ဗြိတိန်၊ ပြင်သစ် နှင့် ယူကရိန်းတို့က ငြိမ်းချမ်းရေးသဘောတူညီချက်ကို အမေရိကန်ကို တင်ပြသွားမည်

News Image

  • ဗြိတိန်၊ ပြင်သစ် နှင့် ယူကရိန်းတို့က ငြိမ်းချမ်းရေးသဘောတူညီချက်ကို အမေရိကန်ကို တင်ပြသွားမည်

ဗြိတိန်နှင့် ပြင်သစ်အစိုးရတို့သည် ရုရှားနှင့် ယူကရိန်းကြား ဖြစ်ပွားနေသည့် စစ်ပွဲအဆုံးသတ်ရန်အစီအစဉ်များအတွက် ယူကရိန်းနှင့်အတူ လက်တွဲ လုပ်ဆောင်နေကြောင်း ဗြိတန်ဝန်ကြီးချုပ် ကီယာစတာမာက ထုတ်ပြန် ပြောကြားခဲ့ပါသည်။ ထို့အပြင် ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန်အတွက် အတူတကွ လက်တွဲလုပ်ဆောင်ကြရန် ကမ္ဘာ့ခေါင်းဆောင်များကို ကီယာစတာမာက တိုက်တွန်းခဲ့ပြီး အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် ယူကရိန်းသမ္မတဇီလန်စကီးတို့ကြား ဖြစ်ပွားခဲ့သည့် အချေအတင် ပြောဆိုမှု ကဲ့သို့သော မြင်ကွင်းများကို မည်သူကမှ မမြင်ချင်ကြကြောင်း ပြောဆိုခဲ့ပါသည်။ ကီယာစတာမာက “မိမိတို့အားလုံး ပူးပေါင်း ဆောင်ရွက်နိုင်သည့်နည်းလမ်းကို ရှာဖွေရပါမည်။ အဘယ့်ကြောင့်ဆိုသော် ယူကရိန်း ပဋိပက္ခဖြစ်ပွားခြင်းသည် သုံးနှစ် ပြည့်ပြီဖြစ်ကြောင်း။ လက်ရှိအချိန်တွင် အပြီးသတ်ငြိမ်းချမ်းရေးကို ရရှိရန် လိုအပ်ကြောင်း၊ ဗြိတိန်နှင့် ပြင်သစ် တို့သည် ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအစီအစဉ်များအတွက် ယူကရိန်း နှင့်အတူ လက်တွဲလုပ်ဆောင်နေပါကြောင်း၊ အဆိုပါအစီအစဉ်ကိုအမေရိကန်နိုင်ငံနှင့်အတူ ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း” ပြောခဲ့ပါသည်။

ထို့အပြင် အနောက်အုပ်စုပြိုကွဲမှုအန္တရာယ်ကို ရှောင်ရှားနိုင်ရန် အလွန် အရေးကြီးသည်ဟု အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာမယ်လိုနီက ကီယာ စတာမာနှင့် တွေ့ဆုံချိန်အတွင်း ထုတ်ဖော်ပြောဆိုခဲ့ကြောင်းလည်း သိရပါသည်။

ကိုးကား-NP News