အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဒုံးကျည် ကာကွယ်ရေးစနစ်နှင့် ပတ်သက်သည့်အမိန့်ကို ရုရှား အစိုးရ ဝေဖန်ပြစ်တင်
ရုရှားအစိုးရသည် ဒုံးကျည်ကာကွယ်ရေးစခန်းအသစ်တည်ဆောက်ရန် စီစဉ်နေသည်ဆိုသည့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏အမိန့်ကို ဝေဖန်ပြစ်တင်လိုက် ကြောင်း သိရပါသည်။
ရုရှားအစိုးရက အမေရိကန်အစိုးရသည် ကမ္ဘာလုံးဆိုင်ရာ နျူကလီးယားချိန်ခွင်လျှာကို မညီမျှအောင် လုပ်ဆောင်နေပြီး စစ်ရေးထိပ်တိုက်တွေ့ဆုံမှုများဖြစ်စေရန် ဖန်တီး နေခြင်းဖြစ်သည်ဟု ဆိုပါသည်။
အမေရိကန်သမ္မတက လွန်ခဲ့သည့်ရက်ပိုင်းတွင် ‘American Iron Dome' စနစ်အား ပိုမိုဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်မည့်အမိန့်ကို ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ အမေရိကန်ထုတ် ‘American Iron Dome' စနစ်သည် ပဲ့ထိန်းဒုံးကျည်များ၊ အသံထက်မြန်သော ဒုံးကျည်များ၊ ခရုဇ်ဒုံးကျည်များကို ဟန့်တားနိုင်မည့် အမေရိကန် နိုင်ငံ၏မျိုးဆက်သစ် ဒုံးကျည်ကာကွယ်ရေးစနစ်တစ်ခု ဖြစ်သည်။ အမေရိကန်အစိုးရက ခေတ်မမီတော့သည့် ဒုံးကျည်စနစ်အား ခေတ်မီစေရန်နှင့် ပိုမိုရှုပ်ထွေးလာသည့် ခြိမ်းခြောက်မှုများကို ကိုင်တွယ်ဖြေရှင်းရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဆိုပါသည်။
အမေရိကန်အစိုးရ၏လုပ်ရပ်သည် ရုရှား၊ တရုတ်နိုင်ငံတို့၏ နျူကလီးယား တားဆီးဟန့်တားရေးလုပ်ငန်းများကို ထိခိုက်ရန်ရည်ရွယ်ခြင်းဖြစ်သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး မာရီယာဆာခါရိုဗာက ပြောဆိုခဲ့သည်။ ရုရှားအနေဖြင့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့် ဦးဆောင်မည့် အမေရိကန်အစိုးရအသစ်၏မူဝါဒများကို ပထမဆုံးအကြိမ် လူသိရှင်ကြားဝေဖန်လိုက်ခြင်းလည်းဖြစ်သည်။ အမေရိကန်အစိုးရ၏လုပ်ရပ်သည် နျူကလီးယားထိန်းချုပ်ရေးဆွေးနွေးမှုကို အဟန့်အတားဖြစ်စေရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုပါသည်။
ဒေါ်နယ်ထရမ့်သည် အမေရိကန်သမ္မတအဖြစ် တာဝန်ယူ ပြီးနောက် ယူကရိန်းစစ်ပွဲ အပါအဝင် ကမ္ဘာလုံးဆိုင်ရာ ပြဿနာများကို ဆွေးနွေးရန် ရုရှားသမ္မတပူတင်နှင့်တွေ့ဆုံဆွေးနွေးရန် စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။
ကိုးကား-NP News