အမေရိကန်က မြောက်ကိုရီးယား၊ အီရန်တို့ထက် ပိုမို ခြိမ်းခြောက်နေကြောင်း ဒိန်းမတ်သားများကဆို
You Gov သုတေသန စစ်တမ်းကောက်ယူရေးအဖွဲ့မှ ဒိန်းမတ်နိုင်ငံသားများကို အမေရိကန်က ဒိန်းမတ်နိုင်ငံ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော ဂရင်းလန်းကျွန်းကို ဝယ်ယူရန်ကိစ္စနှင့်ပတ်သက်၍ စစ်တမ်းကောက်ယူရာတွင် ထက်ဝက်ကျော်ခန့်က အမေရိကန်၏ ခြိမ်းခြောက်မှုသည် ၎င်းတို့တိုင်းပြည်အတွက် မြောက်ကိုရီးယား၊ အီရန်တို့ထက် များစွာပိုနေကြောင်း တုန့်ပြန်ကြပါသည်။
ဇန်နဝါရီ ၃၁ ရက်နေ့ထုတ် ဂါဒီးယန်း သတင်းစာပါ YouGov စစ်တမ်းရလဒ်သည် ဒိန်းမတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေဖြစ်သည့် ဂရင်းလန်းကျွန်းကို အမေရိကန်၏အစိတ်အပိုင်းတစ်ခု ဖြစ်လာနိုင်ရန် ထူထောင်လိုသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏အဆိုပြုချက်နှင့်ပတ်သက်၍ ကိုပင်ဟေဂင်နှင့် ဝါရှင်တန်ကြားတွင် တင်းမာမှုများ တိုးလာနေချိန်တွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။
စစ်တမ်းကောက်ယူမှုအရ ဒိန်းမတ်လူမျိုး ၄၆ ရာခိုင်နှုန်း က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ပြောဆိုမှုသည်တရားမျှတမှုမရှိသော အလွန်ကြီးမားသော ခြိမ်းခြောက်မှု ဟု ထင်မြင်ယူဆကြပါသည်။
ဒိန်းမတ်သားများက ၎င်းတို့နိုင်ငံအပေါ် မြောက်ကိုရီးယား သို့မဟုတ် အီရန်တို့၏ ခြိမ်းခြောက်မှု နှင့်ပတ်သက်၍ ၄၄ % နှင့် ၄၀ % ထင်မြင်ချက်ပေးသည်။ ရုရှားသည် ဒိန်းမတ်လူထု၏ အကြောက်တရားစာရင်းတွင် ထိပ်ဆုံးမှ ဆက်လက်ရပ်တည်နေပြီး စစ်တမ်းကောက်ယူသူ ၈၆ ရာခိုင်နှုန်းက ၎င်းတို့နိုင်ငံအတွက် အန္တရာယ်ရှိသည်ဟု ထင်မြင်ချက်ပေးပါသည်။
အလားတူ စစ်တမ်း၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ဖြေဆိုသူ ၇၈% က ဂရင်းလန်းကျွန်းကို အမေရိကသို့ ရောင်းချခြင်းအား ဆန့်ကျင်မည်ဟု ပြောကြားခဲ့ပြီး အမေရိကန်ပြည်ထောင်စုအတွင်း သို့ဝင်ရောက်ခြင်း ဆိုင်ရာဆုံးဖြတ်ချက်ကို ကျွန်းတွင် နေထိုင်သူ ၅၇,၀၀၀ က ပြုလုပ်သင့်သည်ဟု အခိုင်အမာဆိုပါသည်။
ယခုသီတင်းပတ်အစောပိုင်းတွင် ဗာရီယန်မှ ပြုလုပ်သော နောက်ထပ်စစ်တမ်းတစ်ခုအရ ဂရင်းလန်းနိုင်ငံသားများ၏ ၆% သည် အမေရိကန်လူမျိုးများဖြစ်လိုကြောင်း သိရပါသည်။ ကျွန်းပေါ်ရှိ လူ ၅၇ ရာခိုင်နှုန်းသည် အမေရိကန်သို့ဝင်ရောက်ရန် ထောက်ခံထားသည်ဟု ဆိုထားသည့်အတွက်ကြောင့် Patriot Polling ၏ အစောပိုင်းလေ့လာမှုရလဒ်များနှင့် ဆန့်ကျင်ဘက်ဖြစ်နေကြောင်း တွေ့ရပါသည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို က ဇန်နဝါရီ ၃၀ ရက်နေ့အင်တာဗျူးတွင် ထရမ့်၏ ဆန္ဒသည် မဟာဗျူဟာမြောက် စီမံကိန်းတစ်ခုဖြစ်သည့်အတွက်ကြောင့် အမှန်တကယ်လုပ်ဖြစ်ရန်များသည်ဟုဆိုပါသည်။
ကိုးကား-Myanmar National Post