တောင်ကြီးမြို့တွင် ဘိလပ်မြေအတုရောင်းချနေသူများ ဖမ်းဆီးရရှိ
ဘိလပ်မြေကို ကျောက်မှုန့်များနှင့် ရောစပ်ပြီးရောင်းချနေသူကို တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် ဧပြီ ၂၃ ရက်က ဖမ်းဆီးလိုက်ကြောင်း ဒေသခံများထံမှသိရသည်။ ဧပြီ ၂၃ ရက်နေ့တွင် သုံးစွဲသူများ၏ တိုင်ကြားမှု အရ အေးသာယာ မြို့၊ ရပ်ကွက် (၅) ရှိ ပြည့်စုံအောင် အိမ်ဆောက် ပစ္စည်းအရောင်းဆိုင်၏ ဘိလပ်မြေဂိုထောင်ကို တာဝန်ရှိသူများကသွားရောက်စစ်ဆေးခဲ့ရာ ဘိလပ်မြေကို ကျောက်မှုန့်များ ရောစပ်နေကြောင်း တွေ့ရှိခဲ့သဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်းသိရသည်။
စစ်ဆေးရာတွင် CANDA တံဆိပ်ဘိလပ်မြေ ၆ ဘီးကားတစ်စီး၊ ကျောက်မှုန့် ရောစပ်ပြီးဖြစ်သည့် Shan Yoma၊ APACHE ၊ ကြံ့နှစ်ကောင် တံဆိပ်ပါ ဘိလပ်မြေအိတ် ၄၇၉ အိတ်၊ ကျောက်မှုန့်အိတ် ၅၃၅ အိတ်၊ တံဆိပ် မျိုးစုံပါ ဘိလပ်မြေအိတ်ခွံ ၃သောင်းကျော်နှင့် ဘိလပ်မြေရောစပ်ရာတွင် အသုံးပြုသော ကိရိယာများကို သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
အေးသာယာနယ်မြေရဲစခန်းမှ ဆိုင်ပိုင်ရှင်ဖြစ်သူ ဦးစိုးတင့်အောင်(ခ) မောင်စိုးနှင့် အလုပ်သမား ၇ ဦးကို လိမ်လည်မှု၊ ကုန်ပစ္စည်းအတု ထုတ်လုပ်မှု၊ လိမ်လည်ရန် အားပေးကူညီမှု ပုဒ်မများဖြစ်သည့် ရာဇသတ် ကြီး ပုဒ်မ ၄၂၀၊ ၄၆၈၊ ၄၈၆၊ ၁၁၄ တို့ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။
မတ်၂၈ ရက်က ဖြစ်ပွားခဲ့သည့် ငလျင်အပြီး ဝယ်လိုအား မြင့်တက်လာသည့် အိမ်ဆောက်ပစ္စည်းများတွင် ဘိလပ်မြေအိတ်များကို အမြတ် ၁၀ ရာခိုင်နှုန်း အထက် ရောင်းချနေသည့် ရှမ်းတောင် မြို့နယ် ၃ ခု အတွင်းရှိ အိမ်ဆောက် ပစ္စည်းဆိုင် ၃၀၀ကျော်အား စစ်ဆေးခဲ့ရာ ၃၂ ဆိုင် တွေ့ရှိခဲ့ကြောင်း သိရသည်။
ကိုးကား-NP News