ပင်တဂွန် တာဝန်ရှိသူများ ဖယ်ရှားခံရသည့်ကိစ္စအတွက် ကာကွယ်ရေး ဝန်ကြီးဟောင်း ငါးဦးက သမ္မတဒေါ်နယ်ထရမ့်ကို ဝေဖန်

News Image

  • ပင်တဂွန် တာဝန်ရှိသူများ ဖယ်ရှားခံရသည့်ကိစ္စအတွက် ကာကွယ်ရေး ဝန်ကြီးဟောင်း ငါးဦးက သမ္မတဒေါ်နယ်ထရမ့်ကို ဝေဖန်

သမ္မတဒေါ်နယ်ထရမ့်က အကြီးတန်း ပင်တဂွန်တာဝန်ရှိသူများကို မကြာသေးမီက ထုတ်ပယ်မှုသည် မဆင်မခြင်ထုတ်ပယ်မှု ဖြစ်သည်ဟု ပြစ်တင်ရှုတ်ချထားသော ပေးစာကို အမေရိကန် ကာကွယ်ရေးဝန်ကြီးဟောင်း ငါးဦးက ဖေဖော်ဝါရီ ၂၇ ရက်တွင် လွှတ်တော်အမတ်များထံ လိပ်မူ၍ ပေးပို့ခဲ့သည်။

ထရမ့်သည် ဖေဖော်ဝါရီလအတွင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန ကို အပြောင်းအလဲများ လုပ်ဆောင်ခဲ့ပြီး ထိပ်တန်းတာဝန်ရှိသူများကို ရာထူးမှဖယ်ရှားခြင်းနှင့် အရပ်သားဝန်ထမ်း ထောင်ပေါင်းများစွာကို ထုတ်ပယ်ခြင်းတို့ လုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် ပင်တဂွန်သည် နိုင်ငံရေးဆိုင်ရာ မီးမောင်းအောက်ကို ရောက်ရှိလာသည်။

ထရမ့်နှင့် ကာကွယ်ရေးဝန်ကြီး ပိဟက်ဆတ်တို့က စစ်တပ်ကို နိုင်ငံရေး ပုံစံဖြစ်စေရန် လုပ်ဆောင်နေကြသည်ဟု ဒီမိုကရက်များက စွပ်စွဲ ပြောကြားခဲ့ပြီး သမ္မတကို ပုဂ္ဂိုလ်ရေးအားဖြင့် သစ္စာခံသော လူများက ဦး ဆောင်စေရန် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု စွပ်စွဲထားကြသည်။

ရီပတ်ဘလီကင် အစိုးရများနှင့် ဒီမိုကရက်အစိုးရတို့၏ လက်ထက်တွင် တာဝန်ထမ်းဆောင်ခဲ့သော ကာကွယ်ရေးဝန်ကြီးဟောင်းများက ပေးစာ တွင် ပြစ်တင်ရှုတ်ချကြောင်း ဖော်ပြထားကြပြီး ရာထူးမှ ထုတ်ပယ်ခြင်း များက ၎င်းတို့ကို အလွန်အမင်း အထိတ်တလန့်ဖြစ်စေခဲ့သည်ဟု ဖော်ပြ ထားကြသည်။

“ယခုကဲ့သို့ အဆင်ခြင်မဲ့ လုပ်ရပ်များအတွက် ထရမ့်အနေဖြင့် တာဝန်ခံ ရန်နှင့် ကွန်ဂရက်၏ ဖွဲ့စည်းပုံဆိုင်ရာ ကြီးကြပ်ရေးတာဝန်များကို ပြည့်ဝစွာ ကျင့်သုံးစေရန်အတွက် မိမိတို့အနေဖြင့် အမေရိကန် ကွန်ဂရက်ကို တိုက်တွန်းရေးသားခြင်း ဖြစ်ပါသည်” ဟု ပေးစာ၌ ဖော်ပြထားသည်။

