အီရန်က ၎င်း၏စစ်တပ်အား အမြင့်ဆုံးအဆင့် တပ်လှန့်မှုပြုလုပ်ရန် ထုတ်ပြန်

News Image

  • အီရန်က ၎င်း၏စစ်တပ်အား အမြင့်ဆုံးအဆင့် တပ်လှန့်မှုပြုလုပ်ရန် ထုတ်ပြန်

အီရန်နိုင်ငံသည် ၎င်း၏စစ်တပ်အား အမြင့်ဆုံးအဆင့်တပ်လှန့်မှု ထုတ်ပြန် ထားပြီး အမေရိကန်စစ်စခန်းများတည်ရှိသည့် အိမ်နီးချင်းနိုင်ငံများအား အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုများကို အားပေးထောက်ပံ့ခြင်း မပြုရန် သတိပေးလိုက်ကြောင်း ရိုက်တာသတင်းဌာန၏ ဧပြီ ၆ ရက် ဖော်ပြချက်အရ သိရှိရသည်။

အမေရိကန်သမ္မတ Donald Trump က အီရန်ခေါင်းဆောင် Ayatollah Ali Khamenei ထံသို့ အီရန်၏နျူကလီးယားအစီအစဉ်ကို ရပ်တန့်ရန် တိုက်ရိုက်ဆွေးနွေးနိုင်ရေး တိုက်တွန်းထားသည့် စာတစ်စောင် ပေးပို့ခဲ့ ပြီးနောက် ထိုကဲ့သို့တပ်လှန့်မှုထွက်ပေါ်လာခြင်းဖြစ်သည်။ ထရမ့်က သဘောတူညီချက်အသစ်မရရှိပါက ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်မည် ဟု ခြိမ်းခြောက်ထားသည်။

နျူကလီးယားလက်နက်များ တပ်ဆင်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းနေသည် ဟု ပြောဆိုမှုများကိုငြင်းဆိုထားသော အီရန်အစိုးရက တိုက်ရိုက် ဆွေးနွေးရန် တောင်းဆိုမှုကို ပယ်ချခဲ့သည်။နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi က ထိုအဆိုပြုချက်သည် အဓိပ္ပာယ်မရှိသောလုပ်ရပ်ဖြစ်ပြီး တောင်းဆိုမှု၏ ရိုးသားမှုကို သံသယရှိကြောင်း ပြောကြားခဲ့သည်။ “ဆွေးနွေးလိုပါက ခြိမ်းခြောက်နေရခြင်း၏ အဓိပ္ပာယ်ကိုနားမလည်” ဟု ၎င်းက ပြောဆိုခဲ့သည်။

ရိုက်တာသတင်းဌာန၏ဖော်ပြချက်အရ အီရန်သည် အီရတ်၊ကူဝိတ်၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ကာတာ၊တူရကီနှင့်ဘာရိန်းနိုင်ငံများထံ အကြောင်းကြားစာများပေးပို့ခဲ့ပြီး အမေရိကန်စစ်တပ်အား ၎င်းတို့၏ နယ်မြေ သို့မဟုတ် လေကြောင်းကို အသုံးပြုခွင့်ပေးပါက ရန်လိုမှု အဖြစ် သတ်မှတ်မည်ဟု သတိပေးခဲ့သည်။ အမည်မဖော်လိုသူ တာဝန်ရှိသူ တစ်ဦးက “ထိုသို့ပြုလုပ်ပါက ၎င်းတို့အတွက် ပြင်းထန်သော အကျိုးဆက် များ ရှိလာမည်” ဟု ပြောကြားခဲ့သည်။

အဆိုပါသတင်းတွင် အီရန်ခေါင်းဆောင် Ayatollah Ali Khamenei က ၎င်း၏စစ်တပ်အား အမြင့်ဆုံးအဆင့်တပ်လှန့်မှုပြုလုပ်ရန် အမိန့်ပေးခဲ့သည် ဟု ဖော်ပြထားသည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