ရုရှားနှင့် ထပ်မံပြုလုပ်မည့်အစည်းအဝေး၏ ရက်စွဲနှင့် အစီအစဉ်များကို ဝါရှင်တန်ကြေညာ
အမေရိကန်-ရုရှား သံတမန်ဆက်ဆံရေး မြှင့်တင်ရန် ရည်ရွယ်သည့် ထပ်မံကျင်းပမည့် ဆွေးနွေးပွဲကို ဧပြီ ၁၀ ရက် (ကြာသပတေး) နေ့တွင် တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့၌ ကျင်းပမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုခဲ့သည်။
ဝါရှင်တန်နှင့် မော်စကိုတို့သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တာဝန်ယူချိန်မှစ၍ အဆင့်မြင့်အစည်းအဝေးများ မကြာခဏပြုလုပ်ခဲ့ပြီး လာမည့်ရက်အနည်းငယ်အတွင်း နောက်ထပ်ဆွေးနွေးပွဲများ ကျင်းပရန် စီစဉ်နေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၈ ရက် (အင်္ဂါ) နေ့က ထုတ်ပြန်ခဲ့သည်။
“ဧပြီလ ၁၀ ရက်နေ့တွင် အမေရိကန်နှင့် ရုရှားကိုယ်စားလှယ် အဖွဲ့ များသည် အစ္စတန်ဘူလ်တွင် ဒုတိယအကြိမ်ဆွေးနွေးရန် စီစဉ်ထားပြီး၊ နှစ်နိုင်ငံသံတမန်ရေးရာ လုပ်ငန်းဆောင်တာများ ပိုမိုတည်ငြိမ်စေရေး အတွက် တိုးတက်မှုရရှိရန်ကြိုးပမ်းမည်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တမ်မီဘရုစ်က ထိုနေ့နောက်ပိုင်း သတင်းစာ ရှင်းလင်းပွဲတွင် အတည်ပြုပြောကြားခဲ့သည်။
အမေရိကန်အရာရှိက အဆိုပါဆွေးနွေးပွဲသည် “သံရုံးလုပ်ငန်းများနှင့်သာ သက်ဆိုင်ပြီး၊ ရုရှားနှင့် ယူကရိန်းအကြား ငြိမ်းချမ်းရေး မရရှိသေးသရွေ့ နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ရန် ဆွေးနွေးခြင်းမဟုတ်” ဟု ထပ်လောင်း ရှင်းပြခဲ့သည်။
“အဆိုပါအစည်းအဝေးတွင် နိုင်ငံရေး သို့မဟုတ် လုံခြုံရေးဆိုင်ရာ အကြောင်းအရာများ မပါဝင်သလို၊ ယူကရိန်းနှင့်ပတ်သက်သော အချက် အလက်များလည်း လုံးဝမပါဝင်ပါ” ဟု ၎င်းမှ ဖြည့်စွက် ပြောကြားခဲ့သည်။
မကြာသေးမီနှစ်များအတွင်း ရုရှားနှင့် အမေရိကန်တို့သည် တစ်ဖက်နှင့် တစ်ဖက် သံရုံးဝန်ထမ်းများ လျှော့ချခြင်း၊ ဘဏ်လုပ်ငန်း ကန့်သတ်ချက် များချမှတ်ခြင်းနှင့် သံတမန်ဆိုင်ရာ ပိုင်ဆိုင်မှုများကို သိမ်းဆည်းခြင်းများ ပြုလုပ်ခဲ့ကြသည်။ ၂၀၂၂ ခုနှစ်တွင် ယူကရိန်းပဋိပက္ခ ပိုမိုဆိုးရွားလာခြင်း က တင်းမာမှုများကို ပိုမိုနက်ရှိုင်းစေပြီး အခြားအရေးယူမှုများကိုလည်း ဖြစ်ပေါ်စေခဲ့သည်။
သို့သော် ထရမ့်သည် ဘိုင်ဒင်လက်ထက်မူဝါဒများစွာမှ ခွဲထွက်လာကာ ယူကရိန်းပဋိပက္ခကို အမြန်ဖြေရှင်းရန်နှင့် နှစ်နိုင်ငံဆက်ဆံရေးကို အသစ် တဖန်စတင်ရန် တိုက်တွန်းခဲ့သည်။ ရုရှားနှင့် အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့များကြား ပထမဆုံးအစည်းအဝေးကို ဖေဖော်ဝါရီ ၁၈ ရက်တွင် ရီယာ့ဒ်မြို့၌ ကျင်းပခဲ့ပြီး သံရုံးလုပ်ငန်းများ ပြန်လည်စတင်ရေး နှင့် ကန့်သတ်ချက်များ လျှော့ချရေးကို အဓိကထားဆွေးနွေးခဲ့ကြသည်။ ဖေဖော်ဝါရီ ၂၇ ရက်တွင် အစ္စတန်ဘူလ်မြို့၌ ကျင်းပခဲ့သော နောက် ဆက်တွဲ အစည်းအဝေးတွင် သံတမန်ရေးရာ ငွေကြေးထောက်ပံ့မှုနှင့် ရုရှား၏ တိုက်ရိုက်လေကြောင်းခရီးစဉ်များ ပြန်လည်စတင်ရေး အဆိုပြု ချက်များကို ဆွေးနွေးခဲ့ကြသည်။
မော်စကိုအစိုးရ၏ ပြောကြားချက်အရ ထိုအပတ်အတွင်း ကျင်းပမည့် အစည်းအဝေး၏ နေရာ၊ ပုံစံနှင့် ပါဝင်သူများမှာ ယခင်အတိုင်း ပြောင်းလဲ မည်မဟုတ်ပေ။ ရုရှားကိုယ်စားလှယ်အဖွဲ့ကို ဝါရှင်တန်ရှိ ရုရှား သံအ မတ်ကြီး အလက်ဇန်းဒါ ဒါချီအက်ဗ်က ဦးဆောင်မည်ဖြစ်ပြီး အမေရိကန် ဘက်မှ ယူရေးရှားကိစ္စရပ်များဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ လက်ထောက်အတွင်းဝန် ဆိုနာတာ ကိုလ်တာက ဦးဆောင်မည် ဖြစ်သည်။
ကိုးကား-RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