ဘက်ထရီအဟောင်းများမှသည် စွမ်းအင်စနစ်အသစ်ဆီသို့

News Image

  • ဘက်ထရီအဟောင်းများမှသည် စွမ်းအင်စနစ်အသစ်ဆီသို့

ကျွန်တော်တို့အနေနဲ့ ဘက်ထရီတွေကို သုံးပြီးလို့    အားကုန်သွားပြီဆိုရင် လုပ်တတ်တဲ့အရာတစ်ခုက လွှင့်ပစ်လိုက်တာပါပဲ။ တကယ်တော့ အဲဒီလိုမျိုးလွှင့်ပစ်ခြင်းက စွမ်းအင်အရင်းအမြစ်တစ်ခုကို အလဟဿဖြစ်သွားစေနိုင်သလို သဘာဝပတ်ဝန်းကျင်ကိုလည်း ညစ်ညမ်းမှုတွေ ဖြစ်စေနိုင်ပါတယ်။  ဒါဆိုရင် ကျွန်တော်တို့အနေနဲ့ အဲဒီဘက်ထရီတွေကို ဘယ်လိုပြန်သုံးလို့ ရနိုင်မလဲဆိုတာ နည်းလမ်းရှာရပါမယ်။ အဓိကကတော့  စွမ်းအင်အရင်းအမြစ်တစ်ခုကို အကြောင်းမဲ့အဆုံးရှုံးမခံနိုင်သလို ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုလည်း မဖြစ်ပေါ်စေလိုတဲ့အတွက် ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ နယူးဂျာဆီပြည်နယ်အခြေစိုက် Princeton NuEnergy ဆိုတဲ့ကုမ္ပဏီက တောင်ကာရိုလိုင်းနားပြည်နယ် ချက်စတာမြို့မှာ ဘက်ထရီကို ပြန်လည်အသုံးပြုနိုင်တဲ့စက်ရုံတစ်လုံးကို ဖွင့်လှစ် လိုက်ပါတယ်။ အဲဒီစက်ရုံက ဘက်ထရီအတွက် လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းများကို အမြောက်အမြား ထုတ်လုပ်ပေးမယ့် အမေရိကန်ရဲ့ ပထမဆုံးသောစက်ရုံကြီး ဖြစ်ပါတယ်။ ဒီလိုမျိုး ဘက်ထရီအတွက် ကုန်ကြမ်းပစ္စည်းတွေထုတ်လုပ်ဖို့ သူတို့အသုံးပြုတဲ့ ကုန်ကြမ်းပစ္စည်းများက ဘက်ထရီအဟောင်းများ ဖြစ်ပါတယ်။ အဲဒီဘက်ထရီအဟောင်းတွေကနေ ဘက်ထရီအတွက် လိုအပ်တဲ့ကုန်ကြမ်းပစ္စည်း ၉၇ ရာခိုင်နှုန်းကို ပြန်လည်ထုတ်လုပ်နိုင်နေတာ ဖြစ်ပါတယ်။

“အမေရိကန်ပြည်ထောင်စုရဲ့မူဝါဒက ပိုမိုစိတ်ချရမှုရှိတဲ့ ပြည်တွင်းစွမ်းအင်ပစ္စည်းထုတ်လုပ်ရောင်းချမှုကွင်းဆက်ကို ဖန်တီးဖို့အတွက် အဓိကဦးတည် ထားပါတယ်။ ဒီလိုမျိုးဦးတည်ချက်အတိုင်း လျှောက်လှမ်းတဲ့နေရာမှာ Princeton NuEnergy ကုမ္ပဏီက အကောင်းဆုံးသောနည်းပညာနဲ့ ကုန်ထုတ်လုပ်မှု လုပ်ငန်းစဉ်များမှာ ရှေ့ပြေးကုမ္ပဏီတစ်ခုဖြစ်လာနေပါပြီ” လို့ ကုမ္ပဏီတည်ထောင်သူနဲ့အမှုဆောင် အရာရှိချုပ် ဒေါက်တာချောင်ယန်းကပြောပါတယ်။

အခုလိုမျိုး  ဘက်ထရီအဟောင်းတွေကနေ ဘက်ထရီအသစ်တွေအတွက် လိုအပ်တဲ့ ကုန်ကြမ်း ပစ္စည်းများ ထုတ်လုပ်ရာမှာ ဘေးကင်းလုံခြုံမှုက သိပ်ကိုအရေးကြီးပါတယ်။ အခန့်မသင့်ရင် ပေါက်ကွဲမှုတွေအထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် တင်းကျပ်တဲ့စည်းမျဉ်းစည်းကမ်းများကို အမေရိကန်အစိုးရက ချမှတ်ထားပါတယ်။ Princeton NuEnergy ကုမ္ပဏီက အဲဒီလိုမျိုးတင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို အပြည့်အဝလိုက်နာပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ ဘက်ထရီကုန်ကြမ်း ပစ္စည်းများကို ထုတ်လုပ်ပေး နေတာပါ။

Princeton NuEnergy ကုမ္ပဏီကနေထုတ်လုပ်ပေးနေတဲ့ ကုန်ကြမ်းပစ္စည်းများအနက် တချို့ထဲမှာ လျှပ်စစ်အမခေါင်းများနဲ့ အဖိုခေါင်းများက အဓိက နေရာကနေ ပါဝင်နေပါတယ်။ အဲဒီလျှပ်ခေါင်းတွေကို ဘက်ထရီထုတ်လုပ်မှုမှာ တစ်ခါတည်းတန်းသုံးနိုင်ပါတယ်။ ဒီအတွက်သူတို့က အပူချိန်နိမ့်ပြီး ပလာစမာအထောက်အပံ့ရှိတဲ့ ခွဲခြားမှုလုပ်ငန်းစဉ်ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်ကြောင့် လျှပ်ခေါင်းတွေ ထုတ်လုပ်ရာမှာ ကုန်ကျစရိတ်ကို ၃၈ ရာခိုင်နှုန်းကျဆင်းစေပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကိုလည်း သမားရိုးကျနည်းလမ်းထက် ၆၉ ရာခိုင်နှုန်း လျှော့ချနိုင်တယ်လို့လည်းဆိုပါတယ်။  ဒါကြောင့် ဒီနည်းလမ်းဟာ လီအိုင်းယွန်းဘက်ထရီတွေကို ပြန်လည်အသုံးပြုခြင်းနဲ့ ကုန်ကြမ်းပစ္စည်း ထုတ်လုပ်ရေးမှာ ပိုမိုသန့်ရှင်းမှုရှိသော၊ ပိုမိုမြန်ဆန်မှုရှိသော၊ ပိုမိုစိတ်ချရမှုရှိသော နည်းပညာတစ်ခုပဲ ဖြစ်ပါတယ်။

Ref: IE

ကိုထက်