ထူးခြားသတင်းများ - နိုင်ငံတကာ

အိန္ဒိယ ဥရောပ လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက် ယခုနှစ် အကုန် အဆုံးသတ်မည်ဟု မိုဒီပြောကြား

အိန္ဒိယနှင့် ဥရောပသမဂ္ဂတို့သည် လွတ်လပ်စွာကုန်သွယ်မှု သဘော တူညီချက် (Free Trade Agreement) ကို ယခုနှစ်အကုန်တွင် အဆုံးသတ်မည်ဖြစ်ကြောင်း အိန္ဒိယဝန်ကြီးချုပ် နာရိန်ဒရာမိုဒီက ဥရောပ ကော်မရှင်အကြီးအကဲ Ursula von der Leyen နှင့် ဆွေးနွေးပြီးနောက် ကြေညာလိုက်ပါသည်။

ဥရောပကော်မရှင်အကြီးအကဲ Leyen သည် ဥရောပကော်မရှင် အဖွဲ့ဝင် များအတူ ဖေဖော်ဝါရီ ၂၇ ရက်တွင် နယူးဒေလီသို့ ရောက်ရှိနေကြသည်။

ဥရောပနှင့် အိန္ဒိယတို့သည် လွတ်လပ်စွာကုန်သွယ်မှု သဘောတူညီချက်ကို ၂၀၀၇ ခုနှစ်တွင် စတင်ဆွေးနွေးခဲ့ကြသော်လည်း မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးများ၊ နည်းပညာကုမ္ပဏီများ၏ သတင်းအချက်အလက်လုံခြုံရေးနှင့် မော်တော်ကား အစရှိသော ကုန်ပစ္စည်းများကို ဘုံစျေးကွက်သို့ ဝင်ရောက်ခွင့်ပြုခြင်း စသည့်ပြဿနာများကြောင့် ၂၀၁၃ ခုနှစ်တွင် ဆိုင်းငံ့လိုက်ပြီး ၂၀၂၂ ခုနှစ်တွင် ပြန်လည် စတင်ခဲ့ကြပါသည်။

ကိုးကား- TASS

Photo: Euronews.com

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

ဒုတိယကမ္ဘာစစ် အောင်ပွဲ ရလဒ်ကို ရုရှား၊ တရုတ်တို့ ထိန်းသိမ်းသင့်ကြောင်း ဝမ်ယိ ပြောကြား

ရုရှားနှင့်တရုတ်တို့သည် ဒုတိယကမ္ဘာစစ်တွင် အဓိကအောင်ပွဲရသည့် နိုင်ငံများဖြစ်ပြီး ကုလသမဂ္ဂအဖွဲ့၏ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံများဖြစ်ကြပါကြောင်း၊ ဒုတိယကမ္ဘာစစ်ရလဒ်များနှင့် ထိုသမိုင်းမှန် ကို တည်ငြိမ်စွာ ကာကွယ်ကြရမည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးက ပေကျင်းမြို့သို့ ရောက်ရှိနေသည့် ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူး ဆာဂေးရှိုးဂူးနှင့် တွေ့ဆုံစဉ် ပြောကြားလိုက်ပါသည်။

ရုရှားထိပ်တန်း လုံခြုံရေးအရာရှိကိုယ်စားလှယ်အဖွဲ့သည် ယခုအခါ ပေကျင်းမြို့တော်သို့ ရောက်ရှိနေပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် နိုင်ငံခြားရေးဝန်ကြီးဝမ်ယိတို့နှင့် တွေ့ဆုံမည်ဖြစ်ကာ နှစ်နိုင်ငံအကြား လုံခြုံရေးကိစ္စနှင့် အပြည်ပြည်ဆိုင်ရာနှင့်ဒေသဆိုင်ရာပြဿနာများကို ဆွေးနွေးကြမည်ဖြစ်ကြောင်း  ရုရှားလုံခြုံရေးကောင်စီ၏ မီဒီယာဌာနက ဖော်ပြထားပါသည်။                                                                                                   

ကိုးကား- TASS

Photo: Mehr News Agency

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

ဖင်လန်နှင့် ဆွီဒင်ကို နေတိုးအဖွဲ့ဝင်အဖြစ်မှ ဖယ်ရှားရန် ဒေါ်နယ်ထရမ့် တောင်းဆိုလာနိုင်ဟု ကျွမ်းကျင်သူပြောကြား

ရုရှားနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုအကြား ဆက်ဆံရေး တိုးတက်လာစေရန် ဖင်လန်နိုင်ငံနှင့် ဆွီဒင်နိုင်ငံတို့ကို မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့(နေတိုး)မှ ဖယ်ရှားရန် ဒေါ်နယ်ထရမ့်က ဖိအားပေး တောင်းဆိုလာနိုင်ကြောင်း ဖင်လန်နိုင်ငံ နိုင်ငံတကာရေးရာကျွမ်းကျင်သူ Jussi Lassila က ပြောကြားလိုက်ပါသည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီ ၁၂ ရက် ဗလာဒီမာပူတင်နှင့် ဒေါ်နယ်ထရမ့်တို့သည် တယ်လီဖုန်းဖြင့် ဆွေးနွေးခဲ့ကြရာ ယူကရိန်းစစ်ပွဲဖြစ်ပွားရသည့် အခြေခံ အကြောင်းအရင်းကို ဖယ်ရှားပေးရန် လိုအပ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်ကို ကရင်မလင်ထုတ်ပြန်ချက်အရ သိရှိရပါကြောင်း၊ ဒေါ်နယ် ထရမ့်သည် ရုရှားနှင့်ဆက်ဆံရေးတိုးတက်လာစေရန် ၁၉၉၇ ခုနှစ် နောက်ပိုင်း နေတိုးအဖွဲ့၏အနေအထား ရောက်ရှိအောင် လုပ်ဆောင်လာနိုင်ကြောင်း၊ မိမိတို့အနေဖြင့် လက်ရှိအခြေအနေတွင် သည်းခံမှုကို ထိန်းသိမ်းကြရန် လိုအပ်ကြောင်း ကျွမ်းကျင်သူက ပြောကြားခဲ့ပါသည်။

ဖင်လန်နိုင်ငံသည် ၂၀၂၃ ခုနှစ်၊ ဧပြီလတွင် နေတိုးအဖွဲ့ဝင်ဖြစ်လာပြီး၊ ဆွီဒင်နိုင်ငံသည် ၂၀၂၃ ခုနှစ်၊ မေလတွင် နေတိုးအဖွဲ့ဝင် ဖြစ်ခဲ့ပါသည်။               

၁၉၉၇ ခုနှစ်၊ မေလ ၅ ရက်တွင် နေတိုးနှင့် ရုရှားအကြား NOTO- Russia Founding Act စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ထိုစာချုပ်မှာ နေတိုးနှင့် ရုရှားအကြား အငြင်းပွားမှုများကို စုပေါင်းဖြေရှင်းရန်နှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လာစေရန် ရည်ရွယ်ခဲ့ရာ ဥရောပလုံခြုံရေးအတွက် လွန်စွာအရေးပါလှပါသည်။ 

“ထိုစာချုပ်အရ နေတိုးသည် အဖွဲ့ဝင် တိုးချဲ့ခွင့် ရရှိခဲ့ကြသည်။ အမှန်တကယ်တွင် နေတိုး၏ အဖွဲ့ဝင်တိုးချဲ့မှုမှာ ရုရှားအတွက် ခံယူရန် မလွယ်ကူခဲ့ပေ။ နောက်ပိုင်းတွင် နေတိုးအဖွဲ့ဝင်ဖြစ်လာကြသည့် ပိုလန်၊ ဟန်ဂေရီနှင့် ချက်ကိုစလိုဗက်ကီးယားတို့သည် ရုရှားအတွက် လုံခြုံရေးအန္တရာယ်ဖြစ်လာမည်” ဟု ရုရှားက မျှော်မှန်းခဲ့သည်။ စာချုပ်အရ ၁၉၉၇ ခုနှစ်က နှစ်ဘက်အကြား ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာခဲ့ခြင်းရှိခဲ့သော်လည်း နောက်ပိုင်းတွင် နေတိုးအဖွဲ့ဝင်များ တိုးချဲ့လာမှုမှာ ရုရှားအတွက် နာကျင်စရာ ဖြစ်လာခဲ့ပါတော့သည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃

