ရုရှားနိုင်ငံ၏ လုံခြုံရေးကောင်စီအတွင်းရေးမှူး ဆာဂေးရှိုးဂူ တရုတ် ပြည်သူ့သမ္မတနိုင်ငံသို့ ရောက်ရှိ

News Image

  • ရုရှားနိုင်ငံ၏ လုံခြုံရေးကောင်စီအတွင်းရေးမှူး ဆာဂေးရှိုးဂူ တရုတ် ပြည်သူ့သမ္မတနိုင်ငံသို့ ရောက်ရှိ

ရုရှားနိုင်ငံ၏ လုံခြုံရေးကောင်စီအတွင်းရေးမှူး ဆာဂေးရှိုးဂူသည် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံများသို့ လုပ်ငန်းခရီးစဉ်များ ပြီးဆုံးပြီးနောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရောက်ရှိခဲ့ပါသည်။

ရုရှားနိုင်ငံ၏ လုံခြုံရေးကောင်စီအတွင်းရေးမှူး ဆာဂေးရှိုးဂူသည် ဤခရီးစဉ်၏ ရည်ရွယ်ချက်ဖြစ်သည့် တရုတ်နိုင်ငံ၏ သမ္မတ ရှီကျင့်ဖျင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့နှင့် တွေ့ဆုံဆွေးနွေးရန်ဖြစ်ပါသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် တွေ့ဆုံပွဲအစတွင် ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူး က “မိမိသည် ရုရှားသမ္မတ ဗလာဒီမာပူတင်က ပေးအပ်သော တာဝန်အရ ဤခရီးစဉ် ကို လာရောက်ခြင်းဖြစ်ကြောင်း၊ သမ္မတပူတင်နှင့် ရှီကျင့်ဖျင်တို့ ဖေဖော်ဝါရီ ၂၄ ရက်နေ့က ဖုန်းစကားပြောဆိုမှုများ ပြီးနောက် ဤခရီးစဉ်ကို စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။ ထို့အပြင် အဆိုပါ တွေ့ဆုံပွဲ ကို ယခုလိုအမြန်ဆုံး စီစဉ်နိုင်ခြင်းသည် နှစ်နိုင်ငံကြား ဆက်ဆံရေး၏ အထူးသဘောသဘာဝကို ပြသသည်ဟု လုံခြုံရေးကောင်စီ အတွင်းရေးမှူး ဆာဂေးရှိုးဂူက ထည့်သွင်း ပြောကြားခဲ့ပါသည်။

လုံခြုံရေးကောင်စီအတွင်းရေးမှူး ဆာဂေးရှိုးဂူက ရုရှားနှင့် တရုတ်နိုင်ငံ တို့သည် နိုင်ငံတကာနှင့် ဒေသတွင်း ပြဿနာများတွင် တူညီသော ချဉ်းကပ်မှုများ ရှိကြောင်း၊ နှစ်နိုင်ငံသည် ကုလသမဂ္ဂ၊ လုံခြုံရေးကောင်စီ၊ G20၊ APEC စသည့် အဖွဲ့အစည်းများတွင် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် ယခင်နှစ်က ရုရှား၏ BRICS ဥက္ကဋ္ဌအဖြစ် ထမ်းဆောင်စဉ် တရုတ်နိုင်ငံက ပံ့ပိုးကူညီမှုအတွက် ကျေးဇူး တင်ကြောင်း၊ ရုရှားဘက်မှလည်း တရုတ်မိတ်ဖက်များအား ၎င်းတို့၏ လုပ်ငန်းများတွင် ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း လုံခြုံရေး ကောင်စီ အတွင်းရေးမှူး ဆာဂေးရှိုးဂူက ပြောကြားခဲ့ပါသည်။

အဆိုပါ ခရီးစဉ်သည် ရုရှားနှင့် တရုတ်နိုင်ငံတို့ကြား မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေး၏ အရေးပါမှုကို ထင်ဟပ်စေပြီး နိုင်ငံတကာ ပြည်သူ့အဆင့်တွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာလာစေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြနေပါသည်။

ကိုးကား - security council of Russia