အဆိုပါ ပေးစာ၌ ဒီမိုကရက်တစ် သမ္မတ ဂျိုးဘိုင်ဒင်လက်ထက်တွင် ကာကွယ်ရေးဝန်ကြီးအဖြစ် မကြာသေးမီက ဆောင်ရွက်ခဲ့သော လွိုက်အော်စတင်၊ ဝီလျှံပယ်ရီ၊ ချက်ဟာဂယ်၊ လီယွန်ပါနက်တာ၊ ထရမ့်၏ ပထမသက်တမ်းတွင် ကာကွယ်ရေးဝန်ကြီးအဖြစ် ဆောင်ရွက် ခဲ့သော ဂျိမ်းမတ်တစ်တို့က လက်မှတ်ရေးထိုးထားကြသည်။

“ထရမ့်၏ ထုတ်ပယ်မှုများသည် စစ်တပ်ကို နိုင်ငံရေးသဘော သက်ဝင်အောင် လုပ်ရန်နှင့် သမ္မတ၏ လုပ်ပိုင်ခွင့်အာဏာမှာ ဥပဒေ ရေးရာ အတားအဆီးများကို ဖယ်ရှားရန် အစိုးရ၏ဆန္ဒနှင့်ပတ်သက်ပြီး ပြဿနာရှိသည့် မေးခွန်းများကို ပေါ်ပေါက်စေပါသည်” ဟု ကာကွယ်ရေး ဝန်ကြီးဟောင်း ငါးဦးက ရေးသားခဲ့သည်။

“သမ္မတထရမ့်၏လုပ်ရပ်များသည် ဆန္ဒအလျောက် စစ်ထဲဝင်လာသည့် တပ်ဖွဲ့ကို အားနည်းစေပြီး အမျိုးသားလုံခြုံရေးကို အားနည်းစေပါသည်” ဟု ကာကွယ်ရေးဝန်ကြီးဟောင်း ငါးဦးက ရေးသားထားသည်။

နိုင်ငံရေးဆိုင်ရာ တိုက်ပွဲ၏အထက်တွင် ရှိနေရေးသည် အမေရိကန် စစ်တပ်အတွက် အဓိက စည်းမျဉ်းစည်းကမ်းဖြစ်ပြီး စစ်သားတို့သည် စစ်တပ်၏ကြားနေမှုကို ထိန်းထားရန် နိုင်ငံရေးလှုပ်ရှားမှု ပုံစံတမျိုးမျိုး တွင် ပါဝင်ခြင်းကိုပင် တားမြစ်ထားသည်ဟု ဆိုသည်။

ထရမ့်အစိုးရအဖွဲ့ တာဝန်ရှိသူများက ရာထူးမှ ဖယ်ရှားခြင်းများနှင့် ပတ်သက်၍ ကာကွယ်ပြောဆိုခဲ့သည်။ ကာကွယ်ရေးဝန်ကြီး ဟက်ဆတ် က သမ္မတသည် ၎င်းအလိုရှိသော ခေါင်းဆောင်များကို ရိုးရှင်းစွာ ရွေး ချယ်ခြင်းဖြစ်သောကြောင့် ဤသို့လုပ်ဆောင်ခြင်းသည် မကြုံဖူးသည့် ကိစ္စမဟုတ်ဟု ပြောကြားခဲ့သည်။

အမေရိကန် စစ်ဦးစီးချုပ်များအဖွဲ့၏ ဥက္ကဋ္ဌအဖြစ် လေးနှစ်သက်တမ်း ထမ်းဆောင်ရာတွင် သက်တမ်းနှစ်နှစ် မပြည့်သေးသော ဗိုလ်ချုပ်ကြီး ချားလ်စီကျူဘရောင်း အပါအဝင် တာဝန်ရှိသူများ မကြာသေးမီက ဖယ်ရှား ခံရသည့်အခါ ယင်းသို့ဖယ်ရှားခြင်းနှင့်ပတ်သက်၍ လက်မခံနိုင်သော အပြုအမူတို့ လုပ်ဆောင်သည်ဟူသော စွပ်စွဲမှုများ ပါဝင်ခြင်းမရှိသည်ကို တွေ့ရသည်။

ကိုးကား Eleven News