အစ္စရေး စစ်သမီးလေးဦးကို ဟားမတ်စ်က ထပ်လွှတ်ပေး

News Image

  • အစ္စရေး စစ်သမီးလေးဦးကို ဟားမတ်စ်က ထပ်လွှတ်ပေး

ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမတ်စ်သည် အစ္စရေးအမျိုးသမီးစစ်သည် လေးဦးကို ဂါဇာရှိ နိုင်ငံတကာကြက်ခြေနီကော်မတီ(အိုင်စီအာစီ) သို့ စနေနေ့တွင် လွှဲပြောင်းပေးလိုက်ပြီး အပြန်အလှန်အားဖြင့် ပါလက်စတိုင်းအကျဉ်းသား ၂၀၀ ကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

ပါလက်စတိုင်းလူမျိုးများစွာနှင့် ဟားမတ်စ်လက်နက်ကိုင် ဒါဇင်များစွာ ဝိုင်းရံထားခဲ့သည့် ဓားစာခံလေးဦးကို ဂါဇာစီးတီးရှိ စင်မြင့်တစ်ခုပေါ် ပို့ဆောင်ပေးခဲ့သည်။ စင်မြင့်ထက်မှ သူတို့လေးဦးက ပြုံးပြကာ လက်ပြနှုတ်ဆက်ခဲ့ပြီးနောက် အိုင်စီအာစီယာဉ်ဆီသို့ ခေါ်ဆောင်သွားခဲ့ကာ ယင်းနောက် အစ္စရေးတပ်ဖွဲ့များထံ ပို့ဆောင်ပေးခဲ့သည်။

ဂါဇာတွင် စစ်သမီးလေးဦးကို လက်ခံရရှိခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။ ၁၅ လကြာလာပြီဖြစ်သော ဂါဇာစစ်ပွဲ အဆုံးသတ်ရေးရည်ရွယ်သည့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အရ ပါလက်စတိုင်းအကျဉ်းသား ၂၀၀ နှင့် သူတို့လေးဦးကို အလဲအလှယ်လုပ်ခဲ့ခြင်းဖြစ်သည်။

ဂါဇာအစွန်ပိုင်းရှိ စောင့်ကြည့်ရေးစခန်းတစ်ခုတွင် တာဝန်ကျခဲ့သော အဆိုပါ အမျိုးသမီးစစ်သည်လေးဦးသည် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က အစ္စရေးနယ်မြေအတွင်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင် ဟားမတ်စ်တို့၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရသည်။

Ref: ဘန်ကောက်ပို့စ်

Source: Popular Myanmar