ဥရောပမှ တင်သွင်းကုန်များကို လာမည့် ဧပြီ ၂ ရက်မှ စတင်၍ အခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်မည်ဟု ထရမ့်ကြေညာ

ဥရောပက တင်သွင်းလာသည့် ကုန်ပစ္စည်းအားလုံးအပေါ် အခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီ ၂၆ ရက်တွင် ကျင်းပပြုလုပ်သော အမေရိကန် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားလိုက်ပါသည်။

ဥရောပက အခွင့်အရေးယူနေသည်မှာ ကြာပြီဖြစ်ကြောင်း၊  ဥရောပက အမေရိကန်ကို တင်ပို့လာသည့် သွင်းကုန်များအပေါ်အခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း၊ ကနဦးတွင် လာမည့်ဧပြီ ၁ ရက်နေ့ကစတင်ပြီး စည်းကြပ်ရန်ဖြစ်သော်လည်း ဧပြီ ၂ ရက်တွင် စတင်လုပ်ဆောင်မည်ဖြစ်ပါကြောင်း၊ ယေဘုယျအားဖြင့် မော်တော်ကားနှင့် အခြားသွင်းကုန်အများအပြား ပါဝင်ပါကြောင်း၊  သွင်းကုန်အားလုံးကို စည်းကြပ်မည် မဟုတ်သော်လည်း အများအပြားကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အံ့ဩဖွယ်ရာ ထူးခြားချက်များကို တွေ့မြင်ရလိမ့်မည်ဖြစ်ကြောင်း” ၎င်းက ဆက်လက်ပြောကြားထားပါသည်။ 

“အမေရိကန်၏ ကုန်သွယ်မှုလိုငွေပြနေသည့် နိုင်ငံတိုင်းကို တန်ပြန် အခွန်စည်းကြပ်မည်” ဟု ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီ ၁၃ ရက်ကလည်း ကြေညာထားပါသည်။ အမေရိကန်က တင်သွင်းသည့် ကုန်ပစ္စည်းများအပေါ် တန်ဖိုးဖြည့်ခွန် (VAT) သတ်မှတ်ကောက်ခံမည့် နိုင်ငံတိုင်းကိုလည်း မိမိအစီအစဉ်အတိုင်း အပြစ်ပေး ဒဏ်ခတ်သွားရန် စဉ်းစားထားကြောင်း ထရမ့်က ဆိုထားပါသည်။

ကိုးကား- The Times

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃

ဘိုင်ဒင် အစိုးရလက်ထက် ဗင်နီဇွဲလားကို ခွင့်ပြုပေးထားသည့် ရေနံထုတ်လုပ်ခွင့် လိုင်စင်ကို ဖျက်သိမ်းမည်ဟု ထရမ့်ပြောကြား

သမ္မတ ဘိုင်ဒင်အစိုးရလက်ထက်က ခွင့်ပြုခဲ့သည့် ဗင်နီဇွဲလားနိုင်ငံ၌ ရေနံထုတ်လုပ်ခွင့်လိုင်စင်ကို ဖျက်သိမ်းရန် လုပ်ဆောင်နေကြောင်း၊ အမေရိကန်မှ ဗင်နီဇွဲလားသို့ ပြန်ပို့မည့် ဒုက္ခသည်များအားလုံးကို သမ္မတ Nicolás Maduro က လက်ခံရန် ငြင်းပယ်ခဲ့သဖြင့် ထိုသို့ဆုံးဖြတ်လိုက် ခြင်း ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က   ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ပြောကြားလိုက်ပါသည်။

 “၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်တွင် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ဗင်နီဇွဲလားနိုင်ငံတွင် ရေနံထုတ်ယူခွင့်ပြုသည့် သဘောတူညီချက်ကို ယခုအခါမှာ မိမိတို့အနေဖြင့် ပြန်လည်ဖျက်သိမ်းရန် လုပ်ဆောင်နေပါကြောင်း” ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ထရမ့်က ၎င်း၏ လူမှုကွန်ရက် Truth Social တွင် ရေးသားခဲ့သည်။ 

