ဂရင်းလန်းကျွန်းလုံခြုံရေးအတွက် ဒိန်းမတ်က ဒေါ်လာ ၂ ဒသမ ၀၅ ဘီလီယံအသုံးပြုမည်

News Image

  • ဂရင်းလန်းကျွန်းလုံခြုံရေးအတွက် ဒိန်းမတ်က ဒေါ်လာ ၂ ဒသမ ၀၅ ဘီလီယံအသုံးပြုမည်

ဒိန်းမတ်နိုင်ငံသည် ဂရင်းလန်းကျွန်းလုံခြုံရေးအတွက် ခရိုနာ ၁၄ ဒသမ ၆ ဘီလီယံ (ဒေါ်လာ ၂ ဒသမ ၀၅ ဘီလီယံ)  အသုံးပြုသွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ထရိုးအယ်လန်း ပေါဆင်က ပြောသည်။

ယခုအခါ အာတိတ်ဒေသနှင့် မြောက်အတ္တလန္တိတ်ဒေသတို့တွင် လုံခြုံရေးနှင့် ကာကွယ်ရေးအရ   စိန်ခေါ်မှုများထွက်ပေါ်လာခြင်းကြောင့် ဒိန်းမတ်နိုင်ငံအနေဖြင့် ဂရင်းလန်း၏လုံခြုံရေးကို တိုးမြှင့်ရန်စီစဉ်ခဲ့ရခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ပေါဆင်က ဇန်နဝါရီလ ၂၇ ရက်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခြင်းဖြစ်သည်။ ဒိန်းမတ်နိုင်ငံအနေဖြင့် ဂရင်းလန်းကျွန်းနှင့်စပ်လျဉ်း၍ စည်းလုံးညီညွတ်မှုကိုတိုးမြှင့်နိုင်ရန်အတွက် ပြင်သစ်၊ ဂျာမနီအပါအဝင်  နေတိုးအဖွဲ့ဝင်နိုင်ငံများနှင့် ယခုရက်သတ္တပတ်အတွင်း တွေ့ဆုံမည်ဟု ဒိန်းမတ်ဝန်ကြီးချုပ်  မက်ဖရက်ရစ်ဆင်က ပြောကြားပြီးနောက် ကာကွယ်ရေးဝန်ကြီး    ပေါဆင်၏ပြောဆိုချက်ထပ်မံထွက်ပေါ်လာခြင်းဖြစ်သည်။

ဒိန်းမတ်နိုင်ငံသည် အာတိတ်ဒေသနှင့်မြောက်အတ္တလန္တိတ်ဒေသရှိ နိုင်ငံ၏နယ်မြေပေါင်းစည်းရေးကို ကာကွယ်ရန်အတွက် ရေယာဉ်သစ်များ၊ ဒရုန်းများ၊ ထောက်လှမ်းရေးစွမ်းရည်ကို တိုးမြှင့်နိုင်မည့် ဂြိုဟ်တုဆက်သွယ်ရေးကိရိယာများကို ဝယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ဂရင်းလန်းသည်    ဒိန်းမတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်ပြီး ကနေဒါ၊ ရုရှားနှင့် ဥရောပဒေသတို့ကြားရှိ အရင်းအမြစ်ကြွယ်ဝသည့် ကမ္ဘာ့အကြီးဆုံး ကျွန်းတစ်ကျွန်းဖြစ်သည်။

Ref: Sputnik, DW

Source: Myawady Web Portal