ထရမ့်နှင့် ပူတင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာ
သမ္မတ ဒေါ်နယ်ထရမ့်သည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တစ်နာရီခွဲ ခန့်ကြာမြင့်ပြီး အလွန်အကျိုးရှိသော ဖုန်းစကားပြောဆိုမှုအပြီး ရုရှား သမ္မတ ဗလာဒီမာပူတင်နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်မည် သွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး အမေရိကန်နှင့် ရုရှားတို့၏ ပူးပေါင်း ဆောင်ရွက်မှုများ ကို ရှေ့ဆက်တိုးမြှင့်သွားမည်ဟု ဖော်ပြခဲ့ပါသည်။
သမ္မတဒေါ်နယ်ထရမ့်၏ ထုတ်ပြန်ချက်တွင် “မိမိအနေဖြင့် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တစ်နာရီခွဲခန့် ကြာမြင့်ပြီး အလွန်အကျိုးရှိသော ဖုန်းစကားပြောဆိုမှု ပြုလုပ်ခဲ့ပါကြောင်း၊ မိမိတို့သည် ယူကရိန်း၊ အရှေ့ အလယ်ပိုင်းဒေသ၊ စွမ်းအင်နယ်ပယ်၊ ဉာဏ်ရည်တုနည်းပညာ (AI)၊ ဒေါ်လာ၏အစွမ်းသတ္တိနှင့် အခြားအကြောင်းအရာများကို ဆွေးနွေးခဲ့ကြ ပါကြောင်း၊ နှစ်နိုင်ငံစလုံး၏ ကြီးကျယ်သော သမိုင်းကြောင်းနှင့် ဒုတိယ ကမ္ဘာစစ်အတွင်း အတူတကွ အောင်မြင်စွာ တိုက်ခိုက်ခဲ့ကြသည့် အချက် ကိုပြန်လည်သုံးသပ်ခဲ့ကြပါကြောင်း၊ ဒုတိယကမ္ဘာစစ်အတွင်း ရုရှားသည် သန်းပေါင်းများစွာသော လူအသက်များဆုံးရှုံးခဲ့ရပြီး၊ မိမိတို့ကလည်း အလားတူဆုံးရှုံးမှုများ ရှိခဲ့သည်ကို သတိရမိပါကြောင်း” ပြောကြားခဲ့ ပါသည်။
“မိမိတို့သည် သက်ဆိုင်ရာနိုင်ငံများ၏အားသာချက်များနှင့် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်ရန် အလားအလာကောင်းများကို ဆွေးနွေးခဲ့ကြပါကြောင်း၊ သို့သော် ပထမဆုံးအနေဖြင့် ရုရှား- ယူကရိန်းစစ်ပွဲတွင် သန်းချီသေဆုံးနေမှုကို ရပ်တန့်ရန် သဘောတူညီခဲ့ကြပါကြောင်း၊ သမ္မတ ပူတင်သည် မိမိ၏ ရွေးကောက်ပွဲဆောင်ပုဒ် “COMMON SENSE” (အခြေခံကျသောအသိပညာ) ကို ကိုးကားပြောဆိုခဲ့ပြီး နှစ်ဦးစလုံးက ယင်းကို အလေးထားကြောင်း” ထပ်လောင်းဖော်ပြခဲ့ပါသည်။
“မိမိတို့သည် တစ်ဦး၏နိုင်ငံသို့ တစ်ဦးလာရောက်လည်ပတ်ခြင်း အပါအဝင် နီးကပ်စွာပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြပါကြောင်း၊ ယူကရိန်း သမ္မတ ဇီလန်စကီးထံ ဤဆွေးနွေးမှုအကြောင်း အသိပေးရန် သဘောတူညီခဲ့ကြပြီး၊ မိမိကိုယ်တိုင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း” ဖော်ပြထားပါသည်။
“နိုင်ငံခြားရေးဝန်ကြီး Marco Rubio၊ CIA ညွှန်ကြားရေးမှူး John Ratcliffe၊ အမျိုးသားလုံခြုံရေးအကြံပေး Michael Waltz နှင့် သံအမတ်ကြီးနှင့် အထူးသံတမန် Steve Witkoff တို့အား စေ့စပ်ညှိနှိုင်းမှုများကို ဦးဆောင်ရန် တာဝန်ပေးအပ်ခဲ့ပြီး၊ ယင်းသည် အောင်မြင်လိမ့်မည်ဟု မိမိယုံကြည်ပါကြောင်း” ဖော်ပြထားပါသည်။
“ဖုန်းစကားပြောဆိုမှုအတွက် အချိန်ပေးခြင်းနှင့် ဖေဖော်ဝါရီ ၁၁ ရက်နေ့ က အမေရိကန်နိုင်ငံသား မာ့ခ်ဖိုဂယ်အား လွှတ်ပေးခဲ့သည့်အတွက် ရုရှား သမ္မတဗလာဒီမာပူတင်အား ကျေးဇူးတင်ရှိပါကြောင်း၊ မကြာမီအချိန်တွင် အောင်မြင်သော ရလဒ်ရရှိမည်ဟု မျှော်လင့်ပါသည်” ဟု ၎င်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
ကိုးကား - NYT