ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်းဈေးမြှင့် ရောင်းသူများ စတင် အရေးယူနေ
နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်(၆)ခုတို့တွင် ဘိလပ်မြေအပါအဝင် အိမ်ဆောက်ပစ္စည်းများကို ဝယ်ရင်းဈေးထက် ဈေးနှုန်းမြင့်မားစွာ မြှင့်တင်ရောင်းချနေသည့် အရောင်းဆိုင် (၆၀)ကျော် ကို စစ်ဆေးတွေ့ရှိခဲ့ပြီး အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ သိရသည်။ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် ဖြစ်ပွား ခဲ့သည့် မန္တလေးမြေငလျင်ကြီး လှုပ်ခတ်မှုနှင့်ဆက်စပ်၍ ဈေးကွက်တွင် ဘိလပ်မြေဝယ် လိုအားမြင့်တက်ခဲ့ခြင်းကြောင့် ဈေးနှုန်းအဆမတန် မြှင့်တင် ရောင်းချခြင်းမရှိစေရေးအတွက် ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးလျက် ရှိကြောင်း၊ စစ်ဆေးမှုကို နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ရှိ မြို့ကြီးအချို့တွင် ရောင်းဝယ်လျက်ရှိသည့် ဆောက်လုပ်ရေးပစ္စည်းဆိုင်များကို တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့များက ဧပြီလ(၂၃)ရက်တွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထိုသို့စစ်ဆေးချက်အရ နေပြည်တော်ကောင်စီ နယ်မြေ အတွင်းရှိ မြို့နယ်(၈)မြို့နယ်မှ ဆောက်လုပ်ရေးသုံး ပစ္စည်းဆိုင် (၅၉)ဆိုင်၊ ဂိုထောင် (၁)လုံးတို့ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၃၄) မြို့နယ်မှ ဆောက်လုပ်ရေးသုံးပစ္စည်းဆိုင် (၈၇) ဆိုင်နှင့် ပြည်ပမှဘိလပ်မြေတင်သွင်းရောင်းချ သည့်ကုမ္ပဏီ (၃) ခု တို့ကို လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၁၁)မြို့နယ်မှ ဆောက်လုပ်ရေးသုံးပစ္စည်းဆိုင် (၈၈) ဆိုင်တို့ကိုလည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ စစ်ကိုင်းမြို့နယ်မှဆောက်လုပ်ရေးသုံး ပစ္စည်းဆိုင် (၄) ဆိုင် တို့ကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၃) မြို့နယ်မှ ဆောက်လုပ်ရေးသုံးပစ္စည်းဆိုင် (၁၉)ဆိုင်တို့ကိုလည်းကောင်း၊ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်(၃)မြို့နယ်မှ ဆောက်လုပ်ရေးသုံးပစ္စည်း ဆိုင်(၅၉)ဆိုင်တို့ကိုလည်းကောင်း၊ စုစုပေါင်းဆောက်လုပ်ရေးသုံးပစ္စည်း ဆိုင်ပေါင်း (၃၂၀)ဆိုင်ကို ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးခဲ့ကြောင်း သိရ သည်။ ဆောက်လုပ်ရေးပစ္စည်းဆိုင်ပေါင်း (၃၂၀) ဆိုင်အနက် ဝယ်ရင်းဈေးထက် အမြတ်ရာခိုင်နှုန်း (၁၀) ရာခိုင်နှုန်းမှ (၁၅) ရာခိုင်နှုန်းအထိ အမြတ်ယူ ရောင်းချလျက်ရှိသည့် ဆိုင်ပေါင်း (၃၀)ဆိုင်၊ ဝယ်ရင်းဈေးထက် အမြတ်(၁၅) ရာခိုင်နှုန်းနှင့်အထက် အမြတ်ယူရောင်းချလျက်ရှိသည့် ဆိုင်(၃၂)ဆိုင်နှင့် ဘိလပ်မြေအိတ်များကို မသမာသည့် နည်းလမ်းဖြင့် ပြုလုပ်ရောင်းချသည့် ဆိုင်(၁)ဆိုင်တို့ကို စစ်ဆေးတွေ့ရှိခဲ့ရပြီး ထိုသူများ ကို တည်ဆဲဥပဒေများနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဆက်လက်၍လည်း အိမ်ဆောက်ပစ္စည်းများကို ဈေးနှုန်း မြင့်မားစွာမြှင့်တင် ရောင်းချနေသူများကိုလည်း ဖော်ထုတ်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုးကား-NP News