ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ ဗလာဒီမာပူတင်နှင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ဝန်ကြီးချုပ်တို့ ပြီးခဲ့သည့် သီတင်းပတ်က ကရင်မလင်တွင် တွေ့ဆုံခဲ့မှုအား ရုရှားအစိုးရပိုင် ရုပ်သံလိုင်းမှ ထုတ်လွှင့်
လွန်ခဲ့သည့်ရာစုနှစ်ကုန်ပိုင်းအထိ “ဗမာနိုင်ငံ” ဟု ခေါ်ဝေါ်သော အရှေ့တောင်အာရှမှ နိုင်ငံတစ်ခုသည် ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်များ၊ အထူးသဖြင့် ယူကရိန်းအရေးကိစ္စများတွင် ရုရှားနိုင်ငံနှင့် တူညီသော ရပ်တည်ချက်များရှိပါကြောင်း၊ စီးပွားရေး ဆက်ဆံမှုများသည်လည်း အင်တိုက်အားတိုက် ဖွံ့ဖြိုးတိုးတက်လျက်ရှိပြီး စိုက်ပျိုးရေး၊ ခရီးသွား လုပ်ငန်းနှင့် စွမ်းအင်တို့သည် ဦးစားပေးလုပ်ငန်းဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအတွင်း စွမ်းအင်နည်း နျူကလီးယား ဓာတ်အားပေးစက်ရုံများ တည်ဆောက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ အကောက်ခွန်နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အားကစားဆိုင်ရာ နားလည်မှုစာချွန်လွှာများကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း၊ ထို့အပြင် ဖက်စစ်အောင်ပွဲနေ့ကို ဂုဏ်ပြု သောအားဖြင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် မော်စကိုမြို့၌ ကျင်းပ သည့် အခမ်းအနားတွင် ပါဝင်မည်ဖြစ်ပါကြောင်း ရုရှားအစိုးရပိုင် ရုပ်သံလိုင်း မှ ထုတ်လွှင့်ထားမှုအရ သိရှိရပါသည်။
“ယခုနှစ်တွင် ကျရောက်မည့် နှစ်နိုင်ငံကြား ချစ်ကြည်ရေး အခြေခံ ကြေညာစာတမ်း လက်မှတ်ရေးထိုးခြင်း ၂၅ နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုပါကြောင်း၊ ထို့အပြင် မိမိတို့ နိုင်ငံတွေကြားက ဆက်ဆံရေးသည် တည်ငြိမ်လျက်ရှိပါကြောင်း၊ ယခင်နှစ်အနေဖြင့် ကုန်သွယ်မှု ပမာဏ ၄၀ % တိုးလာသည်မှာ ကောင်းမွန်သည့် ညွှန်ပြချက်တစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံတကာ နယ်ပယ်ဖြစ်သည့် အာဆီယံနှင့် မိမိတို့နိုင်ငံ၏ ပူးပေါင်း ဆောင်ရွက်မှုကို စီစဉ်ပေးသည့်အတွက် ကျေးဇူးတင်ပါကြောင်း” သမ္မတ ဗလာဒီမာ ပူတင်က ပြောကြားခဲ့ကြောင်း အဆိုပါ ရုပ်သံသတင်းအရ သိရှိရပါသည်။
“နိုင်ငံတိုင်းသည် ကိုယ့်အချုပ်အခြာအာဏာ၊ ပြည်သူနှင့် အကျိုးစီးပွားကို ကာကွယ်ကြရမည်ဟု ယုံကြည်ပါကြောင်း၊ ရုရှားနိုင်ငံ၏ အခြေအနေကို နားလည်ပြီး မိမိတို့အနေဖြင့် Special Military Operation ကို အပြည့်အဝ ထောက်ခံပါကြောင်း၊ အောင်ပွဲသည် အဆွေတော်တို့အတွက် ဖြစ်မည်ဆိုသည်ကို ယုံကြည်ပါကြောင်း” ဟု ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း ရုပ်သံ သတင်းအရ သိရှိရပါသည်။
ကိုးကား- ရုရှားနိုင်ငံပိုင် ရုပ်သံသတင်း