ပူတင်သာ ဆန္ဒရှိလျှင် ယူကရိန်းတစ်နိုင်ငံလုံး သိမ်းသွားနိုင်ကြောင်း ထရမ့် သတိပေး
ရုရှားသမ္မတ ဗလာဒီမာပူတင်အနေဖြင့် ၎င်းဆန္ဒရှိလျှင် ယူကရိန်း တစ်နိုင်ငံလုံးကိုသိမ်းယူသွားနိုင်ကြောင်း ဒေါ်နယ်ထရမ့် က သတိပေး ပြောကြားပြီး ယူကရိန်းသမ္မတ ဗလာဒီမာဇီလန်စကီးတွင် အောက်ဖဲများ မရှိဘဲ ၎င်းနှင့်တွေ့ဆုံဆွေးနွေးရန်အလွန်အရေးမပါကြောင်းဆိုသည်။
“အောက်ဖဲမရှိသည့် စေ့စပ်ညှိနှိုင်းမှုကို မိမိအနေဖြင့် နှစ်အတော်ကြာအောင် စောင့်ကြည့်နေခဲ့ကြောင်း” Fox News ရေဒီယို၏ “The Brian Kilmeade Show” အစီအစဉ်အင်တာဗျူးတစ်ခုတွင် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကပြောကြားသည်။
အဆိုပါ အင်တာဗျူးအတွင်း စစ်ပွဲဖြစ်ပွားခြင်းအတွက် ရုရှားအပေါ် ပြစ်တင်ရှုတ်ချရန် အစီအစဉ်တင်ဆက်သူ ဘရိုင်ယန်ကေးလ်မိဒ်က ဖိအားပေး မေးမြန်းခဲ့ပြီးနောက် ထရမ့်က ယင်းသို့ပြောကြားခြင်း ဖြစ်သည်။
“တွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်ခဲ့သည်မှာ သုံးနှစ်ကြာမြင့်ခဲ့သော်လည်း အကျိုးမထူးသည့်အတွက် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ရန် ဇီလန်စကီးက အရေးပါသည်ဟု မိမိ မထင်မြင်ကြောင်း၊ ၎င်းက အပေး အယူလုပ်ဆောင်ရန် အရမ်းခက်ခဲကြောင်း၊ ထို့အတွက် ၎င်း၏နိုင်ငံ စုတ်ပြတ် သွားကြောင်း” ထရမ့် က ယူကရိန်းသမ္မတ ဇီလန်စကီးနှင့် ပတ်သက်၍ ဆက်လက်ပြောသည်။
ထို့နောက်ရုရှားသမ္မတ ပူတင်က၎င်းဆန္ဒရှိလျှင် ယူကရိန်း တစ်နိုင်ငံလုံး ကို သိမ်းယူနိုင်ခြင်းကြောင့် ဇီလန်စကီးအနေနှင့် လွန်ခဲ့သည့် သုံးနှစ် နီးပါးက ကျူးကျော်ခဲ့သည့်ရုရှားနှင့် သဘောတူညီချက်အတွက် လုပ်ဆောင် သင့်ကြောင်းလည်း ထရမ့်ကဆိုသည်။
ထို့ပြင် အဆိုပါအင်တာဗျူးအတွင်း ယူကရိန်းစစ်ပွဲအတွက် ရုရှားကို အပြစ်တင်ရမည့်မေးခွန်းများကို ထရမ့်က အကြိမ်ကြိမ် လျစ်လျူရှုခဲ့ပြီး နောက်ဆုံးတွင်မှ ရုရှားက တိုက်ခိုက်ခဲ့ကြောင်း ဝန်ခံခဲ့သော်လည်း ဘိုင်ဒင် အစိုးရနှင့် ဇီလန်စကီးတို့အပေါ် အပြစ်ပုံချခဲ့သည်။
၂၀၂၂ ခုနှစ်တွင် ရုရှား၏ ကျူးကျော်မှုကို တားဆီးနိုင်သည့် အပေးအယူ တစ်ရပ်ဖြစ်လာရန် သမ္မတဟောင်း ဂျိုးဘိုင်ဒင်နှင့်ဇီလန်စကီး တို့က လုံလောက်အောင် မလုပ်ဆောင်ခဲ့ကြောင်း ထရမ့်ကစွပ်စွဲ ပြောကြား သည်။
“ပူတင်နှင့် အေးအေးဆေးဆေးညှိနှိုင်းနိုင်သည်ကို ၎င်းတို့အနေဖြင့် သိရှိခြင်းမရှိကြကြောင်း၊ ပူတင်ကို ပိုကောင်းလာစေရန် သို့မဟုတ် ပိုဆိုး လာစေရန် ကြိုးစားနေခြင်း မဟုတ်သော်လည်း စစ်ပွဲကတော့ မည်သည့် အခါမျှ ဖြစ်မလာသင့်ကြောင်း” ၎င်းကဆိုသည်။
ထို့နောက် လာမည့်မေ ၉ ရက်တွင် မော်စကိုသို့ သွားရောက်မည်ဆိုသည့် သတင်းများကို ထရမ့်က ပယ်ချခဲ့ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်အား အာဏာရှင်ဟု ယူဆခြင်းရှိ၊မရှိနှင့် ဇီလန်စကီးအပေါ် ကင်ပွန်းတပ်ခြင်း နှင့်ပတ်သက်သည့်မေးခွန်းကိုလည်း ထပ်မံဖြေကြားခြင်းမရှိခဲ့ပေ။
ထို့ပြင် ယူကရိန်းစစ်ပွဲကို အဆုံးသတ်အရေးအတွက် အီမန်နျူယယ် မက်ခရွန် နှင့် ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာ တို့က မည်သည့်အရာ မျှမလုပ်ခဲ့ကြောင်းလည်းထရမ့်ပြစ်တင်ပြောကြားခဲ့သည်။
ပြင်သစ်သမ္မတ မက်ခရွန်က အမေရိကန်သမ္မတထရမ့် နှင့်လာမည့် ဖေဖော်ဝါရီ ၂၄ ရက်(တနင်္လာနေ့)တွင် တွေ့ဆုံမည်ဖြစ်ပြီး မရှေးမနှောင်း ပင် ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာနှင့်လည်း ဖေဖော်ဝါရီ ၂၇ ရက် (ကြာသပတေးနေ့) တွင်တွေဆုံကြမည်ဖြစ်ကြောင်း CNN သတင်းက ဖော်ပြသည်။
သတင်း-လင်းခေတ်
ကိုးကား-CNN