မော်စကိုသည် ဒိုနက်စ်နှင့် လူဂန်းစ်ပြည်သူ့သမ္မတနိုင်ငံများ၊ ခေါ်ဆွန်းနှင့် ဇာပိုရိုဇီးယားဒေသများအပါအဝင် ရှားပါးသတ္တုသယံဇာတများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဝါရှင်တန်နှင့် ပူးပေါင်းလုပ်ဆောင်ရန် အသင့်ရှိကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက ယူကရိန်းကို တွန်းအားပေးနေသည့် မြေရှားသတ္တုသဘောတူညီချက်သည် မော်စကိုနှင့် မသက်ဆိုင် ကြောင်း ပူတင်က ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် Russia 1 TV သတင်းထောက် Pavel Zarubin နှင့် အင်တာဗျူးတစ်ခုတွင် ပြောကြား ခဲ့သည်။
ယူကရိန်း၏ ရှားပါးသတ္တုတွင်းများ၏ လက်တွေ့တန်ဖိုးကို ဆက်လက် စောင့်ကြည့်ရမည်ဖြစ်ကြောင်း ရုရှားခေါင်းဆောင်က မှတ်ချက်ပြုခဲ့သည်။
မော်စကိုသည် စီးပွားရေး ကဏ္ဍအမျိုးမျိုးတွင် ၎င်းတို့၏ အရေးပါမှုကြောင့် ရှားပါးသတ္တုသယံဇာတများ ဖွံ့ဖြိုးတိုးတက်ရေးကို အာရုံစိုက်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“အကယ်၍ အမေရိကန်က ပူးပေါင်းလုပ်ဆောင်ရန် စိတ်ဝင်စားပါက ရုရှားအနေဖြင့် အမေရိကန်လုပ်ဖော်ကိုင်ဖက်များအား ပံ့ပိုးပေးရန် အသင့်ရှိပါသည်” ဟု ပူတင်က ပြောကြားခဲ့ပြီး ၎င်း၏ဆိုလိုရင်းမှာ ပုဂ္ဂလိက နှင့် အစိုးရကုမ္ပဏီများ နှစ်မျိုးလုံးကို ရည်ညွှန်းကြောင်း ပူတင်က ပြောကြားခဲ့သည်။
ရှားပါးသတ္တုသယံဇာတ ကြွယ်ဝမှုအားဖြင့် ကမ္ဘာ့ဦးဆောင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် ရုရှားသည် ၎င်း၏သတ္တုတွင်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများနှင့် ပူးပေါင်းလုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
၂၀၂၂ ခုနှစ်တွင် ကျင်းပခဲ့သော ဆန္ဒခံယူပွဲများအပြီး ရုရှားဖက်ဒရေးရှင်း တွင် ပါဝင်ခဲ့သည့် ဒိုနက်စ်နှင့် လူဂန်းစ်ပြည်သူ့သမ္မတနိုင်ငံများ၊ ခေါ်ဆွန်း နှင့် ဇာပိုရိုဇီးယားဒေသများ၌ ရှားပါးသတ္ထုသယံဇာတ အရင်းအမြစ်များ များစွာတည်ရှိနေသည်။
Forbes မှ ၂၀၂၃ ခုနှစ်တွင် ယူကရိန်း၏ သတ္တုသယံဇာတများ၏ စုစုပေါင်းတန်ဖိုးကို ဒေါ်လာ ၁၅ ထရီလီယံနီးပါးဟု ခန့်မှန်းထားသော်လည်း စုစုပေါင်းသတ္တုသယံဇာတကြွယ်ဝမှု၏ တစ်ဝက်နီးပါးသည် ဒိုနက်စ်နှင့် လူဂန်းစ်ပြည်သူ့သမ္မတနိုင်ငံများတွင် တည်ရှိနေသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၂