ကိုလံဘီယာတွင် ငြိမ်းချမ်းရေးဆွေးနွေးမှု မအောင်မြင် လူ ၈၀ ကျော်သေဆုံး
ကိုလံဘီယာအစိုးရနှင့် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (Rebel National Liberation Army/ ELN) သူပုန်တပ်တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးရန် အစိုးရ၏ကြိုးပမ်းမှုမအောင်မြင်ဘဲ ပြီးခဲ့သည့် သီတင်းပတ်ကုန်က နိုင်ငံအရှေ့မြောက်ပိုင်းတွင် အနည်းဆုံး လူ ၈၀ ကျော်သေဆုံးသွားကြောင်း ကိုလံဘီယာအရာရှိတစ်ဦး က ပြောကြားလိုက်ပါသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၉ ရက် (တနင်္ဂနွေနေ့)က ကိုလံဘီယာစစ်တပ်က ပြည်သူများဘေးလွတ်ရာသို့ ရွှေ့ပြောင်းရေးလုပ်ဆောင်နေစဉ် ELN သူပုန်တပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် လူ ၂၀ ဒဏ်ရာရရှိသွားကြောင်း အသတ်ဖြတ်ခံရမှု အများအပြားဖြစ်ပွားနေသည့် ဆန်တန်တာမြောက်ပိုင်း အုပ်ချုပ်ရေးမှူး William Villamizar က ပြောကြားထားပါသည်။
သေဆုံးသူများထဲတွင် ရပ်ရွာခေါင်းဆောင် Carmelo Guerreroနှင့် ငြိမ်းချမ်းရေးသဘောတူစာချုပ်လက်မှတ်ရေးထိုးရန် ကြိုးပမ်းနေသူ ၇ ဦးတို့ ပါဝင်ကြောင်း ဇန်နဝါရီ ၁၈ ရက်(စနေနေ့)တွင် ထုတ်ပြန်သော အစိုးရ စုံစမ်းရေးအေဂျင်စီတစ်ခု၏ အစီရင်ခံစာအရ သိရပါသည်။
တိုက်ခိုက်မှုများမှာ ဗင်နီဇွဲလားနိုင်ငံနယ်စပ်နှင့်ထိစပ်နေသည့် ကိုလံဘီယာနိုင်ငံ အရှေ့မြောက်ပိုင်း ကာတာတမ်ဘိုဒေသရှိမြို့များတွင် ဖြစ်ပွားခဲ့ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ပါဝင်သူ ၃ ဦးကိုလည်း ပြန်ပေးဆွဲထားကြောင်း၊ ထောင်နှင့်ချီသော ပြည်သူများမှာ အနီးနားရှိတောတောင်များသို့ ထွက်ပြေးတိမ်းရှောင်နေကြရခြင်း သို့မဟုတ် အစိုးရကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံခွင့်ရရေး အကူအညီတောင်းခံထားခြင်းတို့ ရှိနေကြောင်း တာဝန်ရှိသူများက ပြောကြားထားသည်။
ကိုးကား-AL JAZEERA