Apple က iPhone 17 အား စက်တင်ဘာ ၉ ရက်တွင် မိတ်ဆက်မည်ဟု သတင်းများထွက်ပေါ်

News Image

  • Apple က iPhone 17 အား စက်တင်ဘာ ၉ ရက်တွင် မိတ်ဆက်မည်ဟု သတင်းများထွက်ပေါ်

ဂျာမနီနိုင်ငံမှ iPhone Ticker ဝက်ဘ်ဆိုက်၏ ထုတ်ပြန်ချက်အရ Apple ကုမ္ပဏီသည် iPhone 17 မော်ဒယ်အသစ်နှင့် အထူးပါးလွှာသော "Air" ဗားရှင်းကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၉ ရက်နေ့တွင် တရားဝင် မိတ်ဆက် သွားမည်ဟု သိရသည်။ ဂျာမနီနိုင်ငံရှိ အချို့သော မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုပေးသူများအား ယခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် iPhone အသစ်မိတ်ဆက်ပွဲ ပြုလုပ်မည့်အကြောင်း အသိပေးထားပြီး ဖြစ်ကြောင်း ဆိုသည်။

ထို့အပြင် Apple Insider ၏ ဖော်ပြချက်အရ Apple သည် စက်တင်ဘာ ၁၁ ရက်နေ့ (အမေရိကန်နိုင်ငံတွင် ၂၀၀၁ ခုနှစ်က ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုကြီးအား အောက်မေ့သောနေ့) တွင် မည်သည့် ပွဲတော်ကိုမျှ ကျင်းပခြင်းမပြုရန် ရှောင်ကြဉ်မည်ဖြစ်ရာ iPhone 17 အား စက်တင်ဘာ ၉ ရက်နေ့တွင် ကြေညာမိတ်ဆက်ပြီး စက်တင်ဘာ ၁၀ ရက်မှစတင်၍ အကြိုမှာယူမှုများ လက်ခံကာ စက်တင်ဘာ ၂၀ ရက်နေ့ တွင် ဝယ်ယူသူများထံသို့ စတင်ပို့ဆောင်ပေးနိုင်ရန် စီစဉ်ထားကြောင်း သိရှိရသည်။

TF Securities ၏ နာမည်ကြီး အဆင့်မြင့်နည်းပညာ ဆန်းစစ်သူ Ming-Chi Kuo ၏ အဆိုအရ ၂၀၂၅ ခုနှစ်သည် အက်ပဲလ်မှ iPhone 17 မော်ဒယ်အားလုံးဖြစ်သည့် iPhone 17, 17 Pro, 17 Pro Max နှင့် အထူး ပါးလွှာသော 17 Air ကို တစ်ပြိုင်နက် မိတ်ဆက်သည့် နောက်ဆုံးနှစ် ဖြစ်လာနိုင်သည်။ ၂၀၂၆ ခုနှစ်မှစ၍ ကုမ္ပဏီသည် iPhone မော်ဒယ် များကို နှစ်ကြိမ်ခွဲ၍ ထုတ်လုပ်သွားမည်ဖြစ်ပြီး ၂၀၂၆  စက်တင်ဘာ တွင် iPhone 18 Pro, 18 Pro Max နှင့် 18 Air မော်ဒယ်များ မိတ်ဆက်ကာ ၂၀၂၇ ခုနှစ် အစောပိုင်းတွင်  iPhone 18 နှင့် iPhone 18e (စျေးနှုန်း ချိုသာသော မော်ဒယ်) တို့ကို ထုတ်လုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

ထိုနည်းတူ ၂၀၂၇ ခုနှစ် ဆောင်းဦးရာသီတွင် Apple သည် iPhone 19 Pro, 19 Pro Max, 19 Air နှင့် ခေါက်နိုင်သော iPhone Fold ကို မိတ်ဆက် မည်ဖြစ်ပြီး iPhone 19 ကိုမူ ၂၀၂၈ ခုနှစ် အစောပိုင်းတွင် စတင် ရောင်းချ မည်ဟု မျှော်မှန်းထားသည်။

အချို့သော အရင်းအမြစ်များအရ iPhone 17 Pro နှင့် 17 Pro Max မော်ဒယ်များသည် ဒီဇိုင်းအသစ်တစ်ခုသို့ ပြောင်းလဲသွားမည် ဖြစ်သည် ဟု ဆိုသည်။ ကိုယ်ထည်အား အလူမီနီယမ်ဖြင့် ပြန်လည်အသုံးပြုမည် (ယခင်က stainless steel ဖြင့် ပြုလုပ်ခဲ့သည်) ဖြစ်ပြီး ကင်မရာ အစုအဝေး အား Google Pixel 9 Pro ၏ ဒီဇိုင်းနှင့် ဆင်တူသည့် စတုဂံပုံစံ အကျယ် သို့ ပြောင်းလဲသွားမည်ဖြစ်ကြောင်းနှင့် အခြားစွမ်းဆောင်ရည်အသစ်များ ပါဝင်မည်ဟု ဆိုသည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