မြေပြင်မှနေ၍ အာကာသထဲအထိပစ်ခတ်နိုင်မယ့် လျှပ်စစ်သံလိုက်လှိုင်းလက်နက်
လျှပ်စစ်သံလိုက်လှိုင်းဆိုတာ လက်ရှိကမ္ဘာ ကြီးမှာ သိပ်ကိုအသုံးတည့်တဲ့အရာတစ်ခု ဖြစ်လာပါတယ်။ ဒီလိုအသုံးတည့်တဲ့ အရာကိုပဲ လက်နက်တစ်ခုအဖြစ် တီထွင်လိုက်တဲ့အခါ သူ့ရဲ့အသုံးဝင်မှုက သိပ်ကိုကြီးမားသွားပါပြီ။ ဒီလိုအသုံးဝင်လှတဲ့ လျှပ်စစ်သံလိုက်လှိုင်းသုံး လက်နက်ကို တီထွင်ထားတဲ့ နိုင်ငံတွေ တော်တော်များများ ရှိပါတယ်။ ဒါပေမဲ့ စွမ်းအင်ပမာဏ ၁၀ ဂစ်ဂါဝပ်အထိ ထုတ်လွှတ်ပေးနိုင်တဲ့ လက်နက်အမျိုးအစားကို ဒီနေ့အချိန်အထိ မြင်တွေ့ခဲ့ခြင်းမရှိပါဘူး။ ဒါပေမဲ့ အခု တော့ တရုတ်နိုင်ငံမှ သိပ္ပံပညာရှင်များရဲ့ ကြိုးစားမှု၊ စွမ်းဆောင်ရည်ပြည့်ဝမှုတို့ကြောင့် စွမ်းအင်ပမာဏ ၁၀ ဂစ်ဂါဝပ်အထိထုတ်လွှတ်ပေးနိုင်မယ့် လျှပ်စစ် သံလိုက်လှိုင်းသုံးလက်နက်ကို မြင်တွေ့လိုက်ရပါပြီ။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နဲ့ ဆက်စပ်နေတဲ့သိပ္ပံပညာရှင်များက အနည်းငယ်မျှသော လျှပ်စစ်သံလိုက်စွမ်းအား ဖြစ်စဉ်အပေါ် အခြေခံပြီး အလုပ်လုပ်တဲ့ လျှပ်စစ်သံလိုက်လှိုင်းသုံးလက်နက်တစ်မျိုးကို ထုတ်ဖော်ပြသလိုက်ပါပြီ။ ဒီလက်နက်က စွမ်းအင်ပမာဏ ၁၀ ဂစ်ဂါဝပ်အထိရှိတဲ့ လျှပ်စစ်လှိုင်းတန်းများကို အကြိမ်ကြိမ် ထုတ်လွှတ်ပေးနိုင်စွမ်းရှိတယ်လို့ သိပ္ပံပညာရှင်များက ဆိုထားပါတယ်။
ဒီလောက်အထိများပြားလှတဲ့ လျှပ်စစ်စွမ်းအင်ပမာဏက မောင်းသူမဲ့လေယာဉ်တွေ၊ တခြားပစ်မှတ်တွေကို သာမက ဂြိုဟ်တုတွေကိုပါ ပစ်ချနိုင်စွမ်းရှိတာ ဖြစ်ပါတယ်။
SCMP သတင်းဌာနရဲ့ဖော်ပြချက်မှာ ဘာတွေ့ရလဲဆိုရင် စွမ်းအားမြင့်မားလှတဲ့ လျှပ်စစ်လှိုင်းတန်း များက ဆိုလာပြားတွေကို အသက်မဲ့အောင် လုပ်နိုင်တယ်။ ကွန်ပျူတာစနစ်ကို ဖျက်ဆီးနိုင်တယ်။ ဆက်သွယ်ရေးလမ်းကြောင်းတွေကို ပျက်စီးစေတယ်။ ပြီးရင် ပတ်လမ်းအနိမ့်မှာပျံသန်းနေတဲ့ ဂြိုဟ်တုတွေနဲ့ အာကာသယာဉ်တွေကို လွယ်လင့်တကူပစ်ချနိုင်စေ တယ်လို့ဖော်ပြထားတာတွေ့ရပါတယ်။ ဒါ့အပြင် ဒီလိုမျိုးတိုက်ခိုက်မှုတွေလုပ်နိုင်သလို တစ်ဖက်မှာကျတော့လည်း တိုက်ခိုက်မှုလုပ်နေတဲ့ သူ့ရဲ့တည်နေရာကို ရန်သူကမသိရှိနိုင်ဘူးလို့ဆိုပါတယ်။ ဒါဟာ သိပ်ကိုအန္တရာယ်များတဲ့ အချက်တစ်ချက်ပါ။ ဒါတင်မက သေးပါဘူး။ လူသားတွေအတွက် သိပ်ကိုဝေးကွာလှ ပါတယ်ဆိုတဲ့ ကမ္ဘာပတ်လမ်း အမြင့်ရှိပစ်မှတ်တွေ ကိုပါပစ်ခတ်နိုင်တဲ့အထိ အဆင့်မြှင့်တင်မှုတွေလုပ် နိုင်မှာ ဖြစ်တယ်လို့ ပညာရှင်များက ပြောထားပါသေးတယ်။
နောက်ထပ်သာလွန်တဲ့ သူ့ရဲ့စွမ်းဆောင်ရည်တစ်ခုက စွမ်းအင်ပမာဏ ၁၀ ဂစ်ဂါဝပ်ရှိတဲ့ လှိုင်းနှုန်း တစ်ခုပြီးတစ်ခုထုတ်လွှတ်မှုဟာ သုည ဒသမ ၇၇ နာနိုစက္ကန့်ပဲကြာတာကြောင့် ကျူးကျော်ဝင်ရောက် လာတဲ့အရာမှန်သမျှ သူ့လက်ကနေလွတ်သွားနိုင်မှု မရှိခြင်းဘဲဖြစ်ပါတယ်။
Ref: IE
ကိုထက်
MWD Web Portal