အမေရိကန်က အကောက်ခွန်နှုန်း ၂၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံပါက တရားစွဲဆိုသွားမည်ဟု ကနေဒါ ပြောကြား

News Image

  • အမေရိကန်က အကောက်ခွန်နှုန်း ၂၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံပါက တရားစွဲဆိုသွားမည်ဟု ကနေဒါ ပြောကြား

ကနေဒါမှ အမေရိကန်သို့ တင်သွင်းသည့်ကုန်ပစ္စည်းများကို အကောက်ခွန်နှုန်းထား ၂၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံခြင်းသည် တရားမဝင်သောကိစ္စရပ်ဖြစ်၍ နိုင်ငံတကာဥပဒေအဖွဲ့အစည်းမှတစ်ဆင့် ဥပဒေကြောင်းအရ တရားစွဲဆိုသွားမည်ဟု ကနေဒါအစိုးရ အဆင့်မြင့်အရာရှိကြီးတစ်ဦးက ဖေဖော်ဝါရီ ၂ ရက် (တနင်္ဂနွေနေ့) တွင်ပြောကြားလိုက်သည်။

ကနေဒါမှ အမေရိကန်သို့ တင်သွင်းသည့် ကုန်ပစ္စည်းများကို အကောက်ခွန်နှုန်းထား ၂၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံပါကအမေရိကန်မှ ကနေဒါသို့ တင်သွင်း လာသည့် ကုန်ပစ္စည်းများကိုလည်း ယင်းနှုန်းထားဖြင့် ပြန်လည်ကောက်ခံသွားမည်ဟု ကနေဒါ၀န်ကြီးချုပ် Justin Trudeau က ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ပြောကြားထားပါသည်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အကောက်ခွန် နှုန်းထားတိုးမြှင့်မှုသည် ဖေဖော်ဝါရီ ၄ ရက်တွင် စတင် အသက်ဝင်မည်ဖြစ်ပါသည်။ ထရမ့်၏ ကြေညာချက်ကိုတုံ့ပြန်သည့်အနေဖြင့် ကနေဒါအစိုးရသည် အမေရိကန် ကုန်ပစ္စည်းပေါင်း ၁,၂၅၆ မျိုး (စုစုပေါင်းတန်ဖိုး ကနေဒါ ဒေါ်လာ ၃၀ ဘီလီယံအထိ) အပေါ်တွင် အကောက်ခွန် နှုန်း ၂၅ % ပြန်လည်တိုးမြှင့်ကောက်ခံသွားမည် ဖြစ်ပါသည်။ 

သမ္မတ ထရမ့်၏ ကြေညာချက်သည် နှစ်နိုင်ငံအကြား ချုပ်ဆိုထားသော လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ်နှင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်ရေးကတိပြုမှုများကို ချိုးဖောက်သည့်အတွက် တရားစွဲဆိုသွားမည်ဖြစ်ပါကြောင်း ကနေဒါအစိုးရ အဆင့်မြင့်အရာရှိကြီးက ဆက်လက် ပြောကြားထားပါသည်။

ကိုးကား -Reuters