ရုရှား အရှေ့ဖျားဒေသတွင် အင်အားအလွန်ပြင်းထန်သော ငလျင် လှုပ်ခတ်မှုကြောင့် ဆူနာမီသတိပေးချက်များ ထုတ်ပြန်
ရုရှား၏ Kamchatka ကျွန်းဆွယ်ကမ်းရိုးတန်းအနီး အင်အားပြင်း ငလျင် လှုပ်ခတ်မှုကြောင့် ရုရှားအရှေ့ဖျားဒေသ ကမ်းရိုးတန်း တစ်လျှောက် အတွက် ဆူနာမီသတိပေးချက်ထုတ်ပြန်ခဲ့ပြီး ဂျပန်၊ အလာစကာနှင့် ဟာဝိုင်အီဒေသများတွင်လည်း အန္တရာယ်ရှိသော လှိုင်းကြီးများ ရိုက်ခတ် နိုင်ကြောင်း သတိပေးထားသည်။
ရုရှားသိပ္ပံအကယ်ဒမီ၏ ဘူမိရူပဗေဒဆိုင်ရာဝန်ဆောင်မှုအဖွဲ့ (Geophysical Service of the Russian Academy of Sciences) က ဒေသစံတော်ချိန် ဗုဒ္ဓဟူးနေ့ နံနက် ၁၁:၃၀ ခန့်တွင် Petropavlovsk-Kamchatsky မြို့၏ အရှေ့တောင်ဘက် ၁၃၆ ကီလိုမီတာအကွာကို ဗဟိုပြု၍ အင်အား ၇.၅ ရှိငလျင်လှုပ်ခတ်ခဲ့သည်ဟု ကနဦးထုတ်ပြန်ခဲ့ပြီး နောက်ပိုင်းတွင် အမေရိကန်ဘူမိဗေဒစစ်တမ်းကောက်ယူရေးအဖွဲ့ (USGS) မှ အင်အား ၈.၇ ရှိကြောင်းထုတ်ပြန်ခဲ့သည်။
ရုရှားအရေးပေါ်ဌာနက Avacha Bay ကမ်းရိုးတန်းတစ်လျှောက် ဆူနာမီ အတွက် အရေးပေါ်သတိပေးချက်ထုတ်ပြန်ခဲ့ပြီး Kamchatka ကျွန်းဆွယ် ကမ်းခြေတစ်လျှောက် အန္တရာယ်ရှိသောလှိုင်းကြီးများ ဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးခဲ့သည်။
Emergency Situations ဝန်ကြီးဌာန၏ Kamchatka ရုံးခွဲက "Aleutsky ခရိုင်တွင် ၃၂ စင်တီမီတာအထိ၊ Ust-Kamchatsky တွင် ၂၀ စင်တီမီတာ အထိ၊ Petropavlovsk-Kamchatsky ခရိုင်တွင် ၆ စင်တီမီတာအထိ ဆူနာမီလှိုင်းများ ရိုက်ခတ်နိုင်သည်" ဟု ပြောကြားခဲ့သည်။ လှိုင်းအမြင့် မှာ မကြီးမားသော်လည်း ကမ်းခြေမှ ဝေးရာသို့ ရွှေ့ပြောင်းရန် လိုအပ်ပြီး ဆူနာမီကို ကြည့်ရှုရန် ကမ်းစပ်သို့ မချဉ်းကပ်ကြရန် အန္တရာယ် သတိပေးချက် ထုတ်ပြန်ထားသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