နျူကလီးယားစက်ရုံအဟောင်းကိုအသုံးပြုပြီး ဆိုလာပြားအတွက် ပိုလီဆီလီကွန်များထုတ်လုပ်
ဆိုလာပြားလိုအပ်ချက်က တစ်နေ့တခြားမြင့်မားလာပါတယ်။ အထူးသဖြင့် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ကို ပိုမိုငတ်မွတ်လာတဲ့ ယနေ့ကမ္ဘာကြီးမှာ နေရောင်ခြည်စွမ်းအင်ကို အသုံးပြုပြီး လူတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားကို ထုတ်လုပ် အသုံးပြုလာခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ ဆိုလာပြား ထုတ်လုပ်မှု လုပ်ဖို့အတွက် မြေနေရာလိုအပ်ချက်က အတော်အသင့်သာ ရှိတာပါ။
ဒါပေမဲ့ မြေနေရာအသစ်များကိုဖော်ထုတ်ခြင်းထက် မြေနေရာအဟောင်းများကို ပြန်လည်အသုံးပြုမယ်ဆိုရင် အလဟဿမဖြစ်တော့ဘူးပေါ့။
အခု အမေရိကန်ပြည်ထောင်စုမှာ Highland Materials ဆိုတဲ့ ပိုလီဆီလီကွန်ထုတ်လုပ်မှုကုမ္ပဏီ အသစ်က အသုံးမပြုတော့ဘဲ စွန့်ပစ်ထားတဲ့ နေရာတစ်ခုကို ဆိုလာပြားထုတ်လုပ်ရေး စက်ရုံတစ်လုံး တည်ဆောက်ဖို့အတွက် လုပ်ဆောင်နေပါပြီ။ အဲဒီနေရာကတော့ ဟောကင်းခရိုင်မှာရှိတဲ့ ဖစ်ဘန်းနျူကလီးယား ဓာတ်အားပေးစက်ရုံပဲ ဖြစ်ပါတယ်။
ဒီနေရာမှာ ကုမ္ပဏီကဆိုလာပြားတွေအတွက်လိုအပ်တဲ့ ပိုလီဆီလီကွန်တွေကို အဓိကထုတ်လုပ်သွားမှာဖြစ်ပါတယ်။
အမေရိကန်စွမ်းအင်ဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရဆိုရင် Highland Materials ရဲ့စက်ရုံက တစ်နှစ်ကို ပိုလီဆီလီကွန်တန်ချိန် ၁၆၀၀၀ အထိထုတ်လုပ်နိုင်မှာဖြစ်ပြီး ဈေးနှုန်းကလည်း သတ်မှတ်ဈေးနှုန်းထက်ကိုနည်းပါးမှာ ဖြစ်တယ်လို့ သိရပါတယ်။ စက်ရုံလည်ပတ်ပြီး လေးနှစ်အတွင်းမှာ သူတို့ဆီကနေ ထုတ်လုပ်နိုင်တဲ့ ပိုလီဆီလီကွန်ပမာဏက တန်ချိန်ပေါင်း ၂၀၀၀၀ အထိ ရှိလာမှာပါ။ ဒီပမာဏဟာ လျှပ်စစ်ဓာတ်အား ၁၁ ဂစ်ဂါဝပ်အထိ ထုတ်လုပ်နိုင်မယ့်ဆိုလာပြားအရေအတွက်နဲ့ညီမျှပါတယ်။
Highland Materials ကထုတ်လုပ်မယ့် ပိုလီဆီလီကွန်တွေကို မျိုးဆက်သစ်စနစ်ဖြစ်ပြီး စွမ်းအင်သုံးစွဲမှုချွေတာနိုင်မယ့် ထုတ်လုပ်ရေးနည်းလမ်းအသုံးပြု ထုတ်လုပ်သွားမှာပါ။ အထူးသဖြင့် အလူမီနီယံ- ဆီလီကွန်သတ္တုစပ်သန့်စင်စနစ်နဲ့ ထုတ်လုပ်သွားမှာဖြစ်ပါတယ်။ ဒီစနစ်က မသန့်စင်ရသေးတဲ့ ဆီလီကွန်တွေကို သန့်စင်တဲ့အလူမီနီယံတွေနဲ့ ပေါင်းစပ်ကာ မီးအေးအေးနဲ့ အရည်ပျော်စေခြင်း ဖြစ်ပါတယ်။
ဒီနည်းလမ်းကို အသုံးပြုခြင်းကြောင့် စွမ်းအင်ကို အသုံးပြုမှုကလည်း ပိုလီဆီလီကွန်တစ်ကီလိုဂရမ်ကိုမှ လျှပ်စစ်ဓာတ်အား ၂၀ မှ ၄၀ ကီလိုဝပ်နာရီသာရှိမှာပါ။
ဒါဟာ သမားရိုးကျနည်းနဲ့ပိုလီဆီလီကွန်ထုတ်လုပ်မှုထက် ပိုမိုနည်းပါးပေမယ့် အရည်အသွေးပိုင်းမှာတော့ ထိပ်တန်းအဆင့်ကို ရရှိစေမှာ ဖြစ်တဲ့အပြင် ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုလည်း ကောင်းစွာ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
Ref: IE
ကိုထက်
MWD