ဝါးအလယ်ကျွန်း သဘာဝအခြေခံအပန်းဖြေစခန်းသို့ ခရီးသွားများ အပန်းဖြေလည်ပတ်လျက်ရှိ

News Image

  • ဝါးအလယ်ကျွန်း သဘာဝအခြေခံအပန်းဖြေစခန်းသို့ ခရီးသွားများ အပန်းဖြေလည်ပတ်လျက်ရှိ

ကော့သောင်းခရိုင်အတွင်းမှ ဝါးအလယ်ကျွန်းသဘာဝအခြေခံအပန်းဖြေစခန်းသည် ကုန်းနေရေနေသယံဇာတကြွယ်ဝပြီး သဘာဝအလှများစွာမပျက်စီးဘဲ တည်ရှိမှုကြောင့် ပြည်တွင်းခရီးသွားများသာမက ပြည်ပခရီးသွားများပါ လာရောက်အပန်းဖြေလေ့လာကြသည့်   ခရီးစဉ်ဒေသတစ်ခုဖြစ်သည်။         

လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်အတွင်း ဧရိယာ ၁၀၀ ဒသမ ၁၅ ဧကအကျယ်တွင် ဝါးအလယ်ကျွန်းအပန်းဖြေစခန်းကို ဖွင့်လှစ်ထားရှိပြီး  ရုက္ခ၊ ဇီဝနှင့် အဏ္ဏဝါဆိုင်ရာသဘာဝ ကုန်းနေ/ ရေနေ တောရိုင်းတိရစ္ဆာန်များ ရှင်သန်ကြွယ်ဝခြင်း၊ ဆလုံတိုင်းရင်းသားတို့၏  လူမှုဘဝကို အနီးကပ်လေ့လာနိုင်ခြင်းနှင့် သဘာဝအခြေခံခရီးသွားအရင်းအမြစ်များစွာ   တည်ရှိနေခြင်းတို့ကြောင့် ပြည်တွင်းပြည်ပခရီးသွားများ  စိတ်ဝင်တစား လာရောက်လည်ပတ်လျက်ရှိသည်။

“မနှစ်က ဝါးအလယ်ကျွန်းကို ခရီးသွားရာသီမှာ ခရီးသွား ၂၀၀ ကျော်ဝင်တယ်၊ အခန်းမလောက်လို့ ပြန်သွားရတာတွေရှိတယ်။ အရင်နှစ်နဲ့စာရင် ဒီနှစ်မှာ ခရီးသွားနည်းပေမယ့် ခရီးသွားဧည့်သည် လုံးဝပြတ်သွားတာမျိုးတော့မရှိပါဘူး။  ပြည်ပခရီးသွားအနေနဲ့ အမေရိကန်၊ ရုရှား၊ ဗြိတိန်၊ အီတလီ၊ ထိုင်း၊ ဖီလစ်ပိုင် နိုင်ငံတွေက လာကြတာများတယ်။ တခြားနိုင်ငံ တွေကလည်း လာရောက်ကြပါတယ်။ ဝါးအလယ်ကျွန်းရဲ့ ထူးခြားချက်က ကုန်းနေ/ရေနေ သယံဇာတ ကြွယ်ဝတာ၊  သဘာဝအတိုင်းပြုပြင်မထားဘဲတည်ရှိနေတာတွေပါ။ ဒီလို သဘာဝ အတိုင်း လှပတဲ့အတွက်  ပြည်ပခရီးသွားတွေက နှစ်သက်ကြတယ်။”ဟု လန်ပိအဏ္ဏဝါ အမျိုး သားဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးကြည်ဦးက ပြောသည်။

ဝါးအလယ်ကျွန်းသဘာဝအခြေခံအပန်းဖြေစခန်းသို့ သင်္ကြန်ကာလတွင်လည်းပြည်တွင်းပြည်ပခရီးသွားဝင်ရောက်မှုများကြောင်း အဆိုပါ အပန်းဖြေစခန်းမှ သိရသည်။

ဝါးအလယ်ကျွန်းသို့ ပြည်တွင်း၊ ပြည်ပခရီးသွားများ လာရောက်လည်ပတ်ပါက ရေအောက်သန္တာကျောက်တန်းများအလှကို ကြည့်ရှုခြင်း၊ လှိုင်းစီးခြင်း၊ ကယက်လှေစီးခြင်း၊ ဒီရေတောနှင့်အမြဲစိမ်းတောအလှကို ကြည့်ရှုခြင်း၊ ရေနေ/ကုန်းနေသတ္တဝါများ၊ ရှားပါးအပင်များနှင့် ပင်လယ်လိပ်များကို ကြည့်ရှုခြင်း၊ အဏ္ဏဝါအလှနှင့် နေဝင်ဆည်းဆာသဘာဝအလှကို ကြည့်ရှုခံစားခြင်းနှင့် အေးချမ်းလှပသည့် ပင်လယ်ပြင်နှင့် ကျွန်း၏ သဘာဝအလှကို ကြည့်ရှုလေ့လာခြင်းတို့  ဆောင်ရွက်ကြလေ့ရှိကြောင်း သိရသည်။

သစ္စာ(MNA)၊ ဓာတ်ပုံ - လန်ပိ အဏ္ဏဝါအမျိုးသားဥယျာဉ်     

Source: https://myawady.net.mm/