ယခုဆုံးဖြတ်ချက်သည် ယခင်ဘိုင်ဒင်အစိုးရလက်ထက်က အမေရိကန် ရေနံကုမ္ပဏီ Chevron အား ဗင်နီဇွဲလားတွင် ရေနံထုတ်လုပ်ခွင့်ပြုသည့် သဘောတူညီချက်ကို ထိခိုက်စေပြီး လက်ရှိတွင် Chevron ကုမ္ပဏီသည် ဗင်နီဇွဲလားတွင် နေ့စဉ် ရေနံစည်ပေါင်း ၂၄၀,၀၀၀ (နိုင်ငံ၏ စုစုပေါင်း ရေနံထုတ်လုပ်မှု၏ ၂၅% ကျော်) ထုတ်လုပ်နေသဖြင့် ဗင်နီဇွဲလားနိုင်ငံ စီးပွားရေးအပေါ်လည်း လွန်စွာသက်ရောက်မှုများ ရှိနိုင်ပါသည်။ 

ကိုးကား (Politico)

ဘာသာပြန်ဆိုသူ-ဒေါ်မေသူခိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊နစက-၃

ယူကရိန်း၏ နေတိုးအိပ်မက် စွန့်လွှတ်ရန် ထရမ့်ပြော

ယူကရိန်-ရုရှား စစ်ပွဲဖြစ်ပွားရသည့် အဓိကအကြောင်းအရင်းသည် ယူကရိန်းအနေဖြင့် မြောက်အတ္တလန် တစ်စာချုပ်အဖွဲ့ NATO သို့ဝင်ရန် လုပ်ဆောင်ခဲ့သည့် အတွက်ကြောင့်ဖြစ်ပြီး စစ်ပွဲကိုရပ်တန့်ရန်အတွက် တစ်ခုတည်းသော လုပ်ဆောင်ရမည့်အချက်သည် ယူကရိန်းအနေဖြင့် နေတိုးအဖွဲ့သို့ဝင်မည်ဆိုသည့် အိပ်မက်ကို ဆက်မမက်ရန် လိုအပ်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။ 

ယူကရိန်း နေတိုးအဖွဲ့သို့ဝင်လိုက်ခြင်းသည် ရုရှား၏ အနောက်တံခါး ခြိမ်းခြောက်မှု ကြီးမားစွာ ဖြစ်လာနိုင်ခြင်းဖြစ်၍ အမေရိကန် ဦးဆောင်သည့် နေတိုးအဖွဲ့သို့ ယူကရိန်းဝင်ရောက်မည့်အရေးကို ရုရှားက အစဉ်တစိုက် ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။ ယူကရိန်းပဋိပက္ခနှင့်ပတ်သက်၍ ထရမ့်က ယခင်သမ္မတ ဘိုင်ဒန်၏ ထောက်ခံလုပ်ဆောင်ခဲ့မှုများကို အမြဲအပြစ်တင်ခဲ့ပြီး လက်ရှိ ၎င်း၏လက်ထက်တွင် မည်သည့်အခါမျှ အဖြစ်ခံမည် မဟုတ်ဟုလည်းဆိုသည်။ လွန်ခဲ့သော သီတင်းပတ်တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ကြာရှည်စွာ ဖုန်းပြောဆိုပြီးနောက် ထရမ့်က ဖေဖော်ဝါရီ ၂၆ ရက်နေ့ အိမ်ဖြူတော်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အဆိုပါ ကိစ္စရပ်ကို ထပ်လောင်းပြောကြားခဲ့ပါသည်။ 

ကိုးကား-Myanmar National Post

Tulsi Gabbard က CNN သည် သစ္စာမဲ့သူများ၏ ဝါဒဖြန့်ယန္တရား ဟု စွပ်စွဲ

အမေရိကန်နိုင်ငံ၏ အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူး (DNI) အဖြစ် မကြာသေးမီက အတည်ပြုခန့်အပ်ခံရသူ Tulsi Gabbard က CNN အား အလုပ်မှလျှော့ချထုတ်ပယ်ခံခဲ့ရသည့် ထောက်လှမ်းရေး အရာရှိ များ၏ “ဝါဒဖြန့်ယန္တရား” အဖြစ်လုပ်ဆောင်သည်ဟု စွပ်စွဲခဲ့ပြီး၊ အဆိုပါ အရာရှိများ၏ တုန့်ပြန်မှုဆိုင်ရာ အစီရင်ခံစာအား သမ္မတ Donald Trump အစိုးရအပေါ် သွယ်ဝိုက်ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရည်ညွှန်းခဲ့သည်”ဟု ဆိုသည်။

