ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ငြိမ်းချမ်းရေးသဘောတူညီချက်ကို ငြင်းပယ်ပါက ဒဏ်ခတ်အရေးယူမှုများနှင့် အမေရိကန်စစ်သားများကို ယူကရိန်းသို့ စေလွှတ်မည်ဟု အမေရိကန် ဒုသမ္မတ ဂျေဒီ ဗန့်စ် က ပြောကြား

News Image

  • ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ငြိမ်းချမ်းရေးသဘောတူညီချက်ကို ငြင်းပယ်ပါက ဒဏ်ခတ်အရေးယူမှုများနှင့် အမေရိကန်စစ်သားများကို ယူကရိန်းသို့ စေလွှတ်မည်ဟု အမေရိကန် ဒုသမ္မတ ဂျေဒီ ဗန့်စ် က ပြောကြား

ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် ယူကရိန်းငြိမ်းချမ်းရေး သဘော တူညီချက်ကို စိတ်ရင်းမှန်ဖြင့် ညှိနှိုင်းဆွေးနွေးရန် ပျက်ကွက်ပါက၊ ဝါရှင်တန်သည် မော်စကိုအပေါ် ပိုမိုတင်းကြပ်သော ဒဏ်ခတ်အရေးယူမှု များချမှတ်နိုင်ပြီး အမေရိကန်စစ်သားများကို ယူကရိန်းသို့ စေလွှတ်နိုင် ကြောင်း အမေရိကန်ဒုသမ္မတ J.D. Vance က ဖေဖော်ဝါရီ ၁၄ ရက် (သောကြာနေ့)တွင် ထုတ်ဝေသော Wall Street Journal နှင့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့ပါသည်။ 

“စီးပွားရေးဆိုင်ရာ ဖိအားပေးနည်းလမ်းများ ရှိသလို၊ စစ်ရေးဆိုင်ရာ ဖိအားပေးနည်းလမ်းများလည်း ရှိကြောင်း” အမေရိကန် ဒုသမ္မတ Vance က ပြောကြားခဲ့ပါသည်။ “ထိုအခြေအနေကနေ လူတော်တော် များများ ကို အံ့အားသင့်စေမည့် သဘောတူညီချက်တစ်ခု ထွက်ပေါ်လာမည်ဟု မိမိထင်ပါကြောင်း” ပြောကြားခဲ့ပါသည်။

ဖေဖော်ဝါရီ ၁၂ ရက်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပူတင်နှင့် အချိန်ကြာမြင့်သည့် ဖုန်းစကားပြောဆိုမှု ပြုလုပ်ခဲ့ကြောင်း ပြောကြား ခဲ့ပြီး၊ ယူကရိန်းစစ်ပွဲအတွက် စစ်ပြေငြိမ်းရေးညှိနှိုင်းမှုများ စတင်ရန် သဘောတူညီခဲ့ကြောင်း ၎င်း က ဖြည့်စွက်ပြောကြားခဲ့ပါသည်။ 

ထိုဖုန်းစကားပြောဆိုမှုနှင့်အတူ ယူကရိန်းသည် ဆုံးရှုံးသွားသော နယ်မြေအားလုံးကို ပြန်လည်ရယူနိုင်မည် မဟုတ်သလို၊ မည်သည့် ဖြစ်နိုင်ခြေရှိသော သဘောတူညီချက်တွင်မဆို NATO အဖွဲ့ဝင်အဖြစ် ရရှိမည်မဟုတ်ကြောင်း သမ္မတဒေါ်နယ်ထရမ့်၏ မှတ်ချက်များသည် ဥရောပအရာရှိများကို အံ့အားသင့်စေခဲ့ပြီး၊ ယူကရိန်း၏ အနာဂတ်နှင့် ပတ်သက်သည့် ဆွေးနွေးမှုများတွင် ယူကရိန်း ကို ဘေးဖယ်ထားခံရနိုင်သည် ဟူသော စိုးရိမ်မှုများကို မြင့်တက်စေခဲ့ပါသည်။ 

“သမ္မတက ထိုကိစ္စကို မျက်စိမှိတ်ပြီး လုပ်ဆောင်မည် မဟုတ်ပါကြောင်း” ဒုသမ္မတ Vance က WSJ ကို ပြောကြားခဲ့ပါသည်။ 

