ယူကရိန်း၏ စစ်အင်အားကို ဖျက်သိမ်းရန်တောင်းဆိုမှုကို Scholz လက်မခံ
ဂျာမနီဝန်ကြီးချုပ် Olaf Scholzက ဥရောပလုံခြုံရေးသည် ယူကရိန်း တောင့်တင်းခိုင်မာမှုကိုအခြေပြု၍ စည်းလုံးညီညွတ်မှုဖြင့် တည်ဆောက်ကြရမည်ဟု ပြောကြားခဲ့ပြီး ယူကရိန်း၏ စစ်အင်အားဖျက်သိမ်းရမည် ဟူသော ရုရှား၏အဆိုပြုမှုကို ပယ်ချခဲ့သည်။ ဗြိတိန်ဝန်ကြီးချုပ် Keir Starmer က မော်စကိုကို တုန့်ပြန်ရန် ကိယက်ဗ်ကို ထောက်ခံ အားဖြည့်ပေးလိုသော နိုင်ငံများ၏ မဟာမိတ်အဖွဲ့သစ်တစ်ခု ဖွဲ့စည်းရန် အစီအစဉ်များကို ကြေညာပြီးနောက် Scholzက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
စတာမာက မတ်လ ၂ ရက်(တနင်္ဂနွေနေ့)က လန်ဒန်တွင် အရေးပေါ် အစည်းအဝေးကို လက်ခံကျင်းပခဲ့ပြီး ကိယက်ဗ်၏ အထောက်အပံ့ပေးသူအချို့တွင် အရင်းအမြစ်များ ကန့်သတ်ချက်ရှိသော်လည်း ဆောင်ရွက်နိုင်သူများသည် အရေးပေါ်လုပ်ဆောင်သင့်ကြောင်း ဝန်ခံခဲ့သည်။ အစည်းအဝေးအပြီးတွင် သတင်းထောက်များအား ပြောကြားရာတွင် Scholz က ဘာလင်သည် တပ်ဖွဲ့ဝင်များ စေလွှတ်ရေးနှင့်ပတ်သက်၍ အတည်မပြုနိုင်သော်လည်း ယူကရိန်းအတွက် ဘဏ္ဍာရေးနှင့် စစ်ရေးအထောက်အပံ့ကို ဆက်လက်ပေးအပ်မည်ဟု အလေးထား ပြောကြား ခဲ့သည်။
Kiel Institute ၏ အဆိုအရ ဂျာမနီသည် ယူကရိန်းအတွက် စစ်ရေးနှင့် အခြားအကူအညီများ ယူရိုဒေါ်လာ ၁၈ ဘီလီယံခန့် ပံ့ပိုးပေးခဲ့ကာ အမေရိကန်ပြီးလျှင် ဒုတိယထောက်ပံ့မှုအများဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။
ကိုးကား-RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