Trump ၏ ဖက်ဒရယ်အစိုးရအဖွဲ့အစည်းအား လျှော့ချပြင်ဆင်ရန် ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအနေဖြင့် (CIA) မှ ဝန်ထမ်းအချို့အား ကြိုတင်လစာ များ ထုတ်ပေးကာ တာဝန်မှ အနားပေးခဲ့သည်။ CNN က ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သောအစီရင်ခံစာ၌ CIA အကြီးတန်း အရာရှိ အချို့သည် ထုတ်ပယ်ခံရသူများ၏ မကျေနပ်မှုများကို တုန့်ပြန်မှုအဖြစ် လှုံ့ဆော်ဖန်တီးကာ ၎င်းတို့သိရှိထားသည့် အချက်အလက်များကို အခြား နိုင်ငံများ၏ထောက်လှမ်းရေးဌာနသို့ ပေးပို့နိုင်သည့် အန္တရာယ်ရှိကြောင်း “တိတ်တဆိတ် ဆွေးနွေးနေကြသည်” ဟု ဖော်ပြခဲ့သည်။

CIA ဝန်ထမ်းဟောင်းများသည် ထိုသို့သွယ်ဝိုက်ခြိမ်းခြောက်မှုကို ပြုလုပ်ခြင်း အားဖြင့် ၎င်းတို့ဆောင်ရွက်ခဲ့သည့်နည်းလမ်းများကို ထုတ်ဖော်နေသကဲ့သို့ ဖြစ်နေပြီး ၎င်းတို့ရံဖန်ရံခါ အသုံးပြုခဲ့သည့် ဝါဒဖြန့်ယန္တရား CNN ကို အသုံးပြုပြီး ၎င်းတို့၏ လုပ်ဆောင်ခဲ့မှုများကို ထုတ်ဖော်နေသည်ဟု Tulsi Gabbard က ဆက်လက်ပြောကြားခဲ့သည်။ “CIA ဝန်ထမ်းဟောင်းများအနေဖြင့် အမေရိကန်ပြည်ထောင်စု၊ အမေရိကန်ပြည်သူများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် သစ္စာစောင့်သိရန် အထူးလိုအပ်သည်” ဟု သူမက ထပ်လောင်းပြောကြားခဲ့ပါသည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

အမေရိကန်ဗီဇာ(Gold Card)ကို အမေရိကန်ဒေါ်လာ ၅ သန်းဖြင့် ရောင်းချမည်ဟု ထရမ့်ပြော

အမေရိကန်ဒေါ်လာ ၅ သန်းတန် (Gold Card)အား အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားမည့်သူများကိုရောင်းချ သွားမည်ဖြစ်ကြောင်း၊ ၎င်း Gold Card ကို ရုရှားစီးပွားရေးလုပ်ငန်းရှင်များလည်း လျှောက်ထားခွင့်ရှိကြောင်း၊ Green Card ထက် အဆင့်မြင့်သော Gold Card အသစ်ကို ရောင်းချခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီး ပေးနိုင်သူများကို ဆွဲဆောင်နိုင်မည်ဖြစ်ပြီး အမေရိကန်၏ ဘက်ဂျက်လိုငွေကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ Green Card ရှိပြီးပါက ၎င်းသည်လည်း Gold Card ကဲ့သို့ အကျုံးဝင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် Oval Office ၌ သတင်းထောက်များအား ပြောကြားခဲ့သည်။

အဆိုပါ Gold Card သည် အမေရိကန်နိုင်ငံသားအဖြစ် နေထိုင်ခွင့်ရရေး တန်ဖိုးကြီးသည့် လမ်းကြောင်း တစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း၊ လူအများစုအနေဖြင့် အမေရိကန်နိုင်ငံသို့ လာရောက်နေထိုင်လိုကြမည် ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် အမေရိကန်နိုင်ငံ၌ ကုမ္ပဏီများဖွင့်လှစ်၍ လုပ်ငန်းများ လုပ်ကိုင်ကာ အလုပ်အကိုင်အခွင့်အလမ်း များကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့လာရောက်နေထိုင်မည့်သူများသည် ငွေကြေးချမ်းသာသူများပင် ဖြစ်လိမ့်မည်ဖြစ်ကြောင်း၊ အဆိုပါ Gold Card များကို လာမည့် သီတင်း(၂)ပတ်အတွင်း ရောင်းချသွားမည် ဖြစ်ကြောင်း ထရမ့်က ထပ်လောင်းပြောကြားခဲ့မှုကို CAN သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။

