တရုတ်သမ္မတ ရှီကျင့်ဖျင် နိုင်ငံတော်ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဗီယက်နမ်နိုင်ငံသို့သွားရောက်၊ ကုန်သွယ်ရေးစစ်ပွဲသည် အနိုင်ရသူရှိမည်မဟုတ်ဟုပြောကြား
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင်သည် နိုင်ငံတော်ချစ်ကြည်ရေး ခရီးစဉ်တစ်ရပ်အဖြစ် ဧပြီလ ၁၄ ရက်က ဗီယက်နမ်နိုင်ငံကို ရောက်ရှိလာခဲ့ ပါသည်။ဟနွိုင်းမြို့ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိချိန် တွင် ကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့ရာ၌ ရှီက ၎င်း၏ လေးကြိမ်မြောက် နိုင်ငံတော်ခရီးစဉ်အဖြစ် ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး တိုလမ်နှင့် ဗီယက်နမ်သမ္မတ လွမ်ကုန်း(Luong Cuong) တို့၏ ဖိတ်ကြားချက်တွေအရ လာရောက်လည်ပတ်ရ၍ အလွန် ဝမ်းမြောက်မိကြောင်း ဖော်ပြခဲ့ပါသည်။
ကြေညာချက်တွင် တရုတ်နိုင်ငံကွန်မြူနစ်ပါတီ၊ တရုတ်အစိုးရနှင့် တရုတ် ပြည်သူတို့ကိုယ်စား ညီအစ်ကိုတော်ဖြစ်သည့် ဗီယက်နမ်ကွန်မြူနစ်ပါတီ၊ ဗီယက်နမ်အစိုးရနှင့် ဗီယက်နမ်ပြည်သူတို့ကို နှုတ်ဆက်စကားများပြောကြား ပါကြောင်းနှင့် ဆုမွန်ကောင်းများတောင်းပါကြောင်း ဖော်ပြခဲ့ပါသည်။
ရှီက ယခုနှစ်သည် ဗီယက်နမ်ကွန်မြူနစ်ပါတီ တည်ထောင်မှု ၉၅ နှစ်ပြည့် မြောက်သည့်နှစ်၊ ဗီယက်နမ်နိုင်ငံထူ ထောင်မှု နှစ် ၈၀ မြောက်သည့်နှစ်နဲ့ တောင်ဗီယက်နမ်လွတ်မြောက်မှု အနှစ် ၅၀ ပြည့်သည့် နှစ်တို့ဖြစ်ပြီး ဗီယက်နမ် ကွန်မြူနစ်ပါတီအနေဖြင့် ပါတီနှင့်နိုင်ငံထူထောင်မှု နှစ်တစ်ရာပြည့် ရည်မှန်းချက်နှစ်ရပ်ကို သဘောပေါက်စေခြင်းဖြင့် ပြည်သူများကို စည်းလုံး ညီညွတ်စွာ ဦးဆောင်ခဲ့ကြောင်းလည်း ပြောခဲ့ပါသည်။
ဆက်လက်၍ သမ္မတရှီက ဗီယက်နမ်နိုင်ငံအနေဖြင့် လူနေမှုအဆင့် အတန်းများ ပုံမှန်တိုးတက်လာခြင်း၊ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသဆိုင်ရာသြဇာလွှမ်းမိုးမှုများ ဆက်လက် တိုးတက်လာနေခြင်းတို့အတွက် တရုတ်အစိုးရအနေဖြင့် ဝမ်းမြောက်ကြောင်းနှင့် ဗီယက်နမ်နိုင်ငံအနေဖြင့် ဆိုရှယ်လစ်စနစ် အောက် တွင် စက်မှုလုပ်ငန်းခေတ်မီစေရေး အထူးဆောင်ရွက်နိုင်ခဲ့ ကြောင်းလည်း ရှီက ပြောခဲ့ပါသည်။
ထို့အပြင် သမ္မတ ရှီက မိမိပြည်တွင်းလုပ်ငန်းများကို ပြည်ပနိုင်ငံများနှင့် ယှဉ်ပြိုင်မှုကို ကာကွယ်သည့်မူဝါဒသည် မည်သည့်ကောင်းကျိုးကိုမျှ ဖြစ်စေနိုင်မည်မဟုတ်သကဲ့သို့ ကုန်သွယ်ရေးစစ်ပွဲကလည်း အနိုင်ရသူ ရှိမည် မဟုတ်ကြောင်း သတိပေးပြောကြားခဲ့ပါသည်။
ကိုးကား- MT News