ဆိုက်ပရပ်နိုင်ငံတွင် အပူချိန်မြင့်တက်လာမှုကြောင့် တောမီးလောင်ကျွမ်းမှုများဖြစ်ပွား
ဆိုက်ပရပ်နိုင်ငံတွင် အပူချိန်မြင့်တက်လာမှုကြောင့် တောမီးလောင်ကျွမ်းမှုများဖြစ်ပွားရာ လူနှစ်ဦးသေဆုံးပြီး လူနေအိမ် ၁၀၀ ကျော်နှင့် စိုက်ပျိုးမြေများပျက်စီးသွားခဲ့ကြောင်း Phileleftheros သတင်းစာတွင် ဖော်ပြထားသည်။
ဆိုက်ပရပ်နိုင်ငံအတွင်း၌ အပူလှိုင်းဖြတ်သန်းမှုကြောင့် အပူချိန်သည် အချို့ဒေသများတွင် ၄၄ ဒီဂရီကျော်အထိ မြင့်တက်လာခဲ့ပြီး တောမီးလောင်ကျွမ်းမှုများသည် လီမက်ဆိုမြို့ပြင်မှ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ တောမီးလောင်ကျွမ်းမှုများသည် ဇူလိုင်လ ၂၃ ရက်မှစတင်ခဲ့ခြင်း ဖြစ်သော်လည်း နောက်ပိုင်းတွင် လေပြင်းများတိုက်ခတ်မှုကြောင့် တောမီးသည် မြို့၏မြောက်ပိုင်းရှိ ကျေးရွာများသို့ ကူးစက်ပျံ့နှံ့သွားခြင်းဖြစ်သည်။
တောမီးလောင်ကျွမ်းမှုအတွင်း ရှေးဟောင်းဘုရားရှိခိုးကျောင်း အလယ်ခေတ်အတွင်း၌ တည်ဆောက်ခဲ့သည့် တံတားကြီးနှင့် ရေအားလျှပ်စစ်ထုတ်လုပ်သည့် ကိရိယာများအပါအဝင် နိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံ ခုနစ်ခုပျက်စီးသွားခဲ့ပြီး စိုက်ပျိုးမြေ ၁၂၅ စတုရန်းကီလိုမီတာခန့် မီးလောင်ကျွမ်းသွားခဲ့ကြောင်း အစိုးရကထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
ယခုဖြစ်ပွားသည့်တောမီးလောင်ကျွမ်းမှုသည် ဆိုက်ပရပ်နိုင်ငံအတွင်း ရာစုနှစ်ဝက်အတွင်း အဆိုးရွားဆုံး တောမီးလောင်ကျွမ်းမှုဖြစ်လာသည်။ ပြည်သူအချို့ဒဏ်ရာရရှိခဲ့ပြီး ဒေသခံရာ ပေါင်းများစွာ မှာနေအိမ်များကို စွန့်ခွာခဲ့ရသည်။ လက်ရှိတွင် အာဏာပိုင်အဖွဲ့သည် မီးသတ်တပ်ဖွဲ့ဝင်၂၅၀ ဦးခန့်ဖြင့် တောမီးများ ငြှိမ်းသတ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။
Ref: Iv, TG
MWD Web Portal