ဒုသမ္မတ Vance က ဝါရှင်တန်သည် ယူကရိန်း၏ အချုပ်အခြာ အာဏာ ကို အလေးထားကြောင်း အာမခံချက်ပေးခဲ့ပြီး၊ ရုရှားနှင့် ငြိမ်းချမ်းရေး သဘောတူညီချက်တွင် “မည်သည့်ပုံစံမဆို ဖြစ်နိုင်သည်” ဟု ဖြည့်စွက် ပြောကြားခဲ့ပါသည်။ ၎င်း၏ မှတ်ချက်များသည် အမေရိကန် ကာကွယ်ရေး ဝန်ကြီး Pete Hegseth ၏ ယခင်ကပြောကြားချက်များနှင့် ဆန့်ကျင်နေ ပါသည်။ ကာကွယ်ရေးဝန်ကြီးHegseth က ယူကရိန်းသို့ အမေရိကန် ငြိမ်းချမ်းရေးတပ်ဖွဲ့များ စေလွှတ်မည်မဟုတ်သလို၊ ယူကရိန်းအနေဖြင့် NATO အဖွဲ့ဝင်အဖြစ် သို့မဟုတ် ၂၀၁၄ ခုနှစ်မတိုင်မီ နယ်နိမိတ်များကို ပြန်လည်ရယူရန် ကြိုးပမ်းခြင်းသည် “လက်တွေ့မကျပါ” ဟု ပြောကြား ခဲ့ပါသည်။ ကာကွယ်ရေးဝန်ကြီး Hegseth သည် နောက်ပိုင်းတွင် ထိုမှတ်ချက်များကို ပြန်လည်ရုပ်သိမ်းခဲ့ပြီး၊ သမ္မတဒေါ်နယ်ထရမ့်သည် နောက်ဆုံးတွင် သီးသန့်လျှော့ပေးမှုများကို ဆုံးဖြတ်မည်ဖြစ်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့ပါသည်။ 

ဖေဖော်ဝါရီ ၁၄ ရက်နေ့နောက်ပိုင်းတွင် Vance ၏ မော်စကိုအပေါ် ဖြစ်နိုင်ခြေရှိသော ဒဏ်ခတ်အရေးယူမှုများနှင့် ယူကရိန်းတွင် အမေရိကန် စစ်သားများ စေလွှတ်မည့်အကြောင်း မှတ်ချက်များနှင့်ပတ်သက်၍ ရုရှား သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူအား မေးမြန်းခံရသောအခါ ကရင်မလင်၏ တုံ့ပြန်မှုမှာ အံ့အားသင့်ခဲ့ကြောင်းသိရှိရပါသည်။

“အဆိုပါကိစ္စနှင့်ပတ်သက်၍ ယခင်က ထုတ်ပြောခဲ့ခြင်းမရှိကြောင်း” ကရင်မလင်၏ ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က သတင်းထောက်များကို ပြောကြားခဲ့ပါသည်။ “နောက်ထပ်ရှင်းလင်းချက်များ ရရှိရန် မိမိတို့ အနေဖြင့် မျှော်လင့်နေပါကြောင်း” ပြောကြားခဲ့ပါသည်။

ယူကရိန်းစစ်ပွဲအတွက် အရေးပါသော အချိန်ကာလတွင်၊ သမ္မတထရမ့် အစိုးရအဖွဲ့၏ အနာဂတ်ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့်ပတ်သက်သည့် ပြောင်းလဲနေသော ထုတ်ပြန်ချက်များ ထွက်ပေါ်လာနေပါသည်။ 

ရုရှား၏ သုံးနှစ်နီးပါးကြာ ယူကရိန်းစစ်ပွဲသည် ဤအပတ်အတွင်း မြူးနစ်ညီလာခံတွင် အဓိကဆွေးနွေးမှုဖြစ်လာမည်ဟု မျှော်လင့်ရပြီး၊ ဇီလန်စကီးသည် အမေရိကန် ကာကွယ်ရေးဝန်ကြီး Hegseth၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio နှင့် ယူကရိန်းနှင့် ရုရှားဆိုင်ရာ အထူးကိုယ်စားလှယ် Keith Kellogg တို့နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရှိရပါသည်။

ကိုးကား - Moscow Times