ကိုးကား-CNA

Photo: Mint

ယူကရိန်းတွင် ဥရောပတပ်များ တပ်စွဲရန်ကိစ္စ ကရင်မလင် မလိုလား

ယူကရိန်းတွင် ဥရောပငြိမ်းချမ်းရေးတပ်များ တပ်ချရန် အမေရိကန် သမ္မတဒေါ်နယ်ထရမ့်၏ တောင်းဆိုချက်ကို ကရင်မလင်ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီပက်စကော့ဖ်က ငြင်းပယ်လိုက်ပါသည်။

ပြီးခဲ့သည့်ရက်သတ္တပတ်က ရီယာ့ဒ်မြို့တွင် အမေရိကန် ကိုယ်စားလှယ် အဖွဲ့နှင့်တွေ့ဆုံချိန် ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗရော့ဖ်က ယူကရိန်း တွင် ဥရောပ(နေတိုး)တပ်ဖွဲ့များ တပ်ချထားရန် ကိစ္စမှာ “လုံးဝ လက်မခံ နိုင်ကြောင်း” ပြောကြားခြင်းကို မိမိအနေဖြင့် ထပ်မံဖြည့်စွက်ရန် သို့မဟုတ် မှတ်ချက်ပေးရန် မရှိကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ကရင်မလင်နန်းတော် သတင်းစာရှင်းလင်းပွဲတွင် ဖြေကြားထားပါသည်။

ယူကရိန်းတွင် ဥရောပငြိမ်းချမ်းရေးတပ်များ ချထားရန်ကိစ္စအတွက် မိမိ က အထူးတလည် မေးမြန်းခဲ့ရာ ရုရှားခေါင်းဆောင် ဗလာဒီမာ ပူတင် က ထိုကိစ္စမှာ ပြဿနာမရှိဟု ဖြေကြားခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြောကြားထားပါသည်။ 

ကိုးကား- The Guardian

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

အပစ်အခတ်ရပ်စဲမှု အာမခံချက်ရှိရန် ဥရောပတပ်ဖွဲ့များ ချထားရေးအတွက် အဆင်သင့်ဖြစ်နေပြီဟု ပြင်သစ်ဘဏ္ဍာရေးဝန်ကြီး ပြောကြား

ရုရှားနှင့်ယူကရိန်းအကြား အပစ်အခတ်ရပ်စဲရေးကို အာမခံရန်အတွက် ဥရောပနိုင်ငံများမှ တပ်ဖွဲ့များကို ယူကရိန်းသို့ ပို့ဆောင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း၊ သို့ရာတွင် အမေရိကန်၏ ထောက်ခံမှုလိုအပ်မည် ဖြစ်ကြောင်း ပြင်သစ်ဘဏ္ဍာရေးဝန်ကြီး Eric Lombard က Bloomberg TV နှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ပြောကြားလိုက်ပါသည်။

“မိမိတို့အနေဖြင့် နည်းပညာဆိုင်ရာ ဆွေးနွေးမှုကို စတင်နေပြီဖြစ်ကြောင်း၊ အပစ်အခတ်ရပ်စဲရေးကို အာမခံရန်အတွက် ယူကရိန်းမှာ ဥရောပတပ်ဖွဲ့များရှိရန် လိုအပ်မည်ဆိုသည်မှာ မိမိတို့၏ အထွေထွေ သဘောတူညီချက် ဖြစ်ပါကြောင်း၊ ဗြိတိန်၊ ဂျာမနီနှင့် ပြင်သစ်တို့နှင့်အတူ အခြား ဥရောပအဖွဲ့ဝင်နိုင်ငံများလည်း ပါဝင်ဆောင်ရွက်မည်ဖြစ်ပါကြောင်း” ၎င်းက ဖြေကြားထားပါသည်။

ကိုးကား- TASS

Photo: www.sb.by

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