဲ့အရာဆိုရင် အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ဖို့အတွက် ကျွန်တော်အကြံပြုလိုပါတယ်။ အဆွေတော်အနေနဲ့ အကောင်အထည်ဖော်တဲ့အချိန်မှာ တချို့လူတွေကတော့ မကြိုက်တဲ့လူတွေကတော့ ရှိကောင်းရှိမှာပါ။ Sanctions တွေလည်း ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ ကျွန်တော်တို့မှာရော၊ အဆွေတော်မှာ‌ရောရှိနေတဲ့ Sanctions တွေကလည်း ထပ်ပြီးတော့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျွန်တော့် အနေနဲ့ Sanctions ဆိုတာက အခွင့်အလမ်းကောင်းလို့ ကျွန်တော်သတ်မှတ်ပါတယ်။ ဒီလိုမျိုး Sanctions ချထားတဲ့အချိန်မှာ အခွင့်အလမ်းကောင်းလို့ သတ်မှတ်တဲ့အတွက် ကျွန်တော်တို့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းတွေကို ပိုမိုဆောင်ရွက်ပြီးတော့ ပိုမိုစည်းစည်းလုံးလုံးနဲ့ ဆောင်ရွက်မယ်ဆိုရင်တော့ အကောင်းဆုံးအကောင်အထည်ဖော်နိုင်မှာပါ။ ကျေးဇူးအများကြီးတင်ပါတယ်။ အခုလိုမျိုးဘယ်လာရုစ်နိုင်ငံကို လာရောက်တဲ့အတွက် ကျေးဇူးတင်ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

Sanctions လုပ်တယ်ဆိုလို့ရှိရင် Sanctions လုပ်ခံရတဲ့ အဖွဲ့အစည်းတွေ၊ ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေက အင်အားစုစည်းမှုကို ပိုမိုရရှိစေပြီးတော့မှ ပြိုင်ဆိုင်မှုတွေကို ပိုမိုပြင်းထန်လာစေမယ်ဆိုတာလည်း သတိပြုမိဖို့လိုပါတယ်။ သူတို့ဖြစ်တဲ့ အရာတစ်ခုကို Sanctions လုပ်ပြီးတော့ ဖိအားပေးတယ်ဆိုတာမျိုးက ဘယ်တော့မှအောင်မြင်မှာ မဟုတ်ပါဘူး။ ပဋိပက္ခသာ ပိုမိုကြီးမားလာစေမှာဖြစ်ပါတယ်။ ကျွန်တော်တို့နှစ်ယောက် ပူးပေါင်းပြီးတော့မှ ကျွန်တော်တို့ ဒါကိုရင်ဆိုင်ကျော်လွှားသွားပါမယ်။ အဆွေတော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ရှိကြောင်း ပြောလိုပါတယ်။ ။

Source: MOI